Showing posts with label ကိုယ်တိုင်ရေး. Show all posts
Showing posts with label ကိုယ်တိုင်ရေး. Show all posts

Tuesday, April 23, 2013

နက်တဲ့ ဒဏ်ရာ ...

ဒဏ်ရာရှိနေပြီးသား အနာတစ်ခုကို
နောက်ထပ်တခါ ဒဏ်ရာတွေ ထပ်ပေးတော့
နာကျင်မှုက ကျွန်မဘ၀ရဲ့ လက်တွဲဖော် ဖြစ်မှန်းမသိဖြစ်လို့..

အသီးအပွင့်တွေ မဝေဆာနိုင်တာကို သိလျက်နဲ့
အဆိပ်ပင်ကို ထပ်ခါထပ်ခါ ရေလောင်းမိပြန်တော့
နောက်ဆုံး ရရှိခဲ့တာက ဗလာနထ္ထိ

တူညီတဲ့ခံစားချက်တချို့ ရလိုရငြားဆိုတဲ့
အတွေးတွေကို ရင်မှာ ပိုက်လို့
သူ့ဇာတ်မျောထဲမှာ လိုက်ပါစီးနင်းရင်း
တကယ်တန်း ဒဏ်ရာတွေ မချိမဆန့် ဖြစ်လာတော့
ကူရာကယ်ရာတွေမဲ့လို့....

Wednesday, February 6, 2013

ဖန်ဆင်းရှင်

ပျော်ရွှင်မှုတွေ ဖလှယ်
နားလည်မှုတွေနဲ့ ပွေ့ဖက်
သံယောဇဉ်တွေနဲ့ တုပ်နှောင်
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဒုက္ခတွေကို မကြောက်
သုခတွေရဲ့ကြားမှာ
ယုံကြည်ချင်းတွေ တပွေ့တပိုက်နဲ့
အားလုံးကျရှုံးခဲ့ဖူးပါတယ်..

အနာဂတ်တွေကိုလည်း မတွေး
နေ၀င်ချိန်တွေကိုလည်း မေ့မြော
ချစ်သူ့ရဲ့ ရင်ခွင်သာ
ကျွန်မရဲ့ ငြိမ်းချမ်းရာလေးလို့
တကယ် မှတ်ထင်ခဲ့တယ်လေ..

သူပြောတဲ့ ဆိုးတူကောင်းဖက်
ဒိုးတူဘောက်ဖက် ဆိုတဲံစကားရဲ့ အနက်တွေကို
သေသေချာချာတွေးကြည့်
ကြည်နူးချင်း တ၀က် ရင်ခုန်ခြင်း တဖုံ
အချစ်မျက်ဝန်းတစ်စုံကသာ
ကျွန်မရဲ့ အရာရာ.. ကျွန်မရဲ့ အနာဂတ်..
ကျွန်မရဲ့ မျှော်လင့်ချင်း.. ကျွန်မရဲ့ အိပ်မက်တွေပါပဲလေ..






Saturday, August 25, 2012

ရင်ဝှက်ဆန္ဒ

ချစ်သူ

ကြယ်စင်လိုဖြူစင်တဲ့ နင့်မျက်လုံးလေးတွေ
ကလေးတစ်ယောက်လို ချွဲနွဲ့တတ်တဲ့ နင့်အမူအရာတွေ
ပြုံးလိုက်တိုင်း ပေါ်လာတဲ့ ပါးချိုင့်နက်နက်လေးတွေ
နင့်ရဲ့ ရယ်သံလွင်လွင်လေးတွေကို
အရိုးသားဆုံးဝန်ခံရရင် ငါ … ချစ်တယ်

ချစ်သူ

အရပ်မြင့်တဲ့နင့်ကို မော့ကြည့်ရတဲ့ အခါတိုင်း
နင့်ရင်ခွင်ကျယ်ရဲ့ နွေးထွေးမှုကို တမ်းတမိတဲ့အခါတိုင်း
ရင်ထဲမှာ သိမ့်နွေး
တထိတ်ထိတ်ခုန်လာတဲ့ ရင်ခုန်သံနဲ့အတူ
နင့်ကိုချစ်ခဲ့တာ ခဏတာအတွက်မဟုတ်ပဲ တစ်ဘဝစာအတွက်ဆိုရင် နင်ယုံမလားဟင် …

ချစ်သူရေ …

နင်မသိခဲ့တဲ့ ငါဟာ
တကယ်တော့…
နင်ပေးမယ့် ပျော်ရွှင်မှုထက် နားလည်မှုကို ပိုတောင့်တခဲ့တာပါ
နင်ပေးမယ့် သာယာမှုထက် ဖြူစင်ခြင်းတွေကို ပိုတန်ဖိုးထားခဲ့တာပါ
နင်ပေးမယ့် အကြင်နာထက် နင့်ရဲ့ ဝေဒနာတွေကို နားလည်တက်ခဲ့ချင်တာပါ
နင်ပြောမဲ့စကားတွေထက် နင်မပြောဖြစ်ခဲ့တဲ့စကားတွေကို ပိုကြားချင်မိခဲ့တာပါ

ခုတော့ကွယ်
ရာသီစက်ဝန်းတောင် တစ်ပတ်လည်သွားခဲ့ပြီ...
ငါ့ရင်ထဲက ဆန္ဒတွေ နင် မမှန်းဆနိုင်ခဲ့တဲ့ နောက်
အမှတ်တမဲ့ဖြစ်စေ
တမင်တကာပဲဖြစ်စေ
အမှတ်တရဒဏ်ရာတွေ တူးဆွမိချိန်တွေမှာဖြစ်စေ..
နင့်အတွက် ဆုတောင်းလေး ငါ ပြုပါရစေ …

ချစ်သူ.....
နာကျင်မှုတွေနဲ့ ဝေးပါစေ …
ပျော်ရွှင်ခြင်းတွေ ထာဝရ ပိုင်ဆိုင်နိုင်ပါစေ …
ကြင်နာတတ်တဲ့ ရင်ငွေ့ နွေးနွေးတစ်စုံအောက်မှာ ထာဝရပျော်ရွှင်နိုင်ပါစေသားကွယ် …။
Sulaynge

Tuesday, August 21, 2012

နွံ

နွံဆိုတာကို ကြောက်လို့ သံယောဇဉ်နဲ့ ဝေးဝေးနေခဲ့မိတယ်
နွံဆိုတာကိုကြောက်လို့ မသိစိတ်နှင့်သိစိတ်ကို အတန်တန် သတိပေးခဲ့တယ်..
အဲ့ဒီ နွံဆိုတာကို ကြောက်လို့ပဲ အရာရာကို သံသယနဲ့ကြည့်တတ်ခဲ့တယ်..
အဲ့ဒီနွံနဲ့ ဝေးအောင် ကိုယ့်ကိုယ်ကို အံဝင်ခွင်ကျအောင် ဇယားချထားတတ်တယ်…
အဲ့ဒီနွံနဲ့ ဝေးအောင် တစ်ယောက်တည်းနေတတ်အောင် ကာလအတော်ကြာ ကြိုးစားခဲ့မိတယ်..

ဒီလိုအတန်တန် ကိုယ့်ကိုယ်ကို သတိပေးနေရက်က မထင်မှတ်တဲ့အချိန် အဲ့နွံထဲမှာ ကျွန်မနစ်နေခဲ့တယ်..
ဟုတ်တယ် ကျွန်မ ဘယ်အချိန် နစ်မှန်းမသိလိုက်ပေမယ့် သိလိုက်တဲ့အချိန်မှာ တော်တော် နစ်နေခဲ့တယ်

ဒီနွံထဲကို ကျွန်မကို သူဆွဲခေါ်ခဲ့တယ်..
ဒီနွံထဲမှာ ပျော်အောင် သူဖန်းတီးခဲ့တယ်..
ဒီနွံထဲမှာပဲ သူ့စိတ်ကူးယဉ်အိပ်မက်တွေကို နားထောင်ခဲ့ရဖူးတယ်..
ဒီနွံတွေထဲမှာပဲ ကျွန်မတို့ မကြာခဏ စိတ်ကောက်ဖြစ်ခဲ့ကြတယ်..
ဒီနွံထဲမှာပဲ တစ်ယောက်အသက်ရှုသံ သဲ့သဲ့ကို တစ်ယောက် ခံစားတတ်ခဲ့ကြတယ်..

ဒီနွံထဲမှာပဲ သူ့ရင်ခုန်သံတွေကို ကျွန်မ နားစွင့်တတ်လာတယ်…
ဒီနွံထဲမှာပဲ သူ့လက်ကို ကျွန်မ မရဲတရဲ ဆုပ်ကိုင်တတ်လာတယ်..
ဒီနွံထဲမှာပဲ အပြန်အလှန် တိတ်တခိုး သတိတွေရနေတတ်ခဲ့တယ်..
ဒီနွံထဲမှာပဲ ကျွန်မတို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်..

ဒီနွံထဲမှာပဲ သံယောဇဉ်တွေ ထပ်ထပ်တိုးလာတယ်…
ဒီနွံထဲမှာပဲ ကျွန်မတို့ အပြန်အလှန် သ၀န်တိုမှုတွေဖြစ်လာတယ်..
ဒီနွံထဲမှာပဲ ရှေ့ရေးအတွက် အိပ်မက်တွေ မက်တတ်လာတယ်…
ဒီနွံထဲမှာပဲ… ဒီနွံထဲမှာပဲ…. ဒီနွံထဲမှာပဲ…. ဒီနွံထဲမှာပဲ ကျွန်မတို့ နစ်သထက် ပို နစ်လာကြတယ် ..

Thursday, February 23, 2012

အတိတ်ကအရိပ်..

တွယ်တာမှုဆိုတဲ့စကားရဲ့နောက်က သံယောဇဉ်တွေကို ကြောက်မိတယ်... ဆုံးရှုံးမှုဆိုတဲ့ စကားလုံးရဲ့နောက်က ကျဆုံးမှုတွေလည်း ငါမလိုချင်တော့ဘူး ချစ်သူရယ်... အလွမ်းတွေနဲ့လည်း မနိုးထချင်တော့ဘူး… ရင်ခွင်ဟောင်းဆီလည်း ပြန်မတိုးဝင်ချင်တော့ပါဘူး.. ဒါပေမယ့်လည်း …. ဒါပေမယ့်လည်းပေါ့လေ... အပြုံးလေးတခုကြောင့် အားအင်တွေပြည့်ခဲ့ဖူးတာကိုတော့ မှတ်မှတ်ရရပါပဲ.... နင်ပြောခဲ့တဲ့ သတိရသေးလားဆိုတဲ့ စကားရဲ့နောက်မှ ကျရှုံးတတ်တဲ့ ငါ့ကိုယ်ငါလည်း စိတ်ပျက်မိပါရဲ့... လေပြေလေညှင်းတွေ တိုက်ခက်ပေမယ့် ငါ့ရင်ထဲမှာ ပူလောင်နေတာ ဘယ်သူသိမှာလဲ... အပေါ်ယံမျက်နှာ ပြုံးနေပေမယ့် ငါ့စိတ်ထဲမှာ သက်ပြင်းတွေအခါခါချနေတာ ဘယ်သူသိမှာလဲ.. အရင်က အတူပျော်ရွှင်ခဲ့ဖူးပေမယ့် ခုချိန် အဖော်မဲ့တဲ့ ခံစားချက်တွေကို ဘယ်သူရိပ်မိမှာလဲ.... တခါတရံမှာ ခံစားချက်တွေ ချိုမြိန်နေပေမယ့် တခါတရံမှာ ဒီခံစားချက်ကြောင့် စိတ်ချောက်ခြားမိတယ်.. အတူဆုံဖူးတယ်..ရင်ခုန်ဖူးတယ်……ငိုခဲ့ဖူးတယ်…သ၀န်တိုဖူးတယ်..ရန်ဖြစ်ဖူးတယ်….. သူငယ်ချင်းနှစ်ယောက်နဲ့ ချစ်သူတစ်ယောက်ရဲ့ကြားမှာ ဗျာများခဲ့ဘူးတယ်.... ရူးရူးမိုက်မိုက်နဲ့ ရှေ့ဆက်တိုးဖို့ ကြိုးစားဖူးတယ်… အများစကားနားယောင်ပြီး ခြေလှမ်းတွေလည်း နောက်ဆုတ်ဖူးတယ်….. အရာရာကို တွေးကြည့်လိုက်ရင် မနေ့တနေ့ကလိုပါပဲ.. ငါလိုချင်ခဲ့တာက ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ… ငါရခဲ့တာက ပူလောင်မှုတွေနဲ့ ပြည့်နေတဲ့ အချစ်တခု… ဘာပဲဖြစ်ဖြစ် ငါလေ တကယ် ကျေနပ်ခဲ့ပါတယ်...

Thursday, February 9, 2012

တွေးမိတွေးရာ...

အခုတလော မပျော်ဘူး... ဘာဖြစ်နေမှန်းလည်းကိုယ့်ကိုယ်ကိုယ်မသိ..လိုတာမရ ရတာမလိုလို့ ပြောရင်လည်း အဲဒါအပျိုကြီးရောဂါ လို့ အပြောခံရဦးမယ်... ရည်းစားထားပြန်တော့လည်း ဘဲရှုပ်တယ် အပြောခံရမယ်... မထားပြန်တော့လည်း တစ်စိတ်ရှိ အပျိုကြီး တစ်ဆိတ်ရှိအပျိုကြီး လာလာထိခိုက်ကြတယ်...အပျိုကြီးလည်း လုပ်ချင်စိတ်ရှိရင်လုပ်မှာပေါ့တော် ဟုတ်ဖူးလား... ခုချိန်ထိတော့ တစ်ယောက်တည်းနေရတာ အေးဆေးပါပဲ.. ကျွန်မရဲ့ကံဇာတာကလည်း တွေ့တဲ့လူ လိုက်တဲ့လူတိုင်းကလည်း ကြည့်လိုက်ရင် လက်ခံချင်စရာကတစ်ကွက်ကောင်းရင် နှစ်ကွက်သုံးကွက်လောက်က ဆိုးနေတယ်..ကျွန်မကပဲ တခုခုဆိုအဆုံးထိတွေးပြီး ကြောက်စိတ် ၀င်နေတာလား...သတ္တိမရှိတာလားအဆင်မပြေမှာတွေ..ဒုက္ခရောက်မှာတွေကို တွေးပူနေလားမပြောတတ်တော့.လာကြိုက်တဲ့လူတွေကပဲ လိုအပ်ချက်တွေရှိနေလားကျွန်မကပဲ ဂျေးထူနေတာလားလည်း အသေအချာမသိတော့...တချို့လူတွေကျတော့လည်း ကျွန်မနဲ့ သူတို့နဲ့အဆင်ပြေအောင် အောင်သွယ်ခိုင်းတဲ့ အောင်သွယ်တော်တွေနဲ့ပဲ ကြိုက်သွားကြတယ် ... တချို့ကျတော့လည်း နီးရာစပ်ရာ သူတို့ကို လက်ခံနိုင်မယ့် မိန်းကလေးတွေကို ရွေးချယ်သွားကြတယ်... ဒါပေမယ့် ဒါတွေက ကိစ္စတော့မရှိပါဘူး.. ကျွန်မလက်မ ခံနိုင်ပေမယ့် လက်ခံနိုင်တဲ့သူလက်ခံတာ ကျွန်မအတွက် ပြဿနာမဟုတ်ပါဘူး....ဒါပေမယ့်တခါတလေ လူတွေကို နားမလည်နိုင် ဘူး... သူတို့တွေရဲ့စိတ်တွေကပဲ အပြောင်းအလဲမြန်နေကြလား... ကိုယ်ပဲလိုက်မမှီတာလားေ သချာစဉ်းစားပြန်တော့လည်း အဖြေ ရယ်လို့ တိတိကျကျထွက်မလာ...လူငယ်သဘာဝ လွပ်လွပ်လပ်လပ်နေထိုင်တတ်ပေမယ့် တချို့နေရာတွေကျတော့ အတွေးနက်နေ တာကပဲ သူတို့အတွက် ပြဿနာတခုလိုလို.. ရှိစေတော့ ကျွန်မလည်း ကျွန်မစိတ်နဲ့ကျွန်မပဲ..သူတို့လည်းသူတို့စိတ်နဲ့သူတို့ပဲလေ.. ပြီးတော့ အစ်ကိုတစ်ယောက်က ပြောသေးတယ်ညည်းက သာမန်မိန်းကလေးတွေထက် လူရည်လည်တယ်တဲ့.. အဟက် .. အဲလို လည်တယ်ပြောခံရရင် ကျွန်မက သိပ်သဘောကျတတ်တာရှင့်.. ဒါနဲ့သူငယ်ချင်း သုံးလေးယောက်ကို မေးကြည့်လိုက်တယ်.. ငါတ ကယ်ပဲလည်လားဟင်ဆိုတော့ လည်တဲ့ထဲလည်းပါဘူး မလည်တဲ့ထဲလည်းမပါပါဘူး သာမန်ပဲတဲ့... တချို့ကကျတော့လည်း လည်ပါ တယ်တဲ့.. ကိုယ့်ကိုယ်ကိုယ်တော့ လည်တဲ့လို့ထင်မိပါဘူး... အဲ့ တခုရှိတာက လူတွေနှပ်ချလို့ မရအောင်တော့ သတိထားနေတတ် တယ်... တချို့တွေကလည်း ပြောပါတယ် ပါးနပ်တယ်တဲ့.. ကျွန်မကလည်း ကျွန်မကိုလည်တယ်တို့ ပါးနပ်တယ်လို့ပြောရင် ဘယ် လိုသဘောကျမှန်းကိုမသိတာ..ဒါလည်းရောဂါတစ်မျိုးပဲထင်တယ်နော်...စိတ်ပေါက်ပေါက်နဲ့ တွေးမိတွေးရာ ရေးမိရေးရာတွေ ရေး သွားပါတယ် ကျေးဖူးပဲနော် ပေါက်တတ်ကရတွေရေးထားတာကို အဆုံးထိသည်းခံဖတ်ပေးတဲ့အတွက်...

Wednesday, February 8, 2012

ကျွန်မ လက်စွမ်းပြထားသော စာတိုပေစများ...

မငိုတတ်ခဲ့တာကြာပြီ... ရယ်ဖို့အင်အားမရှိခဲ့တာလည်း ကြာခဲ့ပြီ... အတိတ်ကိုနောက်ပြန်လှည့်ကြည့်မိတော့ ခပ်ဝါးဝါးပုံရိပ်တွေပဲ မြင်မိတယ်... ဘယ်မှာလဲအချစ်... ဘယ်မှာလဲ ဘ၀... ဘယ်မှာလဲ သံယောဇဉ် ပါးစပ်ကတော့ ထာဝရဆိုတာကို တဖွဖွပြောခဲ့ပါတယ်... တကယ်လက်တွေ့ကျတော့ ဘာမှမဟုတ်ခဲ့ပါလားကွယ်.. လိမ်မာမှုနဲ့ဖုံးကွယ်ထားတဲ့ ဟန်ဆောင်စကားလုံးတွေကို... တကယ်ဘ၀လို့ သတ်မှတ်မိတော့လည်း ခံပေတော့ပေါ့... ကိုယ့်ကိုယ်ကို မြေစာပင် ဖြစ်ခဲ့မှန်းလည်း သိခဲ့ပါတယ်... ကိုယ့်ကို လူမိုက်ငှားခဲ့မှန်းလည်း ရိပ်မိပါတယ်... ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့မှန်းလည်း သိခဲ့တယ်... ကွယ်ရာမှာ ပြောပြောပြီး ဟားတိုက်ရယ်နေကြတာကိုလည်း သတင်းတွေကြားခဲ့ပါတယ်... သိရက်နဲ့ ထောင်ချောက်ထဲဆင်းခဲ့မိတာ ကျွန်မပဲပေါ့.. လူတွေကတော့ပြောကြတယ် ကိုယ်ဖြစ်ကိုယ်ခံတဲ့.... အင်းပေါ့လေ... ၀ဋ်ရှိသရွေ့ပေါ့...

Tuesday, February 7, 2012

ရေးချင်တာရေး တွေးချင်ရာတွေး...

ထွက်ခွာသွားချင်တဲ့ သူကိုလည်း လမ်းခင်းပေးတတ်သလို
ရပ်နားချင်တဲ့သူအတွက်လည်း အမိုးမိုးပေးမယ့်သူပါ…
နင် ၀င်လာလို့ ငါ့ဘ၀က မစိုပြေခဲ့သလို
နင်ထွက်သွားလို့လည်း ငါ့ဘ၀က ထူးပြီးခြောက်ခမ်းမသွားပါဘူး….
နင့်အပြုံးတွေမှာလည်း မယစ်မူး မသာယာတတ်သလို
နင့် အမုန်းတွေမှာလည်း မကျရှုံးတတ်တဲ့သူပါ….
နင်ရှိမှ ပျော်ရွှင်မှုတွေ ပြည့်စုံတာမဟုတ်ခဲ့သလို
နင်မရှိလည်း ငါ့ပျော်ရွှင်မှုတွေ မရပ်တန့်သွားပါဘူး…
နင်ဝင်လာတုန်းကလည်း ငါပြုံးပြခဲ့သလို
နင်ထွက်သွားတော့လည်း ငါအပြုံးမပျက်ခဲ့ပါဘူး….
နင်ရှိနေလို့လည်း ငါ့ဘ၀က သိသိသာသာမတိုးတက်ခဲ့ပေမယ့်
နင်မရှိလို့လည်း ဆုတ်ယုတ်သွားမှာမဟုတ်ပါဘူး….
နင်ဘယ်လိုအခြေအနေပဲရောက်ရာက် အထင်ကြီးနေမှာ မဟုတ်သလို
ဘယ်လိုဘ၀ပဲရောက်ရောက် အထင်သေးနေမှာလဲမဟုတ်ပါဘူးကွယ်...

အတွေးများမှသည် စကားလုံးများဆီသို့....

နိုးတ၀က်အိပ်မက်


တကယ်ဆို နားလည်မှုတွေနဲ့ မျက်လုံးအကြည့်လေး တချက်...
ချစ်ချင်းတွေနဲ့ ပြည့်နေတဲ့ နင့်ရဲ့ အပြုံးလေး တပွင့်...
ကြည်နူးမှုတွေ အပြည့်နဲ့ စကားလေးတခွန်း....
အမြဲဂရုစိုက်ပေးခဲ့တဲ့ နင့်ရဲ့ ကြင်နာမှုလေး တချို့....
ရင်ခုန်စိတ်လှုပ်ရှားစေမယ့် နင့်အပြုအမှုလေးတခု....
ဒါတွေက တခြားသူတွေအတွက် ဘာမှမဟုတ်ခဲ့ပေမယ့် ...
ငါ့အတွက်တော့ တော်တော်တုန်လှုပ်ခြောက်ချားသွားမိတယ်…
ငါ့ လက်ဖျားတွေ အေးစက်နေမိတယ်…
ငါ့ နှုတ်ခမ်းတွေ ဆွံ့အနေမိတယ်…
ရင်ခုန်သံတွေလည်း ဆူညံနေမိတယ်…
ကျေးဇူးပြုပြီး………… ငါ့ကို…..
ရင်နင့်အောင်လည်း မပြုံးပြနဲ့လား…
နာကျင်အောင်လည်း မအေးစက်ပါနဲ့လား…
နီးစပ်မှုတွေကိုလည်း မဖန်တီးပါနဲ့လား…
ချစ်ချင်းတွေလည်း သိုဝှတ်ပေးထားပါလား…
အလွမ်းတွေလည်း မထားခဲ့ပါနဲ့လား…
ယုံကြည်မှုတွေကိုလည်း မလှည့်စားပါနဲ့လား...
အိပ်မက်တွေထဲကလည်း ထွက်သွားပေးပါလား…