Showing posts with label ကိုယ်တိုင်ရေး ၀တ္တုတို... Show all posts
Showing posts with label ကိုယ်တိုင်ရေး ၀တ္တုတို... Show all posts

Friday, July 19, 2013

မာယာ



ဒီနေ့ မိုးက အနည်းငယ် အုံ့ဆိုင်းကာ လေပြေလေညှင်းကလည်း အသာအယာတိုက်ခက်နေသည်။ အပြင်က ရာသီဥတုက သာသာယာယာရှိသလို ကျွန်တော့ရင်တွင်းမှာလည်း အေးချမ်းသာယာလျှက်ရှိလေသည်။ ကျွန်တော် နေ့စဉ် မပြတ်တမ်းစောင့်ကြည့်နေသော သူမသည် ဒီနေ့ အင်မတန် လှပလွန်းနေသည်။ သူမသည် ဒီနေ့ ဂျင်းန်ဂါဝန် အပြာရောင် ဖျော့ဖျော့ ဒူးလောက်မရှိတရှိ ဂါဝန်ကို ၀တ်ဆင်ထားပြီး အဖြူရောင် ကျောပိုးအိတ်လေးကို ကျောမှာလွယ်ထားကာ ပုခုံးကျော်ကျော် ဆံပင်ပျော့ပျော့စင်းစင်းလေးတွေက ပုခုံးထက်မှာ ညင်သာစွာ ယိမ်းနွဲ့လှုပ်ရှားလျှက်။ ဖြူဖွေးလှပလွန်းသော ခြေကျင်းဝတ်များတွင် Foot chain နှစ်ခုက တစ်ဖက်တချက်စီ နေရာယူလျက် တစ်ယောက်တည်း ခပ်စိုက်စိုက်ဖြင့် လမ်းလျှောက်လာခိုက်။
“ယု”
“ ဟင် “
ကျွန်တော့ကို သူ အံ့သြနေတဲ့ မျက်လုံးအစုံနှင့် အလန့်တကြား လှည့်ကြည့်သည်။
“ဒီနေ့ တစ်ယောက်တည်းလား”
“ ဟုတ်.. ဒါနဲ့ ယုကို သိလို့လားဟင်”
ယုပြောလိုက်တဲ့ စကားပေါ်မှာ ကျွန်တော် ကျေနပ်စွာနဲ့ ပြုံးလိုက်ပြီး..
“ကျွန်တော် ယုကို သိနေတာကြာပါပြီ ကျွန်တော်နာ့မည် ခန့်နိုင်ပါ.. ယု နဲ့ ခင်ချင်လို့ပါ.. ခင်ခွင့်ပြုမယ်မလား”
‘အင်း ယူက ဘယ်သူမှန်းလည်း မသိဘူးနော်..”
“ကျွန်တော်က ယုတက်နေတဲ့ သင်တန်းကပါ”
“ ဟင် .. ဟုတ်လား၊ ဒါဆို ယူလည်း Level III တက်နေတာပေါ့.. တစ် Section ထဲတောင်မှ ယု သတိမထားမိဘူး..”
“ လူများတာကိုး ယုရဲ့.. လူက ငါးဆယ်ကျော်ရှိတယ်ဆိုတော့ ကျွန်တော်လည်း အားလုံးကို မသိသေးပါဘူး.. ယုကတော့ ဆရာစာမေးလိုက်တိုင်း ကျွန်တော်ဖြေဖို့ ပြင်တုန်း ကြားထဲကနေ ၀င်ဝင်ဖြေသွားလို့ သတိထား မိတာ”
“ အယ် .. ဟုတ်လား.. အဲ့လိုဖြစ်သွားလား.. ဆရာကလည်း သူမေးတာကို ဖြေမယ့်သူမရှိရင် ဆက်သင်ရတာ အားမရှိမှာ စိုးလို့လေ.. ယုလည်း သိပ်သိလို့တော့မဟုတ်ဘူး.. ဒါကြောင့် တခါတလေ အဆူခံရတာ”
“ ယုက တော်ပါတယ်.. မိန်းကလေးပေမယ့် ဖြတ်ထိုးဥာဏ်ကောင်းတယ်.. “
“ တကယ်လား.. ဒါဆို ယုက မုန့်လိုက်ကျွေးရတော့မှာပေါ့”
ဟုပြောပြီး သူမ ရယ်မောနေလေသည်။
“ သြော် ဒါနဲ့ ဒီနေ့သူငယ်ချင်းတွေ မပါဘဲ တစ်ယောက်တည်းပါလား၊ အရင် သူငယ်ချင်းတွေနဲ့ အမြဲတွေ့နေရတာ”
“ ဟုတ်တယ် …အရင် သူငယ်ချင်းနှစ်ယောက်နဲ့ တူတူသွားနေကြလေ ဒီနေ့ တစ်ယောက်က သိပ်နေမကောင်းချင်လို့တဲ့ .. တစ်ယောက်ကတော့ ဒီနေ့ တခြားသူနဲ့ ချိန်းထားတာရှိလို့တဲ့.. ဆရာ့ကို ခွင့်တိုင်ခိုင်းလိုက်တယ်..ဒါနဲ့ တစ်ယောက်တည်း ဖြစ်သွားတယ် ..”
“သြော်…. ဒါနဲ့ ယု ဘာစားပြီးပြီလည်း”
“ ဟင့်အင်း မစားရသေးဘူး ဒါနဲ့ နာမည်က ဘယ်သူ.. “
“ ခန့်နိုင်ပါ”
“ ဟုတ် ကိုခန့်နိုင်..”
“ု ဆရာ အိမ်စာတွေပေးလိုက်တာ တွက်လို့အဆင်ပြေလား”
“ Statistics လား၊ ABC လား”
“ Statistics လေ”
“ ပြေတယ် ကိုခန့်နိုင်.. ယုတွက်ပြီးသွားပြီ.. အခုချိန်ထိတော့ Statistics ကတော့ လွယ်နေသေးတယ်”
“ ဟုတ်တယ် ယု.. Accounting တော့ ခက်တယ်တဲ့ နည်းနည်းသတိထားရမယ်”
“ ဟုတ်တယ် ဆရာကလည်း Accounting ကို နောက်မှ သင်မယ်ထင်တယ်နော်.. ဒီနှစ်ဘာသာကို အရင်ဖြတ်နေတာဖြစ်မယ်”
“အင်း ဟုတ်လောက်မယ်..”
သူမ မျက်နှာကို ငေးကြည့်လျှက်မှ …
“ယုကို နှုတ်ဆက်ဖို့ စဉ်းစားပေမယ့် သူငယ်ချင်းတွေနဲ့ အမြဲအတူသွားလာနေတော့ လာနှုတ်ဆက်ရင် ငကြောင်ဆိုပြီး အဟားခံရမှာစိုးလို့ အခွင့်မသာခဲ့လို့ အခုမှပဲ မိတ်ဆက်ဖြစ်တာ”
“ သြော်.. သူငယ်ချင်းတွေက သဘောကောင်းပါတယ်.. သူတို့လည်း ခင်တတ်ပါတယ်..“
“ ဒါဆို ယု ကျွန်တော်တို့ သူငယ်ချင်း ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ တခုခု လိုက်ကျွေးပါရစေ..”
“ဟုတ်.. သွားကြတာပေါ့ ကိုခန့်နိုင်.. ဘယ်ဆိုင်သွားမလဲ”
“ကျွန်တော်တို့ သင်တန်းနားက ဆိုင်တစ်ဆိုင်မှာပဲ သွားစားကြရင် ကောင်းမလား”
“ ကောင်းသားပဲလေ.. ယုလည်း မနက်စာ မစားရသေးတော့ တခုခု သောက်မလား စဉ်းစားနေတာ”
စကားတပြောပြောနှင့် လျှောက်သွားရင်းမှ ယုနှင့် ကျွန်တော် သင်တန်းနားက လက်ဖက်ရည်ဆိုင်သို့ ရောက်မှန်းမသိ ရောက် လာကြပြီး နေရာရှင်းသည့် စားပွဲတွင် ၀င်ထိုင်လိုက်ကြသည်။

“ယု ဘာစားမလဲ”
“ အင်း.. နက်စ် နဲ့ ပဲပလာတာစားမယ်”
စားပွဲထိုးတစ်ဦး အနီးရောက်လာခိုက်-
“ညီလေးရေ နက်စ် တစ်ခွက်။ ကျစိမ့်တစ်ခွက်နဲ့ ပဲပလာတာတစ်ပွဲ”
“ ယု .. အသက်က ဘယ်လောက်ရှိပြီလဲ.. “ ဟု ကျွန်တော် မေးလိုက်တော့ သူမက ဆိုင်ကကောင်လေး လာချသွားသော နက်စ်ကော်ဖီထုတ်ကို ရေနွေးထဲထည့်ကာ ဇွန်းဖြင့် မွှေနေရင်းမှ တချက်ပြုံး လိုက်သည်။ ပြုံးလိုက်လျှင် ပေါ်လာသော သွားတက်လေးကို ကျွန်တော် အမှတ်မထင် ငေးမော ကြည့်နေ ခိုက်…
“ ကိုခန့်နိုင်က ဘယ်လောက်ရှိပြီလဲလို့ ထင်လဲ”
ကျွန်တော့်ဖက်ကို ပြန်မြှားဦးလှည့်လာသည်။ ကျွန်တော် ဘယ်လိုဖြေလိုက်ရင် ကောင်းမလဲ၊ မိန်းကလေးများက အသက်ကို ရှိသည်ထက် ပိုငယ်ကြောင်းခန့်မှန်းပေးလျှင် သဘောကျကြသည်ဆိုတာကို ကျွန်တော် ၀တ္တုတွေ ထဲမှာ ဖတ်ဖူးသည်ဆိုတော့….
“ အင်း အလွန်ဆုံးရှိ နှစ်ဆယ်ပေါ့..”
ကျွန်တော့်ဖြေသံလည်း ကြားရော သူမ ဟက်ခနဲရယ်ပြီး…
“ အမယ် ခန့်မှန်းတာ တော်လှချည်လား ကိုခန့်နိုင်ရယ်.. ဟုတ်ပါတယ် ယုအသက်က အခုလာမယ့် မေလ (၁၂) ရက်ဆို (၂၀) ပြည့်တော့မှာ… “
“ဟုတ်လား.. ကျွန်တော် မှန်းရင်လွဲနေကျလေ ဒီတခါတော့ မှန်သွားပြီ… “
“ ဟုတ်လား.. ကိုခန့်နိုင်ကကော ဘယ်နှနှစ်ရှိပြီလဲ.. ယုထက် ကြီးလား၊ ငယ်လား”
“ ကျွန်တော်က (၂၁) ထဲမှာပါ”
“သြော် .. ဒါဆို အစ်ကိုကြီးပေါ့..”
ဟု ပြောပြီး နှစ်ယောက်သား သဘောကျစွာ ရယ်မိကြသည်။

*****************************************************************************
၂-

ယုသည် ရုတ်တရက်ကြည့်လျှင်တော့ လှသည်ထက် ချစ်စရာကောင်းသော ပုံသဏ္ဏန်ရှိသည်။ အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် အချိုးအစားပြေပြေပြစ်ပြစ်နှင့် ကျွန်တော်တွေ့ဖူးသမျှ မိန်းကလေးများထဲတွင် ပွင့်လင်းမှုရှိပြီး ပြောလို့ ဆိုလို့ကောင်းသည်။ ယုသည် မျက်နှာကျ သိပ်မလှ၊ တရုပ်မတွေလို မျက်လုံးပိတ်ပိတ် နှင့် အဖြူရောင်ဖက်သန်းသော မျက်ခုံးအရောင်ရှိသည်။ သေချာကြည့်ရင် သိပ်မလှပေမယ့် ကျွန်တော့မျက်လုံးထဲ မှာတော့ သူမဟာ နတ်သမီးတစ်ပါးပါပဲ။

သူ့ကို စသိခဲ့သည်မှာ ကျွန်တော် သင်တန်း စတက်ပြီး လေးရက်မြောက်ဖြစ်ပါသည်။ သင်တန်းရှေ့
လက်ဖက်ရည်ဆိုင်တွင် ကျော်မင်းကို ထိုင်စောင့်နေသည့်အချိန်၊ ဆိုင်ရှေ့ သူငယ်ချင်းနှစ်ယောက် နှင့် လမ်းလျှောက်သွားသော မိန်းကလေးများ အဖွဲ့မှ တခုခုကို သဘောကျပြီး အဖွဲ့လိုက် ရယ်လိုက်သော ရယ်သံကြောင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော ပုရိသများ၏ မျက်လုံးသည် ထိုအဖွဲ့သို့ ရောက် သွားကြသည်။ ထိုအချိန်မှာ သူငယ်ချင်းများပြောသည်ကို သဘောကျစွာ ရယ်မောနေသော သူမကို စတင်တွေ့ခဲ့သည်။ သဘောကျစွာ ပြုံးလိုက်သည့်အခါ ပေါ်လာသော ချစ်စဖွယ် သွားတက်လေးကို ကြည့်ပြီး ကျွန်တော် မှင်တက် ငေးမောနေခဲ့ရသည်း
သူနှင့် သူငယ်ချင်းဖြစ်ပြီး နောက်တစ်ရက် ထုံးစံအတိုင်း ကျွန်တော် မနက်စောစောထ သင်တန်းသွားရန် ပြင်ဆင်ပြီး လက္ဘက်ရည်ဆိုင်တွင် သူငယ်ချင်းတွေနှင့် ထိုင်စောင့်နေခိုက် ခပ်ဝေးဝေးမှ သူ၏ အရိပ်ဟု ထင်မှတ်သော အရိပ်တခု တဖြည်းဖြည်း နီးကပ်လာသည်။ နီးကပ်လာလေ သူဆိုတာ ပိုသေချာလာလေ။ ဟုတ်ပါတယ်။ ကျွန်တော် တိတ်တခိုးနှင့် နာမည်ပေးထားသော ကျွန်တော့ရဲ့ သွားတက်လေး။ ကျွန်တော်စိတ်တွေကို သူ့အပြုံးတွေနှင့် ဖမ်းယူ သိမ်းပိုက်ထားသည့် သူမသည် ဒီနေ့ အဖြူခံပေါ်မှာ ခဲရောင် ပန်းပွင့်အဆုပ်အဆုပ်တွေပါသော ချည်သားဂါဝန်လေးနှင့် တမျိုးဆန်းသစ် လှပနေ ပြန်သည်။
နာရီကြည့်လိုက်တော့ (၈း၃၅)မိနစ်၊ သင်တန်းက (၉း၀၀) စမှာ၊ သူ ဒီနေ့တစ်ယောက်တည်းပါလား ဟု စိတ်က တွေးလိုက်ပြီး နှုတ်ကလည်း ကံဇာတာက ခန့်နိုင်ဘက် ရပ်တည်နေတာ သေချာပြီဟု ခပ်တိုးတိုးရေရွက်ရင် ပြုံးလိုက်သည်။ သူ ကျွန်တော်ထိုင်နေသော လက်ဖက်ရည်ဆိုင်နား ရောက်ခါနီးတွင် ဆိုင်ထဲမှ ထကာ ရှေ့ထွက်၍ ရပ်စောင့်နေလိုက်သည်။
ကျွန်တော့်ကိုလည်း မြင်ရော သွားတက်လေးတွေပေါ်အောင် ထပ်ရယ်ပြပြန်သည်။ သူမ အပြုံးတွေက ကျွန်တော့ရင်တွေကို အေးစေတာတော့ စတွေ့တည်းက သတိထားမိသည်။ ကျွန်တော့်စိတ်ထဲမှ ခဏခဏ မပြုံးပြပါနဲ့လား… ယုရယ် ဟု တိတ်တဆိတ် ရေရွက်မိလိုက်ပြီး… သူမအနီးနားရောက်ခိုက်…
“ ယု “
“ ရှင့်”
“ ဒီနေ့လည် တစ်ယောက်တည်းပဲပေါ့..”
“ ဟုတ်တယ် ကိုခန့်နိုင် သူဇာ မေမေ မသက်သာသေးလို့ မနက်ဖြန်မှ တက်မယ်ပြောတယ်.. ရည်မွန်ကလည်း သူ့ကျူရှင်ကနေ တဆက်တည်း သွားမယ်ဆိုလို့လေ”
“သြော် .. ဒါဆို ယု ဘာစားခဲ့ပြီးပြီလဲ.. မစားရသေးရင် တခုခုဝင်စားရအောင်လေ..“
“ ဟုတ်.. ဒီနေ့တော့ ကော်ဖီနဲ့ အီကြာကွေးနဲ့ စားခဲ့တယ်.. ကိုခန့်နိုင်ရော စားပြီးပြီလား….”
“ ဟုတ်.. ကျွန်တော် အခုပဲ လက်ဖက်ရည်သောက်ထားတာ”
“ သြော် .. ဒါဆိုလည်း သင်တန်း တန်းသွားကြတာပေါ့”
သူမနှင့်အတူ ယှဉ်တွဲကာ သင်တန်းသို့ စကားတပြောပြောနှင့် လမ်းလျှောက်လာခိုက်..
“ကိုခန့်နိုင် စာမေးပွဲကို ဘယ် Series ဖြေမယ်စိတ်ကူးထားလဲ”
“ ကျွန်တော်တော့ နိုဝင်ဘာ ဖြေမယ်.. ယုရော ဘယ် စီးရီး ဖြေဖြစ်မလဲ”
“ အင်း.. နိုဝင်ဘာပဲ ဖြေတော့မယ်.. မြန်မြန်ဖြေပြီးတော့လည်း ပြီးတာပဲပေါ့.. “
“ ဟုတ်တယ် ယု..သင်တန်းပြီးတော့လည်း အလုပ်ဝင်မလားလို့လေ..”
“ဟုတ်တယ်.. တူတူပဲ ယုလည်း အလုပ်လုပ်ချင်နေပြီ”
စကားပြောရင်းနှင့် သင်တန်းတံခါးဝနားရောက်လာခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီး
ကိုယ့်နေရာ ကိုယ်ဝင်ထိုင်လိုက်ကြလေသည်။

သူနှင့် ကျွန်တော် သင်တန်းဖြေဆိုအောင်မြင်ပြီး လအနည်းငယ်အကြာမှာတော့ သူက ရန်ကုန်ရှိ သွင်းကုန် ထုတ်ကုန်ကုမ္ပဏီတခုတွင် စာရင်းကိုင် အလုပ်ရခဲ့လေသည်။ သူက နယ်ကဆိုတော့ သူမသည် ရန်ကုန်ကအဆောင်တစ်ဆောင်မှာ နေရင်း အလုပ်လုပ်လျှက်။ ကျွန်တော်ကတော့ သူမနှင့် မရှေးမနှောင်းကာလမှာပင် မန္တလေးမြို့ရှိ နိုင်ငံခြား ဘိလပ်မြေဖြန့်ဖြူးသည့် ကုမ္ပဏီတခု၌ သူဌေးရဲ့ Personal Assistant အလုပ်တခုရ ခဲ့ လေသည်။


အချိန်တွေကြာလာတာနှင့်အမျှ ကျွန်တော်နဲ့ သူရဲ့ သံယောဇဉ်ကလည်း တဖြည်းဖြည်းကြီးမားလာသည်။ ဒီလိုနဲ့ သူနဲ့ကျွန်တော် သူငယ်ချင်း မက သမီးရည်းစားမကျ အခြေအနေတွေဖြစ်လာခဲ့ကြတယ်။ သူမကို ကြိုက်နှစ်သက်သူများပေမယ့် သူမရွေးချယ်သည့်သူ မရှိသေးတာကြောင့် ကျွန်တော် သူမကို ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်းများတဲ့သူ့ကို စိတ်မချတာတွေလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စိတ်ထဲမှာတော့ သူက ကျွန်တော်ရဲ့ ဘယ်ဘက်နံရိုးလေး တစ်ချောင်းပါပဲ။

တစ်ရက် ညနေစောင်း အချိန် ကိုခန့်နိုင်နှင့် ယုတို့နှစ်ယောက် ကော်ဖီသောက်ဖို့ Mr. Guiter ကို ရောက်လာတဲ့ အချိန်။ ဆိုင်ထဲ ၀င်ဝင်ချင်း-
“ကိုကြီး”
“ဟေ”
ကိုခန့်နိုင် စားပွဲတစ်လုံးတွင် တစ်ယောက်တည်း ကော်ဖီသောက်နေသော လူတစ်ယောက်ထံ လျှောက်သွားပြီး နှုတ်ဆက်လိုက်သဖြင့် ယုလည်း မယောင်မလည်နဲ့ ကိုခန့်နိုင်နှုတ်ဆက်သော သူ၏ စားပွဲနားသို့ ရောက်သွား ရာ-
“တစ်ယောက်တည်းလား”
“ ဟုတ်တယ်.. ညီလေးရော ကော်ဖီလာသောက်တာလား”
ဟု ပြောပြီး ကိုခန့်နိုင်ဘေးတွင် ရပ်နေသော ယုဆီမျက်လုံးရောက်လာခိုက်..
“ဟုတ်တယ်၊ ဒါ ကျွန်တော် ပြောပြောနေတဲ့ ကျွန်တော့်ကောင်မလေးလေ.. နာမည်က ယုသဉ္ဖာခိုင်တဲ့ ဘယ်လိုလဲ..လှတယ်မလား”
ဟု ယု လက်ကိုဆွဲပြီး နှုတ်ဆက်ပေးလိုက်သည်။
“ အင်း အချောလေးပါပဲ.. ငါ့ညီလေးက ရွေးတတ်သားကွ”
“ ယု.. ဒါ ကို့ အစ်ကို ၀မ်းကွဲ ကိုဇေယျာတဲ့၊ ရေတပ်က ဗိုလ်ကြီးတစ်ယောက်ပဲ”
“ တွေ့ရတာ ၀မ်းသာပါတယ် ကိုဇေယျာ”
“ ဟုတ်ကဲ့ခင်ဗျ၊ ညီလေးခေါ်သလို ကိုကြီးလို့ခေါ်လည်းရပါတယ်”
“ဟုတ်ကဲ့ပါ၊ ကိုကြီး”
ကျွန်မရဲ့ မ၀ံ့မရဲနဲ့ ထွက်ကျလာတဲ့ ကိုကြီးဆိုတဲ့ ခေါ်သံမှာ အသံတွေ တုန်ယင်လို့၊ ရင်ကလည်း တဒိန်းဒိန်းခုန်ကာ ဒူးတွေတောင် ညွက်ကျသွားမလိုလို။ “စိတ်ထိမ်းစမ်း ယု၊ ယောကျာ်းတစ်ယောက်ကြောင့် ဒီလောက် အိနြေ္ဒပျက်စရာမလိုဘူး” ဟု ကိုယ့်ကိုယ်ကို သတိပေးရသည်။
“ ဒါနဲ့ ယုက ဒီကပဲလား”
အသံတွေ မတုန်အောင် မနည်းထိမ်းပြီး…
“ဟုတ်ကဲ့.. ကိုကြီး”
“ ဟုတ်တယ် ကိုကြီး၊ ယုက ပြည်က အခု ရန်ကုန်မှာ အလုပ်လုပ်နေတာဆိုတော့ လှည်းတန်းက မိန်းကလေးအဆောင် တစ်ဆောင်မှာနေတယ်၊ ကျွန်တော်အလုပ်က မန္တလေးမှာဆိုတော့လည်း အမြဲတမ်းလာမတွေ့နိုင်ဘူးပေါ့၊၊ ရန်ကုန်ကို သူဌေးက အလုပ်ကိစ္စရှိလို့ ဆင်းလာမှပဲ အချိန်လုပြီး လာတွေ့နိုင်တာ.. ကိုကြီးက ရန်ကုန်မှာဆိုတော့ ယုကို အမြင်မတော်တာတွေရှိရင်လည်း ဆုံးမပေးပါဦး၊ အပ်ပါတယ်”
“ ကိုခန့်နိုင်ကလည်း.. ယုက ကလေးမှမဟုတ်တာ.. ကိုကြီးအလုပ်ရှုပ်အောင်”
“ရပါတယ် ယု။ ကိုယ့်ညီလေးရဲ့ ကောင်မလေးဆိုတော့ ကိုယ့်ညီမလေးပဲပေါ့ အိုကေ ညီလေး.. ဘာမှမပူနဲ့.. ဒါနဲ့ ဒီမှာပဲ ထိုင်လိုက်ကြလေ.. တစ်ဝိုင်းထဲပဲ”
“ဟုတ်ကဲ့ ကိုကြီး.. “

ကိုခန့်နိုင်က ယုနှင့် ကိုဇေယျာနှင့် မိတ်ဆက်ပေးသည့် အချိန်မှ စ၍ ယုဘ၀တွင် တခါမှ မခံစားဖူးသော ရင်ခုန်မှုကို စတင် ခံစားခဲ့ရသည်။ ကိုဇေယျာသည် ကိုခန့်နိုင်ထက် နှစ်နှစ်ကျော် ကြီးပြီး ရေတပ်က သုံးပွင့် ဗိုလ်ကြီးတစ်ယောက်။
ဝတ်ထားတဲ့ လည်ကတုံး အကျီ အဖြူလက်ရှည်နှင့် နက်ပြာရောင်ပုဆိုးအကွက်စိပ်စိပ်ကြောင့်လား မသိပေမယ့် ကိုကြီးပုံစံက တည်ငြိမ်အေးဆေးသည့် လူကြီးလူကောင်းပုံပေါ်နေသည်။ ကော်ဖီခွက်ကို ကိုင်ထားတဲ့ သူလက်ချောင်းသွယ်သွယ်တွေက ဖြူဖွေးသန့်စင်လို့။ ကိုကြီးက စကားပြောရာတွင် ညင်သာ သိမ်မွေ့သလို အနေအထိုင်လည်း ငြိမ်သက်လှသည်။ ယုရဲ့စိတ်တွေကလည်း ကိုခန့်နိုင်နှင့် ကိုကြီးတို့ ပြောနေသည့် အကြောင်းအရာတွေပေါ်မှာ ရောက်လိုက် တခြားတစ်နေရာကို ရောက်သွားလိုက်နှင့် ယောက်ယက်ခက်လို့။ တဒိန်းဒိန်းနှင့် ခုန်နေသော ရင်ခုန်သံတွေကိုလည်း ငြိမ်သက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ယုကိုယ်တိုင်တောင် မစဉ်းစားတတ်တော့။ လက်ဖျားတွေ အေးစက်နေတာ ကိုခန့်နိုင်များ ရိပ်မိသွားမလားဟူသော အတွေးဖြင့် စိုးရိမ်စိတ်ဖြင့် ဗျာများလျှက်။
*****************************************************************************


၃ -

“ ဘာဖြစ်လို့ ငိုနေရတာလဲ.. ကိုခန့်နိုင်.. ယောက်ျားလေး မျက်ရည်ကျတာကို ယုသိပ်မုန်းတယ်လို့ ပြောထားတာ ကိုခန့်နိုင် မသိတာလား၊ ယုက ကိုခန့်နိုင်ကို အရမ်းနှိပ်စက်ရာများ ကျနေလို့လားဟင်”
“ ငိုတာမဟုတ်ပါဘူး ယုရယ်.. ရင်ထဲမှာ ပူလောင်လွန်းလို့ သူ့အလိုလို စီးကျလာတာပါ”

ယုသည် ဘာစကားမှထပ်မပြောပဲ တိတ်ဆိတ်ကာ ကောင်းကင်၌ သာနေသော လ၀န်း ၀ါဝါကို အမှတ်မထင် ငေးမောကြည့်နေသည်။ သူ၏ လက်ဖျံလေးတွေက လရောင်ကြောင့် ပိုမို ၀င်းဝါနေသလိုလို။ သူ့မျက်နာကတော့ ဒေါသ အရှိန်ကြောင့် အနည်းငယ် ခက်ထန်နီမြန်းလျှက်။
“ အလုပ်ကို အကြောင်းပြပြီး ကိုယ့်ချစ်သူကို ဂရုမစိုက်ပဲ ပစ်ထားတာက ကိုခန့်နိုင်ပါ.. ကိုခန့်နိုင် ဂရုမစိုက်လို့ ဂရုစိုက်မယ့်သူကို ရှာတာ ယု အပြစ်လား.. ယု အပြစ်လား ပြောစမ်းပါ”
“ ယုမှာ အပြစ်မရှိပါဘူး.. ဟုတ်ပါတယ် ကိုယ့်အပြစ်တွေပါပဲ.. ဒါပေမယ့် ယုရယ်.. ကိုယ့်ကောင်မလေး အကြောင်း သူများတွေဆီက ပြန်ပြန်ကြားနေရတာ ရင်နာလွန်းလို့ပါ..ကို ဂရုမစိုက်လို့ စိုက်မယ့်သူရှာတယ်ဆိုလည်း နောက်ထပ် တစ်ယောက်လောက်ဆို တော်ရောပေါ့၊ အခု ယု လုပ်နေတာတွေက ။ ယု အခုတွဲနေတဲ့ သူက ဘယ်လို အကျင့်စရိုက်ရှိတယ်ဆိုတာလည်း ယုလည်း အသိ.. မိဘချမ်းသာတာကို ဗန်းပြပြီး မိန်းကလေးတွေ ထည်လဲတွဲပြီး ကျောရရုံကြံနေတဲ့သူဆိုတာ ယု့ကို ပြောပြထားပြီးသားလေ.. ဒါနဲ့များကွာ”
“ ယုကောင်းမယ်ထင်လို့ ယုလုပ်တာ.. ဖြစ်သမျှ ကောင်းတာ ဆိုးတာကို ယု ခါးစီးခံလိုက်မယ်.. ကိုခန့်နိုင် စိတ်မပူနဲ့.. သေချာတာတော့ သူက ကိုခန့်နိုင်လိုမျိုး ယု ကို လျစ်လျူရှုမထားတာပဲ”
“ ခက်တယ် ယု.. လျစ်လှူရှုတယ်ဆိုရင် ယုလိုချင်တာတွေ ယုဖြစ်ချင်တာတွေကို ကို ဘယ် ဖြည့်ဆည်းပေးနေပါ့မလဲ။ ဟိုကောင်က လိုချင်တာရှိလို့ ယုကို ဂရုစိုက်ချင်ယောင်ဆောင်ပြီး အနားကပ်လေကွာ၊ ယုဆီကသာ သူလိုချင်တာရရင် ယု ရင်ဝကို စုံကန်ပြီးထွက်သွားမယ့် လူစားမျိုး ယုရဲ့၊ နောက်ပြီး ယုလည်း ကို့အလုပ်အကြောင်း သိသင့်သလောက် သိနေပြီပဲလေ.. ကို့အလုပ်က ကိုယ်ပိုင်အလုပ်မဟုတ်ဖူးလေ..သူဌေး PA လုပ်ရတာ၊ သူဌေးသွားသမျှ နေရာတွေကို တကောက်ကောက်လိုက်ရတာလေ။ အလုပ်များလို့ အချိန်မပေးနိုင်တာ ကို့အပြစ်လား.. အခု ကိုက တခြားမိန်းမတယောက်နဲ့ ပွေနေ ရှုပ်နေလို့ ယု့ကို အချိန်မပေးနိုင်တာမို့လား ယုရ၊ ကို အလုပ်လုပ်နေတာ ယုအတွက် လုပ်နေတာဆိုတာ ယုသိရဲ့သားနဲ့ကွာ”
“ ကိုခန့်နိုင်ရယ်.. လူတိုင်းကတော့ အလုပ်လုပ်နေကြတာပဲလေ.. ယု့ကို စလိုက်တဲ့ အချိန်က ကိုခန့်နိုင်က အလုပ်လက်မဲ့ အခြေအနေနဲ့ လိုက်ခဲ့တာလား၊ အဲ့အချိန်တည်းက အလုပ်လုပ်နေတာပဲလေ၊ အဲ့ချိန်တွေတုန်းကတော့ အချိန်ပေးနိုင်ပေမယ့် အခုသုံးနှစ်လောက် ကြာလာတဲ့အချိန်ကျမှ့ အချိန်မပေးနိုင်တာ သတိရလို့ ဖုန်းဆက်ရင်တောင် နှစ်မိနစ်ထက် ပိုပြောနိုင်တာ မဟုတ်ဘူးလေ၊ ယုက ကိုခန့်နိုင်အတွက် ဘာလဲ၊ ချစ်သူ သမီးရည်းစားဆိုတာ ပေးသင့်တဲ့ အချိန်ပေးမှု၊ ဂရုစိုက်မှုဆိုတာတော့ ရှိသင့်တာပဲလေ၊ ကြာလာလေ အလေးအနက်မထားတော့တာ အရမ်းသိသာတာပဲ.. ရပါတယ် အဆင်ပြေသလိုနေပါ.. နောက်ပြီး ဒီလို ငြီးငွေ့ဖို့ ကောင်းတဲ့ဇာတ်လမ်းကိုလည်း ယု အဆုံးသတ်ချင်နေပြီ၊ ယုလည်း ယု ပျော်ရွှင်မယ်လို့ ထင်တာတွေ ယုလုပ်မယ်.. ဘယ်ဟာ မကောင်းဘူး ကောင်းတယ်ဆိုတာ ယု့ကို လမ်းပြပေးနေရအောင် ယုက သူငယ်နှပ်စားလည်းမဟုတ်ဘူး၊ ယု့ဦးနှောက်နဲ့ ယု ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်တာ မှန်သမျှ ဘယ်တော့မှ နောင်တရမှာမဟုတ်ဖူး။ ရှေ့လျှောက် ကိုယ့်လမ်း ကိုယ်ဆက်လျှောက်ကြတာပေါ့..”
တခုခုတော့ သေချာစဉ်းစားဖို့လိုပြီ။ ဖြစ်နေတဲ့ အကြောင်းအရာတွေအပေါ်မှာ သေချာသုံးသပ်ကြည့်လျှင် ကျွန်တော်ဖက်ကနေ ကျူးလွန်ခဲ့တာ ဘာမှမရှိ။ သူမကြိုက်ဖူးထင်တဲ့ အရာတွေတော်တော်များများကို စွန့်လွှတ်ခဲ့တာ သူမနှင့် ရည်းစားဖြစ်စတည်းက။ သူမမှာတော့ ဒီလိုမဟုတ်။ သူမလုပ်သမျှတွေ ကျွန်တော် သိနေပေမယ့် သူငယ်ချင်းတွေကြားထဲ မင်းတော့ ခံလိုက်ရပြီ။ မင်းကောင်မလေး ဘယ်သူနဲ့ ဘယ်နေရာမှာ တွေ့ခဲ့ပြန်ပြီ။ ဘယ်သူနဲ့ ဘယ်ကို ခရီးထွက်သွားပြန်ပြီ။ ဘယ်သူလက်ဆောင်တွေ ပေးတာကို ယူပြန်ပြီ စတဲ့ စကားတွေလည်း နားလျှံနေအောင် ကြားခဲ့ရတာ နှစ်တွေကြာပြီ။ သူငယ်ချင်းတွေ ကျွန်တော့်ကို ကွယ်ရာမှာ တိရိစ္ဆာန်နှင့် နှိုင်းပြီးပြောနေတာတွေကိုလည်း မသိချင်ယောင်ဆောင်နေခဲ့ရတာ တော်တော်ကြာပြီး သူငယ်ချင်း(ကောင်မလေး)တွေကြားထဲလည်း သူစွပ်စွဲလွန်းလို့ ခင်မင်ရတဲ့အခြေအနေကနေ မျက်နှာပျက်ရသည့် အကြိမ်အရေအတွက် မနည်းတော့။ ဒါပေမယ့် ယု ငါ့ဖက်မှာ ရှိနေမှာပါပဲလေဆိုတဲ့ စိတ်နဲ့ အရာရာကို ခွင့်လွှတ်ခဲ့တယ်။
ကျွန်တော်မှာ သူ မက်မောလောက်တဲ့ ရာထူး၊ ရာခံ မရှိလို့ ရှိတဲ့ ကျွန်တော့် ထက်သာတဲ့သူနဲ့တွဲလည်း ကျွန်တော် မျက်စိမှိတ်ပြီး မသိချင်ယောင်ဆောင်ခဲ့ပေးတာ။ အခုချိန်မှာ သူစိတ်ချမ်းသာသလို နေပါစေ အချိန်တန်လို့ ကျွန်တော်ရင်ခွင်ကို သူပြန်လာရင် ပြီးတာပဲလေဆိုတဲ့ စိတ်နဲ့ သည်းခံနေရတာတွေက နောက်ဆုံး ကျွန်တော့ အပြစ်တွေ ဖြစ်နေတာပဲလား။ သူနှင့် စကြိုက်ပြီဆိုကတည်းက အလှအပ မက်မောလွန်းတဲ့သူ၊ ပစ္စည်းကောင်းတွေမှ ရွေးကြိုက်တတ်တဲ့သူ၊ တစ်လ တစ်လ သူရတဲ့ လစာရဲ့ လေးငါးဆလောက် သုံးချင်ဖြုန်းချင်တဲ့ သူ့ကို သူ့ မိသားစုက လောက်လောက်လားလား မထောက်ပံ့နိုင်တော့ ကျွန်တော်ချစ်တဲ့သူ မျက်နှာမငယ်စေချင်တဲ့စိတ်နဲ့ တတ်နိုင်သလောက် ထောက်ပံ့ခဲ့တာတွေကကော။ သူထပ် တက်ချင်တဲ့ ACCA ဆက်တက်ဖို့အတွက် ကျွန်တော် တတ်နိုင်သလောက် ချွေတာစုဆောင်းပြီး ထောက်ပံ့ခဲ့တာတွေက နောက်ဆုံးရလဒ်က ဘာဖြစ်လာခဲ့သလဲ။
“နေဦးယု၊ တခုခုတော့ လွဲနေပြီ၊ အခု ကိစ္စမှာ ဘယ်သူမှားပြီး၊ ဘယ်သူမှန်တာလဲ၊ ကို့ကွယ်ရာမှာ တခြားသူနဲ့ ပေါ်တင်တွဲနေတာ ဘယ်သူလဲ၊ ပြီးခဲ့တဲ့ ယုမွေးနေ့မှာ ယုဘယ်သူနဲ့တူတူ တနေ့လုံးရှိနေခဲ့တာလဲ၊ တခြား ယောကျာ်းတစ်ယောက်နဲ့ ချောင်းသာကို ညအိပ်ခရီးထွက်သွားတာက ဘယ်သူလဲ ယု၊ ပြော ယု၊ ချစ်သူများနေ့မှာ ကို့ဆီက အပြင် တခြားသူတွေက ပေးတဲ့ လက်ဆောင်ကို ကြည်ကြည်ဖြူဖြူလက်ခံပြီး ကိုနဲ့ဖုန်းပြောဖို့ အချိန်မရအောင် ကြူနေတာက ဘယ်သူလဲ၊ ယု မကြိုက်တာ ကိုဘာတွေလုပ်ခဲ့လည်း၊ တခြားမိန်းမတွေနဲ့ ပွေတာ ရှုပ်တာ အခုချိန်ထိ ယုဘာကြားခဲ့ရလဲ၊ တခုခုလုပ်မယ်ဆို ယုမျက်နှာကို အရင် ပြေးမြင်ပြီး စောင့်ထိမ်းခဲ့တာကွ၊ လူတိုင်း မဟုတ်တဲ့နေရာမှာ ပျော်မွေ့ကြတာက ယုတစ်ယောက်တည်း တင်မဟုတ်ဖူး၊ လူတိုင်းလုပ်တတ်တယ်၊ ဆင်ြခင်တုံတရားနဲ့ ထိမ်းသိမ်းပြီး ကိုယ့်ကိုယ်ကို Control လုပ်နေတာ၊ နောက်ပြီး ယုဆိုတာ မိဘနဲ့ခွဲခွာပြီး ရန်ကုန်မှာ တစ်ယောက်တည်းလာပြီး အဆောင်နေနေတဲ့သူတစ်ယောက်၊ ရန်ကုန်မှာနေတဲ့ အဆောင်သူ တော်တော်များများ ဘယ်လိုပုံစံမျိုး ယောကျာ်းတွေ သတ်မှတ်တယ်ဆိုတာ လည်း ယုကိုယ်တိုင် အသိ၊ ဒါကြောင့် ၀တ်တာစားတာ နေတာထိုင်တာက အစ ဂရုစိုက်ပါ၊ လျှပ်ပေါ်လော်လီ ၀တ်တာစားမယ်ဆိုရင် အများကို သတ်မှတ်ထားတဲ့ ပုံစံထဲ ၀င်သွားမယ် ၊ တန်ဖိုးဆိုတာ ကိုယ်နေထိုင်ပြုမူတဲ့အပေါ်လိုက်ပြီး ပြောင်းလဲတယ်ဆိုတာတွေလည်း ပြောခဲ့တာ များပြီ၊ ဒီလို အတန်တန် သတိပေးတဲ့ကြားက ယုဝတ်ချင်သလို ၀တ်။ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုဆိုတာ အတိုဝတ်ပြမှ ဖော်ပြမှ ဟိုက်ပြမှ ဆွဲဆောင်နိုင်တာမဟုတ်ဖူး၊ လှတာမဟုတ်ဘူးကွ။ ဒီလူတွေက ဒီလိုအကျင့်ရှိပါတယ်လို့ ချပြထားတာတောင်မှ တမင် အပေါင်းအသင်း ရွေးလုပ်။ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲပြီး နေချင်သလိုနေနေတာ ဘယ်သူလဲ ယု။ ဒီကိစ္စမှာကော ဘယ်သူလွန်တာလဲ ယု ”
“ ဒီမယ် ကိုခန့်နိုင်”
ယု အသံသည် ဒေါသကြောင့် လိုအပ်သည်ထက် ပို၍ ကျယ်လောင်နေသည်။
“ ယု လုပ်တာ မှန်သမျှ ကိုခန့်နိုင်သိနေတယ်ဆိုရင် ယုလိုမိန်းမကို လက်မခံနဲ့လေ၊ ယုကြောင့် စိတ်ပင်ပန်းနေတယ် မလား၊ လက်လွှတ်လိုက်လေ.. ရတယ် .. ယုပုံစံက ကိုခန့်နိုင် ကြိုက်တဲ့ ပုံစံမဟုတ်ဘူးဆိုရင် ကိုခန့်နိုင် ကြိုက်တဲ့ ရိုးသားအေးဆေးပြီး ခြောက်ပစ်ကင်း သဲလဲစင်တဲ့ မိန်းကလေးမျို၊ ကိုခန့်နိုင်ကို ဂရုစိုက် အနွံတာခံတဲ့မိန်းကလေးမျိုးကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်လေ။ ကိုခန့်နိုင် ကြိုက်တဲ့လမ်းကို ကြိုက်သလို ရွှေးချယ်သွားနိုင်တယ်”
“ မဟုတ်ဖူးလေ ယု..”
ကျွန်တော် ရုတ်တရက် စကားလုံးရှာမရပဲ ဘာဆက်ပြောရမှန် မသိဖြစ်နေတယ်၊ တစ်စုံတစ်ခု ထပ်ပြောဖို့ ဦးနှောက်ကို အလုပ်ပေးသော်လည်း မည်သည့်စကားလုံးမှ ထွက်မလာ၊ သူ စိတ်ကြီးလာရင် ကြောက်ဖို့ကောင်းသည်။ ကျွန်တော်နှင့်ပတ်သက်လျှင် ဘယ်တုန်းကမှ အလျှော့ပေးဖို့ မစဉ်းစားတဲ့ သူ့အတွက် နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်တော်ကပဲ လေသံပျော့လေးဖြင့်။
“ ယုကို ကိုက လုံးလုံးလျားလျား ပစ်ထားတာလည်းမဟုတ်ဘူးလေ အလုပ်ကနေ အချိန်ရရင် ရသလို လာတွေ့နေတာပဲမဟုတ်လား..၊ ကိုတို့ ရှေ့ရေးအတွက် ကိုကြိုးစားပြီး အလုပ်လုပ်နေတာ၊ ယုကို တင့်တောင်း တင့်တယ်ထားနိုင်ဖို့အတွက် အလုပ်လုပ်နေတာ ယုနားလည်ဖို့ ကောင်းတယ်၊ ယု အရင် ကို့ပေါ် အနိုင်ယူတာတွေ ဆိုးတာတွေ အရင်ဖြစ်ခဲ့သမျှ ကိုခွင့်လွှတ်တယ်၊ အချိန်မပေးနိုင်တဲ့ ကို့ကြောင့်ဖြစ်ခဲ့ရတာဖြစ်တဲ့အတွက် ယုမှာ အပြစ်မရှိဘူး၊ ယုကို ဘယ်လောက်ထိ သည်းခံခွင့်လွှတ်ခဲ့သလဲ ကိုဘယ်လောက်သည်းခံလည်းဆိုတာ ယုအသိဆုံးပါ၊ ယု တခြားသူတစ်ယောက်နဲ့ ချိန်းတွေ့နေတာကို ပက်ပင်းတွေ့ခဲ့တာတောင် ကို ဘာတခွန်း အပြစ်ပြောခဲ့ဖူးသလဲ။ လမ်းခွဲမယ်ဆိုတဲ့စကား တခွန်း ကို စပြောခဲ့ဖူးလား၊ အခလည်း ဒီလိုပြောနေတာတွေက ယုနဲ့လမ်းခွဲချင်လို့ အပြစ်တွေ ရှာပြောနေတာမဟုတ်ဘူး၊ အရင်လုပ်ထားတာတွေ ခွင့်လွှတ်တယ်၊ နောက်ထပ် ထပ်ပြီး အဲ့လိုမျိုးတွေ ထပ်မလုပ်ပါနဲ့လို့ ကိုပြောချင်တာ ယုရဲ့.. ယုလည်း အသက်ငယ်တော့တဲ့ အရွယ်မဟုတ်တော့ပါဘူးကွာ”
ပြောရင်း ကျွန်တော့်အသံတွေ ငိုသံပါလာရင်း တိမ်ဝင်ကာ ပြောချင်တဲ့စကားတွေ ထွက်မလာပဲ ရင်ထဲ စို့နင့်နေခဲ့သည်။
“ ကိုခန့်နိုင်မှာ မာန မရှိဘူးလား၊ ယု့အကြောင်းတွေ နားနဲ့မဆံ့အောင် ကြားနေတာတောင်မှပဲ ယုကို ခွင့်လွှတ်နိုင်တယ်၊ ထပ်ပြီး ယုံကြည်ဦးမယ်တဲ့လား”
“ ဟုတ်တယ် ယု ယုံတယ်၊ ကို့ဆီမှာ ယုလိုချင်တဲ့ အရည်းအချင်းတွေ မရှိလို့ ယု တခြားသူတွေဆီကို ရောက်သွားတာ ကို ယောကျာ်းဖြစ်ပြီး ပျော့ညံ့လို့ဖြစ်တယ်ပဲ မှတ်ယူလိုက်မယ်၊ ယု အရင်က စွပ်စွဲသလို ကိုကကောက်ကျစ်လို့၊ ကို့အပြောအဆို အပြုအမူတွေက ယုလိုချင်တဲ့ လူကြီးလူကောင်းပုံစံ မပေါက်လို့ဆိုရင် ယုအနေနဲ့ တခြားသူတစ်ယောက်ကို စိတ်ကြိုက် ရွေးချယ်သွားလို့ ရပါတယ်၊ ယုအနေနဲ့ ဘယ်အရာကိုမဆို လွပ်လပ်စွာ ရွေးချယ်ခွင့်ရှိတဲ့ မိန်းမတစ်ယောက်ပဲလေ၊ ဒါပေမယ့် ယု အိမ်ထောင်မပြုမချင်းတော့ ကို ယု့ကို မျှော်လင့်နေမယ်၊ မျှော်လင့်နေခွင့်တော့ ပေးပါ၊ ကို မဟုတ်တဲ့ တခြားသူတွေနဲ့ အဆင်မပြေတဲ့အခါ ယု ခိုဝင်နိုင်ဖို့အတွက် ကို အမြဲရင်ဖွင့်ထားပါတယ် .. ယု အဆင်မပြေတဲ့အခါ၊ ပင်ပမ်းတဲ့အခါ ပြန်လာခဲ့ပါ.. အရင်လိုပုံစံနဲ့ အရင်တိုင်းပဲ စောင့်မျှော်နေမယ်”
ကျွန်တော် နင့်နင့်နဲနဲ ပြောလိုက်တဲ့ စကားသံတွေအဆုံး သူမ စိတ်ပင်ပန်းစွာဖြင့်..
“ ယု အတွက်နဲ့ ကိုခန့်နိုင် ဒီလိုဖြစ်နေရတာ မထိုက်တန်ပါဘူး ကိုခန့်နိုင်ရယ်”
ဟု စိတ်ရှု့ပ်ထွေးစွာဖြင့် ရေရွက်နေမိလေသည်။ သူသည် တခါတရံ ကလေးအလွန်ဆန်လွန်းသည်။ သူကို ကောင်းစေချင်လို့ ပြောတာတွေကို ချုပ်ချယ်လွန်းသည်ဟု သူ ထင်နေသည်။ သူများတွေ ပါးစပ်ဖျားမှာ ယု့ဟာ တန်းဖိုးရှိပြီး အေးဆေးတည်ငြိမ်တဲ့ မိန်းမပျိုလေးတစ်ယောက်ပါဆိုတဲ့ အမြင်နဲ့ မြင်စေချင်တာ ကျွန်တော်သူအပေါ်ထားတဲ့ စေတနာ။ ကျွန်တော် သူကို ညီမလေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ချစ်သူတစ်ယောက်လို အမျိုးမျိုး စောင့်ရှောက်ခဲ့ပေမယ့် ကျွန်တော် မကြိုက်ပါဘူးဟု ယူဆရသော အရာတွေကို သူမက လုပ်ဖြစ်အောင်လုပ်သည်။ ကျွန်တော့်ကို အရွဲ့တိုက်ခြင်း၊ ဆန္ဒပြခြင်းတွေက သူမဘ၀ရဲ့ ပျော်ရွှင်မှုပုံစံဖြစ်နေမယ်ဆိုတာ အချိန်ကြာညောင်းလာလေ ပိုသိလာလေ။



၎-

ယုရင်ထဲက ခံစားချက်တွေကို ခန့်နိုင်တစ်ယောက် သိနိုင်ဖို့လည်း အင်မတန် ခဲယဉ်းပေလိမ့်မည်။
ခန့်နိုင်ကို သူငယ်ချင်းတစ်ယောက်လိုသာ ချစ်ခင်ခဲ့ပြီး သူ့ထက်သာတဲ့သူကို ရွေးချယ်ဖို့ ဆုံးဖြတ်ကာ ကိုကြီးကို အလေးပေး ဆက်ဆံခဲ့တာတွေကြောင့် ယုဆိုတဲ့ မိန်းမကို ဂုဏ်ပကာသန မက်မောတယ်လိုပဲဆိုဆို။
ကိုကြီးနဲ့ နီးစပ်မှုများလေ ပိုတွယ်တာလေဖြစ်ပြီး ကိုခန့်နိုင်နှင့် လမ်းခွဲဖို့ စဉ်းစားခဲ့တာကြောင့် ယုကို တစ်ယောက်ဆို တစ်ယောက် သစ္စာရှိရှိ မချစ်ပဲ မျက်နှာများပြီး ပွေချင်၊ ရှုပ်ချင်သူလို့ပဲဆိုဆို ယု ကျေနပ်ပါတယ်။ သူပွေတယ် ရှုပ်တယ်ပြောသော သူများကိုလည်း ယုအနေနှင့် တမင် တွဲပြ၊တာဟာလည်း ယုအပေါ် မုန်းတီးသွားစေချင်နဲ့ ဆန္ဒသပ်သပ်နဲ့ပါ၊ သူ့ကိုလည်း ယု ကိုယ်တိုင်ပြောဖူးပြီးသား။ ကိုကြီးနှင့် တွေ့ပြီးသည့် နောက်ပိုင်းမှာ
“ကိုခန့်နိုင်ကို သူငယ်ချင်းတစ်ယောက်လိုပဲ ယုခင်ခဲ့တာ၊ ယုဘ၀မှာ ကိုကြီးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှ အချစ်ဆိုတာကို တကယ်ခံစားတတ်ခဲ့တယ်။ ကိုခန့်နိုင်ကို လှည့်စားသလိုဖြစ်ခဲ့ရင်လည်း ယုတောင်းပန်ပါတယ်၊ အခုအချိန် ယုရင်ထဲမှာ ကိုကြီးအတွက် နေရာပဲရှိတယ်၊ တကယ်လို့ ယုကိုရမှ ကျေနပ်မယ်ဆိုရင် ယုကိုတော့ရမယ် ယုရဲ့စိတ်တွေ၊ နှလုံးသားတွေကတော့ ကိုကြီးဆီမှာ ရောက်နေမှာပဲ၊ အဲ့ချိန်ကျမှ ကိုခန့်နိုင်ရော ယုရော နောက်ဆုတ်လို့မရတဲ့ အခြေအနေတခုမှာ နှစ်ယောက်လုံး ပင်ပမ်းနေရင် ပိုစိတ်ဆင်းရဲရမယ်၊ စဉ်းစားပါ ကိုခန့်နိုင်ရယ်၊ ယုကို စောင့်စားနေတဲ့ ကိုကြီးကိုလည်း ယုသနားလှပြီ၊ ယုတို့ နှစ်ယောက်ကို လက်ထပ်ခွင့်ပြုပါ ကိုခန့်နိုင်ရယ်..”
ဟု ယုပြောခဲ့တုန်းက မချိတင်ကဲလေသံနှင့်အတူ..
“ ရက်စက်လိုက်တာ ယုရယ်”
ဆိုပြီး သူဟာ ကလေးတစ်ယောက်လို ၀မ်းနည်းစွာ ငိုကြွေးခဲ့သည်။ သူ့ကို သူငယ်ချင်းလို၊ အစ်ကိုတစ်ယောက်လို တွယ်တာမိပေမယ့် ချစ်သူလို တကယ်ချစ်လို့မရတာကြောင့် သူဘယ်လိုနာကျင်နေပစေ ယု တလျှောက်လုံး အေးစက်မာကျောစွာနှင့် နိုင်လိုမင်းထက် ဆက်ဆံခဲ့သည်။ သူ့ကို သနားပေမယ့်
ယု့ဘက်ကလည်း ဘာမှမတတ်နိုင်ခဲ့တာမို့ သူ့ကို ယုကမ္ဘာထဲက ထွက်ခွာသွားဖို့ပဲ အချိန်ရှိတိုင်း တွန်းအားပေးနေခဲ့တာ အမှန်။
“ ကိုကြီးကို သနားတယ်ဆိုတော့.. သုံးနှစ်ကျော် အနစ်နာခံပြီး ပေးဆပ်ခဲ့တဲ့ ကိုကရော.. ကိုက ယုအပေါ်မှာ ဒီသုံးနှစ်လုံးလုံး စောင့်စားခဲ့တာကရော ဘာကြောင့်လဲ ယုရဲ့.. ကို အချိန်တွေ ပိုနေလို့ ယု့ဆီမှာ အချိန်ကုန်ခံနေတယ်လို့ ယု ထင်နေတာလား.. ကို ယုကို ချစ်လွန်းလို့ အရာအားလုံးကို မျက်စိမှိတ်ထားခဲ့တာပါ…ယုက ကို တွေ့ဖူးသမျှထဲမှာ တစ်ကိုယ်ကောင် အဆန်ဆုံး မိန်းမ၊ `အတ္တကြီးတဲ့ မိန်းမ၊ ကိုယ်ဖက်ကို ကိုယ်အကြည့်ဆုံး မိန်းမတစ်ယောက်ပဲ၊ တခြားသူရဲ့ ခံစားချက်ကို နားလည်ပေးဖို့ နည်းနည်းမှ မကြိုးစားခဲ့ဘူး၊ ဝဋ်ရှိတယ်ဆိုရင်လည်း ဒီဘ၀မှာပဲ အကုန်အကျေဆပ်သွားပါရစေ” ဟု စွပ်စွဲပြောဆိုခဲ့တာတွေလည်း ယု ကျေနပ်ပါတယ်။
ယုကို သူနာကျည်းအောင်၊ မုန်းသွားအောင် ပစ်ပစ်ခါခါတွေ ပြောခဲ့တာတောင်မှ သူ့ဘက်က နောက်မဆုတ်ခဲ့။ သူ မကြိုက်သော အနေအထိုင် အပြုအမူများကို ဆက်တိုက် အရွဲ့တိုက်ပြီး သူပြောသမျွှ အကုန်ဆန့်ကျင်ခဲ့သော ယုက ..
“ နောက်ဘ၀မှာသာ ကိုခန့်နိုင်နဲ့ ယု ဆုံဆည်းခွင့်ရမယ်ဆိုရင် ယု ပြန်လည် ပေးဆပ်သင့်တာတွေ အားလုံး ယု ပြန်ပေးဆပ်ပါရစေလို့” ပြောခဲ့တုန်းက …

“ နောက်ဘ၀ ပေးဆပ်ဖို့မလိုပါဘူး.. ဒီဘ၀မှာပဲ ယုက ကို့အတွက် ဖြစ်ရင် ရပြီ”
ဆိုပြီး ခေါင်းမာမာနှင့် ပြောခဲ့တဲ့သူ၊ ယု ဘာလုပ်လုပ် အပြစ်မမြင်၊ အပြစ်မတင်တဲ့ သူ့ကို ဆုံလိုက်တဲ့အချိန်တိုင်း ဒေါသတွေဖြင့်သာ သူစိတ်ရှုပ်အောင် တမင် ဖန်တီးဖြစ်ခဲ့သည်။ နောက်ဆုံး သည်းမခံနိုင်သည့် အချိန်ရောက်ပြီး စွန့်ခွာသွားမည့် အချိန်တွင် ကိုကြီးနဲ့ ပြန်ပေါင်းထုပ်ရန်က ယုရဲ့ အဓိက ရည်ရွယ်ချက်။ သို့ပေမယ့် ယု ဘယ်လိုပင်ကြိုးစား ကြိုးစား သူ့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးပြီး သူ့ကို တစ်သက်လုံးပေးဆပ်ဖို့ ကြံရွယ်ထားတဲ့ ခန့်နိုင်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ဖြတ်စီးဖို့ နည်းပေါင်းစုံဖြင့် ကြိုးစားလည်းပဲ ယုနှင့် ပတ်သက်လျှင် နောင်တ မရတတ်သော သူ့ကို သနားအားနာမိသည်။ သူ့ဘ၀ကို ချနင်းပြီး ကိုယ့်ဘ၀ကိုယ် ပျော်ရွှင်အောင် ဖန်တီးခြင်း မဟုတ်ပေမယ့် ယုမချစ်တဲ့သူနှင့်တော့ တစ်ဘ၀လုံး အတူတကွ ပေါင်းသင်းသွားဖို့ ဆန္ဒ အလျဉ်းမရှိ။ သူ့ရဲ့ ရိုးသားတဲ့စိတ်၊ အားနာလွန်းတဲ့စိတ်၊ ယုအပေါ် နားလည်လွန်းတဲ့စိတ်၊ ယု့အပေါ်မှာ ထားခဲ့တဲ့ ဖြူစင်တဲ့မေတ္တာတွေ၊ ကျေးဇူးတွေကိုတော့ တကယ်အားတုံ့အားနာဖြစ်ခဲ့ပေမယ့် ယု ဘ၀တခုလုံး ယု့မချစ်တဲ့သူနဲ့ ပုံမဖော်ချင်တာ လူတိုင်း ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဓမ္မတာ တခုပါ။ ဝဋ်ဆိုတာ လည်တတ်တယ်ဆိုတာ သိပေမယ့် ကိုယ်ချစ်တဲ့သူအတွက်နဲ့ ကိုယ်မချစ်တဲ့သူကို မလဲနိုင်တာကြောင့် ယုကို ခွင့်လွတ်ပေးပါလို့ တောင်းဆိုရုံမှတပါး ယု ထပ်ပြောစရာမရှိခဲ့တော့။


၅-
ကျွန်တော် ယု့အကြောင်းတွေးလိုက်တိုင်း စိတ်မချမှုတွေနှင့်အတူ ရင်တွေပူလောင်ရတာ လေးနှစ်ကျော်၍ ငါးနှစ်နီးပါး ရောက်လာလေပြီ။ ယုံကြည်မှုတွေကို အလွဲသုံးစား အလုပ်ခံရတာ တော်တော် မခံချိ မခံသာဖြစ်တယ်ဆိုတာလည်း နားလည်ခဲ့လေပြီ၊ ကိုယ့်ဖက်က ပိုချစ်ရလေ ပို စိတ်မချရလေ၊ ပူလောင်ရလေဆိုတာ ကြာလာလေ ကျွန်တော် သဘောပေါက်လာလေ။ သူကို ကျွန်တော် တုန်နေအောင် ချစ်တာလည်း သူ အသိပင်ဖြစ်သည်။ သူကလည်း ကိုကြီးကို တုန်နေအောင် ချစ်တာ ကျွန်တော်သိသည်။ တကယ်လို့များဆိုတဲ့ မျှော်လင့်ချက်သည် ကျွန်တော့်အတွက် မဖြစ်နိုင်တာ ကျွန်တော် အခုတော့ ကောင်းကောင်းသိခဲ့ပြီ။

ကျွန်တော်နှင့်ပတ်သက်လျှင် အင်မတန် အေးစက်စက်နိုင်သော နှလုံးသားနှင့် အကွက်များစွာ ရွေ့နေသော ထိုမိန်းကလေးအတွက် ကျွန်တော် ပေးဆပ်ရတာ ဤမျှနှင့် လုံလောက်ပြီဟုလည်း ကျွန်တော်ထင်သည်။ ဒါကြောင့် ဒီဇာတ်လမ်းကို အဆုံးသက်တော့မည်။ အချစ်ဆိုတာ ပေးဆပ်ခြင်းနှင့် ရယူခြင်းနှစ်မျိုးပဲရှိတာဆိုတော့ ကျွန်တော်ချစ်တဲ့ သူတို့အတွက် ပေးဆပ်လိုက်တော့မယ်။ သူနှင့်ကိုကြီး တိုင်ပင်ပြီး ကျွန်တော် နောက်ဆုတ်မည့် နည်းလမ်းမျိုးစုံကို လက်ဝါးချင်း ရိုက်နေခဲ့တာလည်း ကျွန်တော်သိသိကြီးနဲ့ မသိဟန်ဆောင်နေခဲ့တာ။ ကိုကြီးနှင့် ယု ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းကြောင့် စိုးရိမ်ပူပန်ရတာလည်း ကျွန်တော့ရင်တွေ ကွဲအက်တော့မယ်။ မရနိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ မျှော်လင့်နေမယ့်အစား သူနှင့်ကိုကြီး ပျော်ရွှင်ကြည်နူးနေတာကိုပဲ အဝေးကကြည့်နေပြီး ကျွန်တော် ကျေနပ်နှစ်သိမ့်နေလိုက်တော့မည်။ ဒီထက်ပိုပြီး အချစ်အတွက် ဘာမှ ထပ်ပြီးလောဘမကြီးတော့ဘူးဟုလည်း ကိုယ့်စိတ်ကိုကိုယ် ဆုံးမပေးတာလည်း အကြိမ်အခါမနည်းတော့။ အချိန်တွေကို အလုပ်ထဲမှာပဲ စိတ်နှစ်ပြီး အရာအားလုံးမေ့နိုင်အောင် ကြိုးစားတော့မည်။ ပျော်ရွှင်ခြင်းကို ရှာဖွေဖို့ အချိန်တွေဖြုန်းလာလိုက်တာ နာကျင်ခြင်းတွေကပဲ ကျွန်တော့်ကို ၀ါးမျိုးလိုက်တာ ငါးနှစ်နားပင် ရှိတော့မည်။ နောက်ဆုံးတော့ ကျွန်တော် ပင်ပမ်းကြီးစွာ တည်ဆောက်ခဲ့သော မျှော်လင့်ချက်များမှာ ပျက်သုဉ်းခဲ့ရပြီ။
ဒီနေရာလေး ဒီထိုင်ခုံလေးမှာ ကျွန်တော်တို့ အကြိမ်ကြိမ်ရောက်ဖူး ထိုင်ဖူး ကြင်နာခဲဖူးကြပေမယ့် ဒီတစ်ခါတော့ ကျွန်တော်တစ်ယောက်တည်း ယောင်လည်လည်နဲ့။ နောက်ထပ်လည်း ဒီနေရာကို ကျွန်တော်လာဖြစ်တော့မှာ မဟုတ်တော့တဲ့အတွက် နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ လာမိတယ်။ ထိုင်ခုံလေးမှာ ထိုင်ရင်း အဝေးတစ်နေရာကို လှမ်းကြည့်ကာ သစ်ပင် တစ်ပင်ပေါ်မှာ ငှက်ကလေးတွေ ပျော်မြူးနေကြတာ ကြည်နူးစရာ။ ဒါပေမယ့် ဒါတွေက ကျွန်တော်ခံစားဖို့ မဟုတ်တော့ပါဘူးလေ၊ ကျွန်တော့်အတွက် မျှော်လင့်ချင်းတွေ အရာရာပျက်သုဉ်ခဲ့လေ ပြီ။ အားလုံးကို တသက်တာအတွက် ပြည်ဖုံးကားချလိုက်ပါတော့မယ်။
မနက်ဖန်ဆိုရင် ကျွန်တော့်သူဌေးက သြစတေးလျကို Project တခုစဖို့အတွက် ဒီကအလုပ်ကို စိတ်ချရတဲ့သူနဲ့ထားခဲ့ပြီး အပြီးပြန်ရတော့မယ်။ သူဌေးသွားပြီး တစ်လအတွင်းပဲ ကျွန်တော့်ကို လိုက်ခဲ့ဖို့ ညွှန်ကြားထားတာကြောင့် သိပ်မကြာခင်ရက်အတွင်း ကျွန်တော်လိုက်သွားဖို့ ပြင်ဆင်ရတော့မယ်။ နှုတ်ဆက်ခဲ့ပါတယ် ယုသဉ္ခာခိုင်။ မင်းနဲ့ ကိုယ်ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းမဟုတ်ပေမယ့် အနီးဆုံးရပ်ရင်း ကျောခိုင်းခဲ့ရသူပါ..
စိတ်ထဲမှာတော့ ဘယ်တော့မှ ဖြစ်မလာတော့တဲ့ ဘယ်ဘက်နံရိုးလေးတစ်ချောင်းကို ပုံဖော်ထုဆစ်နေချင်မိလည်း ယောင်ယမ်းကာမက်ခဲ့ရတဲ့ အိပ်မက်တွေကနေ နိုးထဖို့ အချိန်ကျရောက်ခဲ့လေပြီ။
ပင်ပန်းကြီးစွာ ဆုတ်ကိုင်ထားမိတဲ့ လက်တွေကို ဖြေချဖို့ အချိန်ကျရောက်ခဲ့လေပြီ။ အေးစက်နေတဲ့ ခံစားချက်တွေနဲ့ အတူ သူနဲ့အတူတူ ထိုင်ခဲ့ဖူးတဲ့ ခုံလေးမှာ ဆက်ထိုင်ဖို့ ခံနိုင်ရည်မရှိတော့တာနဲ့ ထိုင်ခုံလေးမှ ကျောခိုင်းဖို့ တစ်လှမ်းချင်း လျှောက်လှမ်းရင်း မျက်ဝန်းတွေကလည်း ပူနွေး စိုစွတ်လျက်။
ကျွန်တော် ဘာလုပ်ရတော့မလဲ။ သူ့အတွက် ဘ၀တခုလုံး အေးချမ်းစေချင်တဲ့ ဆန္ဒနဲ့ တတ်စွမ်းသလောက် ကြိုးစားပြီး အရိပ်တခုလို အုပ်မိုးလာပေးခဲ့ပေမယ့် ကျွန်တော့ထက် ပိုအေးမြမယ်ထင်တဲ့ လုံခြုံမယ်ထင်တဲ့ အရိပ်ကောင်းကောင်းတခုကို သူမ ခေါင်းသုံးကာ ရွေးချယ်သွားခဲ့လေပြီ။ သူက အရိပ်ပေါင်းများစွာကို စမ်းသပ်ခိုနားပြီးတဲ့အချိန် သူ့ဘ၀အတွက် လုံခြုံမှု အပေးနိုင်ဆုံးလို့ ထင်တဲ့ အရိပ်တခုကို ရွေးချယ်နိုင်တဲ့အတွက်လည်း ချီးကျူးမိပါတယ် ယုရယ်၊ တကယ် တော်ပါတယ် လူတွေရဲ့ ခံစားချက်တွေ၊ ပေးဆပ် အနစ်နာခံမှုတွေကို ကို လှည့်ကွက်တခုလို အသုံးချပြီး အကောင်းဆုံးလို့ထင်တဲ့လမ်းကို ရွေးချယ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ တဖက်သားရဲ့ မျက်ရည်နဲ့ခင်းထားတဲ့ လှေကားထစ်တွေပေါ် တထစ်ချင်း နင်းတက်ရင်း ပျော်ရွှင် သာယာနိုင်ကြပါစေ၊
အခုတော့လည်း အနစ်နာခံပြီး ဘာတွေ ဘယ်လိုပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့ နောက်ဆုံးတော့လည်း…. ဒါပေမယ့် ကျေနပ်ပါတယ်လေ။ တကယ်ကျေနပ်ခဲ့ပါတယ်။ ကျွန်တော်ကြောင့် သူတို့အနာဂတ်တွေ သာယာလှပ ပျော်ရွှင်ကြမှာကို တွေးတောရင်းနဲ့။ ဘယ်လိုမှ ပေါင်းစပ်ဖို့ မရတဲ့ ကံကြမ္မာတွေကို စိတ်နာစွာနဲ့ ကျောခိုင်းရင်း မဆုံနိုင်တော့တဲ့ လမ်းတဖက်ချက်ဆီမှာ ကျွန်တော်တို့ ဘ၀တွေက တဖြည်းဖြည်း ဝေးရင်း … ဝေးရင်း…. ဝေးရင်း………..

Su Lay Nge
4:30 AM
6th July 2013
မြန်မာဆိုက်ဘာမီဒီယာ အမှတ် (၆)

Saturday, August 25, 2012

ခိုင်မြဲတဲ့သစ္စာ

လူရယ်လို့ဖြစ်လာရင် ဘဝမှာ ကောင်းသောအမှတ်တရ၊ မကောင်းသောအမှတ်တရဆိုတာ ကြုံတွေ့ရ စမြဲပါ၊ ကျွန်မရဲ့ဘဝမှာလည်း အမှတ်တရများစွာရှိခဲ့ပါတယ်၊ တချို့အမှတ်တရတွေကတော့ ကျွန်မအတွက် ကံကောင်းမှုတွေကြောင့် ပျော်ရွှင်ခဲ့ရသလို တချို့အမှတ်တရတွေက ကျွန်မအတွက် နာကျင်မှုတွေကြောင့် ဖြေမ ဆည်နိုင်စွာ မေ့မရခဲ့တဲ့ အမှတ်တရတွေလည်း ရှိခဲ့ဖူးပါတယ်။

♫ ♫ ♫ မြေနီလမ်းထက်မှာ သင်းပျံ့တဲ့ ပန်းရနံ့ဟာ ခုထိမွှေးနေတုန်းပဲ
ငါတို့ကျောင်းအရိပ်မှာ အမှတ်တရပါ ဟိုးအတိတ်ဟာ တစ်ခါပြန်လိုချင်တယ်
အတူလျှောက်ဖူးတဲ့ ဒီလမ်းထက်မှာ သီချင်းများစွာ အခုထိကြားယောင်တုန်းပဲ
မေ့မရနိုင်ဘူး အတွေးထဲမှာ အချိန်တွေတိုင်းပဲရှိနေမယ် ♫ ♫ ♫

အခုတလော ကျောင်းသီချင်းတွေ နားထောင်မိတဲ့အခါ တက္ကသိုလ်တက်ခဲ့တုန်းက အတိတ် အချိန်တွေ ကို ပြန်ပြန်သတိရမိနေတယ်။ လွန်ခဲ့သော ငါးနှစ်ကျော်ကာလက တက္ကသိုလ်မြေကို ပြန်အောက်မေ့ကာ လွမ်းမောမိသည်။ အချိန်တန် ကျောင်းပြီးလို့ ကိုယ်စီလုပ်ငန်းခွင်ဝင်သူဝင် ကိုယ်ပိုင် စီးပွားရေးလုပ် သူတွေ လည်းလုပ်လို့။ ခွဲခွာကြရပေမယ့် အကြောင်းတိုက်ဆိုင်တိုင်း တစ်ချိန်တုန်းကဆိုတဲ့ တက္ကသိုလ် ကျောင်းသူဘဝ ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်လွမ်းမိတယ်။ ကျွန်မ ဆယ်တန်းအောင် တဲ့အချိန်က ကျွန်မမျှော်လင့်ထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့ နီးလာတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဝမ်းသာ မိတယ်။ ကျွန်မဘဝမှာ အဖြစ်ချင်ဆုံးက တက္ကသိုလ်က နည်းပြတစ်ယောက်။
ကျွန်မတို့တက်ခဲ့သည့် တက္ကသိုလ်သည် မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်။ ရတနာပုံတက္ကသိုလ်သည် အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ တက္က သိုလ် တစ်ခုပင် ဖြစ်သည်။ တစ်ခါတစ်ရံ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်တည် ဆောက်ထားသည့် ဦးပိန်တံတားကိုလည်း ကျွန်မတို့ ကျောင်းကြီးကို သတိရမိသလို မကြာခဏ သတိရမိသည်။ ကျောင်းတက်လျှင် များသောအားဖြင့် ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့လုံး ဆိုင်ကယ်နှင့် သွားကြသည်။ မိန်း(မန္တလေးတက္ကသိုလ်ဟောင်း)ထဲမှ ကျောင်းအထိဆိုလျှင် နာရီဝက်နီးပါးလောက် မောင်းရပါတယ်။
တက္ကသိုလ်တက်ရသောအချိန်များသည် ကျွန်မဘဝအတွက် အပျော်ရွှင်ဆုံး ကာလများဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်နဲ့တူတဲ့ လှုပ်ရှားမှု၊ ရင်ခုန်မှုတွေကတော့ တက်ဖူးသူတိုင်း အမှတ်တရရှိကြမှာပါ။ မှတ်မှတ်ရရ ပထမနှစ် စတက်ခါစက ရင်တွေခုန်၊ စိတ်တွေလှုပ်ရှား၊ နည်းနည်းအူကြောင်ကြောင်နိုင်သော်လည်း သိပ်မကြာခင် ရက်များအတွင်း ကျွန်မနေသားကျသွားခဲ့သည်။ ကျောင်းမှာလည်း သူငယ်ချင်းများ တိုးပွားလာသလို အခန်းဖော်များဖြစ်သော နွေးနွေး၊ ဆုဆုလတ်တို့နှင့် ရင်းနှီးသွားသည်။ နွေးနွေးရော၊ ဆုဆုလတ်ရော နှစ်ယောက်စလုံး မိုးကုတ်သူများဖြစ်သည်။ နွေးနွေးက မြန်မာမလေးဖြစ်သော်ငြားလည်း အသားလေးများ ဖွေးဥပြီး တရုတ်မလေးတစ်ယောက်၏ မျက်လုံးမျက်ဖန်မျိုးနှင့် ရုတ်တရက်ကြည့်လိုက်လျှင် တရုတ်မလေးဟု ထင်မှတ်ရသည်။ ဆုဆုလတ်က ဂေါ်ရခါးမလေး။ ဂေါ်ရခါးမလေး ဆိုပေမယ့် အသားအရေ အတော်လှသည်။ မျက်လုံးကလည်း ဝိုင်းဝိုင်းလေးနှင့် ဆံပင်အကောက်နှင့်ဆိုတော့ အရုပ်မလေးသဖွယ် လှပသူဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး စိတ်သဘောထားပြည့်ဝကြသူများ ဖြစ်ကြသည်။ နှစ်ယောက်စလုံး ကျွန်မထက် နှစ်နှစ်နီးပါးငယ်ကြ၍ ကျွန်မကို မမ ဟုခေါ်ကြသည်။ ကျွန်မက သူတို့ နှစ်ယောက်လုံးကို ညီမအရင်းလို ချစ်သလို သူတို့နှစ်ယောက်ကလည်း ကျွန်မကို အစ်မတစ်ယောက်လို အားကိုးကြသည်။
ဒုတိယနှစ်တွင် ကျွန်မအတွက် ပိုပျော်ရွှင်ခဲ့သော အချိန်များဖြစ်ခဲ့လေသည်။ ကျောင်းတက်သည့်အချိန် ကြာလာလေလေ ကျောင်းရဲ့ အနေအထား၊ ဒေသ၊ ကျောင်းရဲ့ ဓလေ့စရိုက်နဲ့အတူ ကျောင်းပွဲတွေအကြောင်း အတော်အတန် သိလာတဲ့အခါ ကျောင်းတက်ရက်တွေက ပိုလို့အသက်ဝင်ကာ သူငယ်ချင်းတွေလည်း ပိုများ လာခဲ့သည်။ ကျွန်မ၏သူငယ်ချင်းများအားလုံးသည် အဆောင်မနေဘဲ မိမိတို့အိမ်မှ ကျောင်းတက်ကြသူ များသည်။ ကျွန်မတစ်ယောက်သာလျှင် အိမ်မှ ကျောင်းမတက်ဘဲ အဆောင်မှာနေ၍ ကျောင်းတက် ဖြစ်သည်။ အဆောင်သာနေပေမယ့် ကျွန်မအိမ်က လာရှာတိုင်း အဆောင်မှာ ကျွန်မကိုမတွေ့လို့ မကြာခဏ အဆူခံရသည်။ သို့သော် ကျွန်မက သူငယ်ချင်းများနှင့် အသွားအလာမပျက်။ ကျွန်မသူငယ်ချင်းများဖြစ်သည့် အိအိကျော်ငြိမ်း၊ ငုဝါဆွေ၊ သက်မွန်၊ အောင်ခန့်၊ နိုင်လင်း၊ ပြည့်ဖြိုးမောင်တို့သည် ကျောင်းမသွားခင် ကျွန်မ အဆောင်သို့လာ၍ လူစုပြီး လူစုံမှသာ ကျောင်းသို့ တက်ညီလက်ညီသွားကြသည်။ နိုင်လင်းမှာ ငုဝါဆွေနှင့် ပတ်သက်ပြီးတော့မှ ကျွန်မတို့ သိလာရသည့်သူငယ်ချင်းဖြစ်သည်။ ငုဝါဆွေကို လိုက်နေသူလည်းဖြစ်သည်။ ကျန်သည့်သူငယ်ချင်းများ အားလုံးက ရည်းစားမရှိကြချေ။
ကျောင်းသွားချိန်တော့ အဆောင်ကနေ အုပ်စုလိုက် လူစုံပြီးဆိုတာနှင့်ထွက်ကြပေမယ့် ပြီးလျှင် ကျောင်းမရောက်သည့်ရက်က ပိုများသည်။ တစ်ခါတလေ ယောကျာ်းလေးအဖွဲ့က ထန်းတောထဲသွားပြီး ထန်းရေသောက်သည့်အချိန်များတွင်လည်း ကျွန်မတို့မိန်းကလေးအဖွဲ့က အတန်းတက်လျှင်တက်၊ ရုပ်ရှင်ကြည့်သည့်အခါကြည့် ဒါမှမဟုတ် တစ်ယောက်ယောက်၏ အတန်းထဲ အားလုံးစုထိုင်ကာ ထွေရာလေးပါး ပြောလိုပြော၊ တခါတလေ အဖွဲ့လုံး မန္တလေးတောင်ပေါ်သွားလိုသွား၊ ဦးပိန်တံတားပေါ်တွင် လမ်းလျှောက်လိုလျှောက်၊ ရတနာပုံတက္ကသိုလ်နှင့် ဦးပိန်တံတားသည် နီးသဖြင့် ကျောင်းသား ကျောင်းသူတိုင်းလိုလို ဦးပိန်တံတားတွင် လေညင်းခံ လမ်းလျှောက်ဖူးကြသည်။ နေပူသည့်အချိန်ဆိုလျှင် တံတားအောက်တွင် ထန်းရွက်မိုးထားသည့် စားသောက်ဖွယ်ရာဆိုင်များတွင် ထိုင်ကာ စားသောက်ကြသည်။
တံတားအောက်ဘက်မှ ဆိုင်များတွင် ကောက်ညှင်းပေါင်းနှင့် အကြော်စုံ၊ ငါးကြော်၊ ပုဇွန်ကြော်၊ ပြောင်းဖူးကြော်၊ လက်ဖက်သုပ်၊ အသုပ်စုံ အစုံရသည်။ တစ်ခါတစ်ရံ ၎င်းအကြော်ဆိုင်များတွင် ထိုင်ကာ နိုင်လင်းယူလာသော ဂစ်တာအား သူတို့ယောက်ျားလေးအဖွဲ့က ဂစ်တာတီးပြီး သီချင်းတွေဆိုပြ၊ မိန်းကလေးတွေက သီချင်း နားထောင်လိုက် သူတို့ကိုဟားလိုက်၊ မုန့်တွေလုစားလိုက်နဲ့ တကယ့်ကို ပျော်ရွှင်ဖို့ ကောင်းခဲ့ပါတယ်။ တစ်ခါတစ်ရံ ကန်ပတ်လမ်းက အအေးဆိုင်မှာထိုင် ဂစ်တာတီးသူကတီး သီချင်းဆိုသူကဆို ဟာသတွေပြောကြ ရယ်ကြမောကြနှင့် တစ်ခါတစ်ရံ၌လည်း ကာရာအိုကေသီချင်းသွားဆိုဖြစ်ကြသည်။
ပထမနှစ် Second Semester ဖြေခါနီးတစ်ရက် ကျွန်မတို့တစ်တွေ ဦးပိန်တံတားအောက်က ဆိုင်တစ်ဆိုင်မှာ ထိုင်ကာ စာကျက်သူကကျက်၊ တွက်သူကတွက် စကား ပြောသူကပြောနှင့် ထိုင်နေစဉ် နိုင်လင်းမှ သူ့သူငယ်ချင်းတစ်ယောက်ကိုခေါ်ကာ ကျွန်မတို့အဖွဲ့နှင့် မိတ်ဆက်ပေးခဲ့သည်။ သူ့နာမည်က သူရအောင်၊ ပုံစံကတော့ လူကြီးပုံစံပေါက်ကာ သိပ်စကားလည်းမပြောပဲ ခပ်အေးအေးပင်နေတတ်သည်။ ပထမပိုင်း သူရောက်ခါစကတော့ နည်းနည်း ခပ်တန်းတန်းရှိသော်လည်း သိပ်မကြာခင် သူလည်း အားလုံးနှင့် ခင်မင်သွားသည်။ သို့သော် သူရအောင်သည် နိုင်လင်းလို အပြောင်အပြက်တွေ သိပ်မပြောတတ်ပါ။ အခြားသူများတွေ ဟာသတွေ ပြောလျှင်လည်း သူက လိုက်သာရယ်နေတတ်သည်။ သူပြုံးရယ်လိုက်လျှင်တော့ သွားတက်ကလေးတွေနှင့် ကလေးတစ်ယောက်လိုဖြူစင်သည့် မျက်နှာမျိုးဖြစ်သည်။
သူရအောင်၊ နိုင်လင်းနှင့် ငုဝါဆွေတို့က အီကို။ အိအိကျော်ငြိမ်း၊ သက်မွန်၊ အောင်ခန့်၊ ပြည့်ဖြိုးမောင်နှင့် ကျွန်မက မြန်မာစာ။ တဖြည်းဖြည်းနဲ့ ကျွန်မတို့ ဒုတိယနှစ် Second Semester ဖြေဖို့ နီးလာလေပြီ။ ပျော်လိုက် ပါးလိုက်ဖြင့် အချိန်တွေကုန်ဆုံးသွားသော်လည်း စာမေးပွဲကျမှာတော့ ကျွန်မကြောက်မိသည်။ ဒါကြောင့် မနက်စောစောပိုင်းနှင့် နေ့ခင်းကျောင်းမသွားခင်အချိန်တွင် ကျွန်မစာကျက်ချိန်အဖြစ် သတ်မှတ်ကာ ကျက်လေ့ရှိသည်။ ညပိုင်းတွင် စာကျက်လို့ သိပ်အဆင်မပြေပါ။ အဆောင်ရှေ့တွင် ဂစ်တာတီးသည့်သူများ သီချင်းတောင်းသည့်သူများနှင့် ဂစ်တာသံများကြောင့် စာကျက်ရတာ သိပ်အာရုံမရ။ ဒါကြောင့် နေ့ခင်းကျောင်း မသွားမီ ကျွန်မ ရေချိုး အလှပြင်ပြီး အချိန်ပိုနေသဖြင့် စာတစ်ပုဒ် ရလိုရငြား ထိုင်ကျက်နေစဉ်။
“ညိုရေ ဧည့်သည်လာတယ်”
အဆောင်မှူး မမိုး၏အသံကြောင့် ကျွန်မစာဖတ်ရာမှထကာ ပြတင်းပေါက်မှ ကြည့်မိလိုက်သည်။ အဆောင်အောက်တွင် ကျွန်မအခန်းသို့ DT ဆိုင်ကယ်ပေါ်မှ မဆင်းဘဲမော့ကြည့်နေတဲ့ သူရအောင်ကို လှမ်းမြင်လိုက်သည်။ ကျွန်မကိုမြင်တော့ ဆင်းခဲ့ဖို့ အရိပ်အကဲဖြင့်ပြောသည်။ ဒီနေ့ သူ့မျက်နှာကို ကြည့်ရသည်မှာ ရွှင်ရွှင်ပျပျမရှိဘဲ အနည်းငယ် ညို့မှိုင်းနေသလိုပင်။ ဒီနေ့ သူအစောဆုံးရောက်လာတာပဲ ဟု စိတ်ထဲက တွေးလိုက်မိသည်။
“ဟုတ် မမိုး လာပြီ”
ဟု ပါးစပ်ကလည်းပြော ခါးမရောက်တရောက် ဆံပင်တွေကို လက်ဖြင့် သပ်ကာ အခန်းထဲမှထွက်၍ လှေကားမှ တဒုန်းဒုန်းနှင့် ပြေးဆင်းသွားသည်။ အဆောင်အောက်ရောက်တော့ သူမက မေးလိုက်သည်။
“သူရ စောလှချည်လား…. ဘယ်သူမှလည်းမရောက်ကြသေးဘူး..”
“အင်း ဟုတ်တယ် ငါနည်းနည်းစောစောထွက်လာတာ.. နင်အခုဘာလုပ်နေလဲ”
“စာကျက်နေတာ”
“သြော် ဒါဆို လက်ဖက်ရည်သွားသောက်ရအောင်..စာနောက်မှဆက်ကျက်လေ”
“ဒါဆို ကျန်တဲ့သူတွေလာရင်ကော..”
“မမိုးကို မှာခဲ့လိုက်လေ.. ကောင်းထက်ကျော်ကို လိုက်ခဲ့ဖို့”
“သြော် အေးအေး.. ဒါဆို ငါအင်္ကျီလဲဦးမယ် ခဏစောင့်နော်”
“အင်း..”
ဟု ပြောကာ အဆောင်ရှေ့ အုတ်ခုံတွင် ဆိုင်ကယ်ပေါ်မှဆင်းကာ ထိုင်နေသည်။ ကျွန်မ အဝတ်အစားအမြန်လဲ ခေါင်းလေးဖြီး ကျောပိုးအိတ်လေးဆွဲကာ ပြန်ဆင်းခဲ့ပြီး..
“ငါ့ဆိုင်ကယ်ထုတ်ပေးဦး”
“ငါ့ဆိုင်ကယ်နဲ့ပဲလိုက်လေ.. သူတို့တွေလာလို့ ဆိုင်ကယ်မလောက်မှ လာယူမယ်”
“အေး ဒါဆိုလည်း သွားကြတာပေါ့”
ဆိုင်ကယ်ပေါ်တက်ပြီး ကောင်းထက်ကျော်ဘက် ထွက်လာခဲ့သည်။
“ဒီနေ့ ဘာဖြစ်လာတာလဲ”
“ဘာမှမဖြစ်ပါဘူး.. ဘာလို့လဲ”
“ တစ်ခုခုဖြစ်လာသလားလို့လေ..”
“နင်ကလူကဲခတ်တာ တော်သားပဲ”
သူပြောချင်ပုံမရသဖြင့် ကျွန်မလည်း ဆက်မေးမနေဘဲ တိတ်တဆိတ်ပဲ ဆိုင်ကယ်နောက်က လိုက်လာ မိသည်။ ကျွန်မတို့အဆောင်နှင့် တစ်လမ်းကျော်တွင် စာအုပ်ငှားဆိုင်၊ ထမင်းဆိုင်၊ ကုန်စုံဆိုင်၊ မိတ္တူဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်နှင့် လက်ဖက်ရည်ဆိုင်စသည်ဖြင့် ဆိုင်တွေ စုံစုံလင်လင်ရှိသည်။ အဆောင်ထိပ်တွင် ကားလမ်းမကို လမ်းဖြတ်ကူးလိုက်သည်နှင့် Friend လက်ဖက်ရည်ဆိုင်ရှိသည်။ ကားလမ်းမ တစ်လျှောက်တွင်လည်း အဝတ်အစားဆိုင်၊ ဖန်စီပစ္စည်းဆိုင်၊ အစားအသောက်ဆိုင်၊ အလှပြင်ဆိုင်တွေနှင့် တခြားဆိုင်များ ဟိုဘက်ဒီဘက် လမ်းမတစ်လျှောက် ဆိုင်တွေစုံလင်လှသည်။ ကျွန်မတို့ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း Friendတွင် သိပ်ထိုင်လေ့မရှိ။ ထိုင်သူများလွန်းသဖြင့် အရမ်းဆူသလို ခံစားရသောကြောင့်ဖြစ်သည်။ များသောအားဖြင့် ထိုင်တတ်သည့်ဆိုင်များမှာ ၆၉ လမ်းပေါ်မှ လက်ဖက်ရည်ဆိုင်နှင့် ကျွန်မအဆောင်၏ တစ်လမ်းကျော်မှ ကောင်းထက်ကျော်ဆိုင်မှာသာ ထိုင်တတ်သည်။ တစ်ခါတစ်ရံ မိန်းထဲက Ruby မှာလည်း ထိုင်ဖြစ်သည်။ ကောင်းထက်ကျော်ဆိုင်ရှေ့ ရောက်သောအခါ သူရက ဆိုင်ကယ်ကို ထိုးရပ်လိုက်သည်။ သည်ဆိုင်သည် များသောအားဖြင့် လူရှင်းသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးဆေးဆေး စကားပြောလို့ကောင်းသော ဆိုင်တစ်ဆိုင်ပင်ဖြစ်သည်။ ဆိုင်ထဲရောက်သောအခါ ထောင့်တစ်ခုမှ စားပွဲမှာ နေရာယူကာ ထိုင်လိုက်ပြီးနောက် သူရက…
“ညို နင်ဘာသောက်မှာလဲ...”
“ဘာမှမသောက်တော့ဘူး.. ငါနင်မလာခင်မှ ထမင်းစားထားတာ ဗိုက်ပြည့်နေတယ်”
“တစ်ခုခုတော့သောက်.. စတော်ဘယ်ရီပဲမှာလိုက်မယ်နော်.. စတော်ဘယ်ရီတစ်ခွက်.. ဖန်ဆိမ့် တစ်ခွက်”
ဟု လှမ်းမှာလိုက်သည်။ ကျွန်မ ဗိုက်အတော်အတန်ပြည့်နေသော်လည်း ငြင်းမနေတော့ဘဲ သူမှာသလိုသာ ငြိမ်နေလိုက်သည်။ ကျွန်မ လက်ဖက်ရည်၊ ကော်ဖီ မသောက်တတ်မှန်း သူသိသည်။ ဆိုင်ထိုင်လျှင် ကျွန်မသောက်တတ်သည့် အသီးအနှံဖျော်ရည်မှာ စတော်ဘယ်ရီ(သို့) ထောပတ်သီးဖျော်ရည် အသောက်များသောကြောင့် ထိုနှစ်မျိုးထဲမှ တစ်မျိုးမျိုးသောက်မည်ဟု သူခန့်မှန်းထားပုံရသည်။ မှာစရာရှိတာမှာပြီးနောက် စကားလည်းမပြောဘဲ အဝေးတစ်နေရာကိုသာ သူလှမ်းကြည့်နေလေသည်။ သူ့ပုံစံ ကြည့်ရတာ တစ်ခုခုကြောင့် ကြေကွဲနေသလိုလို၊ တစ်ခုခုကြောင့် နင့်နင့်နဲနဲခံစားနေရသလိုလို။ တစ်စုံတစ်ခုကိုပဲ လေးလေးနက်နက် တွေးနေသလိုလို။ ကျွန်မလည်း မသိလိုက် မသိဘာသာပင် ဂျာနယ်တစ်စောင်ဆွဲယူပြီး ဟိုလှန်ဒီလှန်နှင့်ကြည့်နေလိုက်သည်။ ဂျာနယ်ထဲမှ မော်ဒယ်တစ်ဦး၏ မေးဖြေကဏ္ဍကို ကြည့်နေစဉ်..
“ညို”
“အင်း.. ”
ကျွန်မ ဂျာနယ်မှ မျက်နှာမခွာဘဲ သူခေါ်တာကို ထူးလိုက်မိသည်။
“ငါ့ကို ကြည့်ပါဦး ..ညိုရဲ့.. ” တဲ့။
“အင်း..ပြောလေ”
ကျွန်မ ဂျာနယ်ကိုပိတ်လိုက်ပြီး သူ့ကိုကြည့်၍မေးလိုက်သောအခါ..
“နင့်ဆံပင်တွေက အရမ်းလှတာပဲ” တဲ့၊ ခါးနားမရောက်တရောက်ကျွန်မဆံပင်တွေ ကြည့်၍ ပြောနေပြန်သည်။
“အဲ့ဒီတော့ ဘာဖြစ်တုန်း... ဒါနဲ့ ငါ့ဆံပင်ကို နင် အခုမှသတိထားမိတယ်ပေါ့...ညံ့လိုက်တာဟယ်”
“သိတာကြာပါပြီ.. မပြောရဲလို့”
“ဖြစ်ရလေ သူရရယ် ” ဟု ပြောပြီး ကိုယ့်ဘာသာ သဘောကျသဖြင့် ကျွန်မ သူ့မျက်နှာကြည့်ပြီး ခပ်တိုးတိုးရယ်မိလိုက်သည်။
“တကယ်ပြောတာ၊ မရယ်ပါနဲ့ ညိုရယ်”
“အွန်.. ဘာလို့တုံး သူငယ်ချင်းရဲ့”
သူဘာမှမပြောဘဲ.. ကျွန်မကိုပဲ ခပ်စိုက်စိုက်ကြည့်နေလေသည်။ ခဏကြာသောအခါ
“ညို”
“အင်း”
“ဘာမှမဟုတ်တော့ပါဘူးဟာ..”
“နင်ဒီနေ့ ဘာတွေဖြစ်နေတာလဲဟင်၊ ထူးတော့ထူးခြားနေတယ်၊ ဘာဖြစ်နေမှန်းတော့ ငါလည်း မခန့်မှန်းတတ်ဘူး”
“ဘာမှမဖြစ်ဘူး၊ ဒီနေ့မှ နင်နဲ့ နှစ်ယောက်တည်း သီးသန့်ထိုင်ချင်လို့၊ နောက်ရက်တွေလည်း ငါ လာခေါ်မယ်နော်”
“အင်း လာခေါ်လေ.. ”
“အေးအေး”
ဆိုင်ရှေ့တွင် ငုဝါဆွေတို့ အဖွဲ့တွေ ဆိုင်ကယ်တွေကိုယ်စီဖြင့် ရောက်လာကြသည်။ ငုဝါဆွေနှင့် နိုင်လင်းက တစ်စီး၊ အိအိကျော်ငြိမ်းနှင့် သက်မွန်က တစ်စီး၊ ပြည့်ဖြိုးမောင်နှင့် အောင်ခန့်က တစ်စီးစီ။ ဆိုင်ထဲ ဝင်လာလာချင်း အိအိကျော်ငြိမ်းက..
“ဟယ် စုံတွဲခုတ်နေတယ်တော့၊ မိညို နင့်အကြံဒါအကုန်ပဲလား၊ ပြောစမ်း”
ဟု လှမ်းနောက်လေသည်။ ဒီတော့ ကျွန်မက
“မိငြိမ်း ဘာတွေပြောနေတာလဲ၊ သူရက စောလာပြီး လက်ဖက်ရည်သောက်ချင်တယ်ဆိုလို့ လာခေါ် လို့ နင်တို့ကို ဆိုင်ထိုင်ရင်း စောင့်နေတာ”
“ဟုတ်တယ် ငြိမ်း၊ သူ့ကို စာကျက်နေတယ်ဆိုလို့ ကြည့်မရတာနဲ့ ခေါ်လာခဲ့တာ”
“မွန်လည်းသတိထားမိတာကြာပြီ။ သူရအကြည့်တွေ ညို့ပေါ်မှာ မရိုးသားဘူးလို့.. ညည ဂစ်တာလာ တီး ရင်လည်း မျက်လုံးတွေက ညို့ဆီမှာပဲ၊ နောက်ပြီး မုန့်တွေလဲ ညို့အတွက် ခဏခဏ ဝယ်ဝယ် လာ တယ်”
သူရကတော့ မွန်ပြောတာကို ဟုတ်တယ်လည်းမပြော၊ မဟုတ်ဘူးလည်းမပြောဘဲ ရယ်ပဲရယ်နေတယ်။
“မဟုတ်ရပါဘူး မွန်ရယ်၊ နင်ထင်တာတွေ လျှောက်ပြောနေပြန်ပြီ”
“ထင်တာမဟုတ်ဘူး ညိုရဲ့၊ မြင်တာပြောတာ”
အချွန်နှင့်ဝင်မ,တဲ့သူနဲ့ ပင့်တဲ့သူနဲ့ ရယ်တဲ့လူနဲ့ ဟုတ်တော့ဟုတ်နေကြတာပဲ။ ဒီကြားထဲ ပြည့်ဖြိုးမောင် ကလည်း တဟီးဟီးနှင့် သဘောတွေကျကာ
“ဟုတ်တယ် ညို၊ ဒီကောင် နင့်အပေါ်မရိုးသားတာ ငါအသိဆုံး၊ သူရ ဟိုနေ့ညက ငါ့ကိုပြောပြတဲ့ကိစ္စ ပြန်ပြောလိုက်ရမလား”
ဟုပြောပြီး ထိုင်ရာမှထပြေးသည်။ သူရက ရှက်ရှက်နှင့် လက်သီးနှင့် လိုက်ထိုးသည်။ ဆိုင်ထဲတွင် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြသည်။ ထိုဆိုင်ကလည်း လာနေကျ ရင်းနှီးနေလို့သာ တော်တော့တာပေါ့။ အိကလည်း တစ်စခန်းထပြီး..
“ကိုဖြိုး ဘာပြောတာလဲ ငါ့တို့ကိုလည်းပြောပြ” ဆိုပြီး လုပ်နေပြန်သေးတယ်။ ဒီတော့ ကျွန်မပဲ ကြားထဲက စကားဖြတ်ပြီး…
“ကဲ.. နင်တို့သောက်ဦးမှာလား၊ ကျောင်းပဲ တန်းသွားကြမလား”
“မသောက်တော့ဘူး ဒီနေ့အတန်းတက်မှရမယ်၊ ဒီနေ့ဆရာမ ဒေါ်ဖြူဖြူဝင်းအချိန်ပါတယ်၊ မတက်ရင် ပြဿနာတက်လိမ့်မယ် သွားကြရအောင်”
ငုဝါဆွေက ပြောသည်။ ဒါနှင့်ပိုက်ဆံရှင်းကာ ကောင်းထက်ကျော်မှ ထွက်လာခဲ့ကြသည်။ ဆိုင်ကယ်နား ရောက်တော့
“ငါ ဘယ်သူ့နောက်က လိုက်ရမှာလဲ”
“နင့်ကိုကို နောက်ကလိုက်” တဲ့။ ငုဝါဆွေလုပ်ပုံက ကြည့်ဦး။ ကိုယ်တော်ချောကတော့ ဘာပြောပြော ရယ်သာရယ်နေတော့ သူ့ကိုလည်း ထုချင်စိတ်တွေ ပေါက်လာတယ်။ မဟုတ်ပါဘူး ဘာညာ နည်းနည်းပါးပါး ပြန်ပြောတာမဟုတ်ဘူး။ ဒီသာလိကာမတွေကို ကျွန်မနိုင်အောင် မပြောနိုင်မှန်းလည်း သိသားနဲ့။
“ညည်းနော် .. ကျုပ်စိတ်တိုလာပြီ တကယ်ပဲ”
“မနောက်ပါနဲ့ ငုဝါရယ်၊ ညိုငိုတော့မယ်”
ဆိုင်ကယ်တွေပေါ်ရောက်တဲ့အထိ သူတို့ စလို့နောက်လို့ မပြီးချင်သေး။ ကျွန်မလည်း မျက်နှာပူပူနှင့် ငြိမ်ငြိမ်သက်သက်သာ သူရအောင် နောက်ကနေ လိုက်လာခဲ့သည်။
“ညို..”
“ပြော..”
“စိတ်ဆိုးနေတာလားဟင်..”
ကျွန်မလည်းဘာမှပြန်မပြောပဲ ဒီတိုင်းပဲနေလိုက်မိတယ်။

“ညိုသာမသိတာ အကုန်လုံးသတိထားမိနေတဲ့ဟာကို ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲဟင်”
“ဘာကိုသိရမှာလဲ..”
“တကယ် မသိဘူးလား ညို”
သူ့မေးခွန်းအဆုံးမှာ ကျွန်မအပေါ် တစ်စတစ်စပြောင်းလဲလာခဲ့သော အကြည့်များ ဂရုစိုက်မှုများမှ တစ်ဆင့် မရိုးသားတော့ဘူးဆိုတာ သိထားပေမယ့်လည်း မသိချင်ယောင်ဆောင်ထားဖြစ်ခဲ့သည်။
` “ငါ… ငါ လေ … ညို့ ကို …. ဟာ ဘယ်လိုပြောရမလဲ… ကျွတ်”
“ကဲ… ဘယ်လိုမှမပြောနဲ့တော့… ငါ သိပြီပဲ ထားလိုက်ပါတော့… နောက်ကျကျန်ခဲ့မယ်..သူတို့တွေကို မြန်မြန်မီအောင်လိုက်”
“အချိန်တွေတော့ အရမ်းမစွဲပါနဲ့ ညိုရယ်… နော်”
“အေးပါ..”
ဒီလိုနဲ့ တိတ်တိတ်ဆိတ်ဆိတ်ကျောင်းကို ရောက်လာကြတယ်။ သူလည်းဘာမှဆက်မပြောသလို ကျွန်မလည်း ဘာမှမမေးနေတော့ဘဲ ငြိမ်ငြိမ်သက်သက်ပဲနေမိတယ်။
သူဖွင့်ပြောပြီးသည့်နောက်ပိုင်း ကျွန်မ တစ်ခါတလေ သူ့ကို ချစ်သူအဖြစ် စိတ်ကူးကြည့်မိသည်။ သို့သော် မောင်တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ခံစားချက်ထက် ပိုမလာခဲ့။ သူသည် ကျွန်မအပေါ် တွင် အစစအရာရာ သိတတ်လွန်းသူ ဖြစ်သော်လည်း ချစ်သူအဆင့်ထိ သတ်မှတ်ဖို့ရာ မဖြစ်နိုင်ဟု ထိုအချိန်က ကျွန်မတွေးထင်ထားသည်။ သူသည် ကျွန်မနှင့် အသက်တစ်နှစ်ကျော်ငယ်သော်လည်း အင်မတန်စိတ်ရှည်ကာ လူကြီး ဆန်သူတစ်ဦးလည်း ဖြစ်သည်။ သူသည် ကျွန်မအပေါ်တွင် လိုအပ်တာထက် အနွံတာခံကာ ကျွန်မ စိတ်ဆိုး စိတ်ကောက်တိုင်း စိတ်ရှည်လက်ရှည် ချော့တတ်သူဖြစ်ပါသည်။ ကျွန်မသည် သူ့အပေါ်တွင် သူငယ်ချင်းသံယောဇဉ်အပြင် သူ့အား တစ်ခုခုဆို အလွန်လည်း အားကိုးမိပါသည်။ စိတ်လည်း မကြာခဏ ကောက်ပြတတ်ပါသည်။ သူသည် တစ်ခါတစ်ရံ ကလေးလိုချွဲချွဲလေးပြောတတ်ပေမယ့် တစ်ခါတစ်ရံ ကျွန်မကို လောကကြီးမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သွန်သင်ဆုံးမတတ်ပါသေးသည်။ မိန်းကလေးပီပီ သိမ်သိမ် မွေ့မွေ့လေး နေတတ်ထိုင်တတ်အောင် မိမိကိုယ်ကို တန်ဖိုးထားနေထိုင်တတ်အောင်လည်း သူသိသလောက် မှတ်သလောက် ပြောပြတတ်သည်။ တစ်ခါတစ်ရံ ချစ်စဖွယ်စကားလေးတွေလည်း ပြောတတ်သလို တစ်ခါ တစ်ရံ လည်း ကျွန်မမကြိုက်တဲ့ စကားမျိုးတွေလည်း ရှာကြံပြောတတ်ပါသေးသည်။
ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် သံယောဇဉ်တွေရှိခဲ့ကြပေမယ့် ချစ်သူအဖြစ်ကို မရောက်ဖြစ်ခဲ့ပါ။ ကျောင်းသာ ပြီးသွားခဲ့တယ် သူကတော့ အဖြေရနိုး ရနိုးနဲ့ မျှော်တလင့်လင့်နဲ့ပေါ့။ Final ဖြေပြီး နောက်တစ်နေ့မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်လို့ တိုင်ပင်ခဲ့ကြပေမယ့် အဲ့ဒီနေ့မှာပဲ မေမေ နေမကောင်းလို့ ဆေးရုံတက်ရတာနဲ့ ကျွန်မ အဆောင်ကနေ အိမ်ပြန်ပြီး မေ့မေ့ကို ဆေးရုံမှာ လူနာစောင့်ပေးခဲ့ရတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းအားလုံးလည်း ကျွန်မကြောင့် အစီအစဉ်တွေ ပျက်ခဲ့ရသလို ကျွန်မနဲ့တွေ့ဖို့လည်း နည်းနည်းဝေးကွာသွားတယ်ဆိုပါတော့။ မေမေလည်း ဆေးရုံတစ်ပတ်လောက်တက်ပြီး သက်သာလာလို့ ဆေးရုံက ဆင်းခဲ့ရတယ်။ ကျန်တဲ့သူငယ်ချင်းတွေနဲ့ အဆက်အသွယ်တွေ ကျဲသွားခဲ့ပေမယ့် သူရတစ်ယောက်ကတော့ အိမ်ကို မကြာခဏ ရောက်ရောက်လာတတ်တယ်။ တစ်ခါတလေလည်း တူတူ လျှောက်လည်ကြပေါ့။ အခွင့်အရေးရတိုင်း သူလည်း ကျွန်မဆီကအဖြေရဖို့ ကြိုးစားသလို ကျွန်မဘက်ကလည်း အောင်စာရင်းတွေ ထွက်တဲ့နေ့ကျရင် ပေးမယ်လို့ စိတ်ကူးပြီး သူ့ကို စောင့်ခိုင်းလိုက်မိတယ်။
အောင်စာရင်းတွေ ထွက်တဲ့အချိန်မှာတော့ ငုဝါဆွေတစ်ယောက်သာ ဂုဏ်ထူးပါပြီး ကျွန်မနှင့် ကျန်သည့် သူငယ်ချင်းများအားလုံး ရိုးရိုးပဲအောင်ကြပါတယ်။ ကျွန်မရည်မှန်းထားတဲ့ တက္ကသိုလ်က ဆရာမဖြစ်ဖို့ဆိုတာ ဝေးသွားခဲ့ပါတယ်။ စိတ်ဓာတ်အကြီးအကျယ်ကျပြီး ငိုရုံမှတစ်ပါး ဘာမျှမတတ်နိုင်ခဲ့ပါဘူး။ ဒါနဲ့ပဲ စိတ်ပြေလက်ပျောက် အလုပ်လုပ်ဖို့ဆုံးဖြတ်ရင်း အိမ်ကလည်း ခွင့်ပြုခဲ့တာကြောင့် ရန်ကုန်က အစ်မဝမ်းကွဲ တစ်ယောက်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့သည်။
ကျွန်မ ရန်ကုန်သွားရမယ့်ရက်မှာ သူရအောင်က ကားဂိတ်ကို လိုက်ပို့ပေးပါတယ်။ ကျွန်မရဲ့ အထုပ်တွေကိုလည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ ကားကြီးဝင်းကို ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပို့ပေးကြ တယ်။ နောက်ပြီး ရန်ကုန်က အစ်မတွေစားဖို့အတွက် ထိုးမုန့် လမုန့်များကိုလည်း ဝယ်ထည့်ပေးလိုက် သေးတယ်။
“သူရရယ် ပိုက်ဆံကုန်နေပါ့မယ်၊ မေမေဝယ်ပေးလိုက်တာတွေလည်းပါတယ်၊ ဝယ်မနေပါနဲ့”
“ရပါတယ် ညိုရယ်၊ ဘယ်လောက်မှကုန်တာလဲမဟုတ်ဘူး”
“နင်ကတော့လေ”
“ညို သင်္ကြန်တော့ ပြန်လာခဲ့နော်၊ သင်္ကြန် တူတူကဲရအောင်” ဟု ဆိုပြီး ကျွန်မကို ခေါင်းပုတ်ပြီး ပြောရှာတယ်။
“အင်း ငါပြန်လာနိုင်ရင် ပြန်လာခဲ့ပါ့မယ်၊ နင်လည်း တည်တည်ငြိမ်ငြိမ်နေနော် ငါတို့တွေက ကျောင်းပြီး ကုန်ပြီ၊ မိဘလုပ်စာချည်းပဲ ထိုင်စားမနေဘဲ တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ဦးနော်”
“ငါသိပါတယ်ညိုရယ် ငါအစီအစဉ်ဆွဲထားတာရှိပါတယ်၊ အဆင်ပြေမှ နင့်ကိုပြောပြမယ်၊ နောက်ပြီး မိန်းမယူဖို့လည်း ငါပိုက်ဆံရှာရဦးမှာလေ၊ ငါချစ်တဲ့ကောင်မလေးကို တင့်တောင့်တင့်တယ်ထားနိုင်အောင် ကြိုးစားရမယ်ဆိုတာ နင်မပြောလည်း ငါသိပါတယ်၊ အရေးကြီးတာက နင်ငါ့ဆီကို ဖုန်းဆက်ပြီး နင့်ဆီ ဆက်သွယ်လို့ရနိုင်မယ့် ဖုန်းနံပါတ် ငါ့ကိုပေးဖို့ပဲ”
“အေးပါ.. ငါနင့်ဆီ ဆက်သွယ်ဖို့ဖုန်းနံပါတ် လှမ်းပြောပါ့မယ်”
“နင်မရှိရင် ငါတော့ လွမ်းနေတော့မှာပဲ ညိုရယ်” တဲ့။
သူအဲဒီလိုပြောလာတော့ ကျွန်မလေ စိတ်မကောင်းဖြစ်သွားခဲ့တယ်။ ဟုတ်ပါတယ် သူလွမ်းနေသလို ကျွန်မလည်း သတိတွေရနေဦးမယ်ဆိုတာ ဝန်ခံပါတယ်။
အလုပ်လုပ်သင့်လို့ လုပ်ပေမယ့်လည်း ကျွန်မစိတ်ထဲ တယ်မပျော်လှပါဘူး။ ကျွန်မချစ်တဲ့ သူငယ်ချင်း တွေ ကျွန်မနားမှာ တစ်ယောက်မှ မရှိခဲ့ဘူးလေ။ ဒါပေမဲ့ ကိုယ်ရောက်နေတဲ့နေရာတစ်ခုမှာတော့ ကျွမ်းကျင် ပိုင်နိုင်အောင် ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်မ လူတွေအကြောင်း၊ လောကအကြောင်း လေ့လာရင်း အလုပ်လုပ်ရတာ ကျွန်မအတွက် အံဝင်ခွင်ကျဖြစ်လာပါတယ်။ တစ်ခါတစ်ရံလူမျိုးစုံနဲ့ ဆက်ဆံရလို့ တစ်ယောက်တစ်မျိုး ပညာပြမှုတွေ ရှိတာကလွဲပြီး အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ အဆင်ပြေအောင်လည်း ကြည့်နေရတာပေါ့လေ။
ဒီလိုနဲ့ သူနဲ့ကျွန်မ လူချင်းမတွေ့ရပေမယ့် ဖုန်းနဲ့တော့ အဆက်အသွယ်တွေရနေခဲ့ပါတယ်။ သူရဲ့မွေးနေ့ရောက်တော့မယ့် တစ်ရက်မှာတော့ သူကျွန်မဆီက အဖြေရဖို့ ပူဆာလာပြန်တယ်။
“ညို”
“အေး ပြော”
“အဖြေပေးတော့လေ..”
“အင်း”
“အင်းဆို ဘယ်နေ့ပေးမှဲာ ငါ့မွေးနေ့ကျရင်တော့ အဖြေသိပါရစေ ညိုရယ် နော်”
“အေး”
“တကယ်နော် ညို.. ဒါဆို ငါရန်ကုန်လာခဲ့မယ်”
“မလာနဲ့၊ လာရင်မပေးဘူး”
“ဟာကွာ ညို၊ လာခဲ့မယ်လေ ငါ့မွေးနေ့မှာ နင်နဲ့တူတူ ဘုရားဖူးချင်တယ်နော်၊ ချောကလက်လေးက လိမ်မာတယ်၊ ကို လာခဲ့မယ်နော်”
သူက တစ်ခါတစ်ရံ ကျွန်မကို ချောကလက်လို့ ချစ်စနိုးနဲ့ခေါ်တယ်။ ဘာချောကလက်လဲဆိုတာတော့ မသိဘူး၊ ချောကလက်ကိုကြိုက်သလို ညို့ကိုလည်း ကြိုက်လို့ ဆိုပဲ။
“ဘာကိုလဲ၊ သူနဲ့ရည်းစားတောင် မဖြစ်သေးဘူး၊ နောက် နင်က ငါ့ထက် တစ်နှစ်ငယ်တယ်လေ”
“မရဘူး ငယ်လည်း ကို လို့ခေါ်”
“မခေါ်ချင်ပါဘူး ရှက်စရာကြီး၊ သူရလို့ပဲခေါ်မယ်”
“အခုမခေါ်ချင်လည်းနေ ငါ့ကတော့ ကိုကလို့ပဲ ပြောမှာပဲ၊ ဒါပေမဲ့ ငါနဲ့ယူပြီးရင် ခေါ်ရမယ် ဒါပဲ”
“ ဟားဟား ဖြစ်ရတယ်၊ ငါက နင့်ကိုယူမယ်ပြောဖူးလို့လား..”
“ညို ဒါနောက်စရာမဟုတ်ဘူးနော်၊ နင်ယူယူ မယူယူ ငါနင့်ကိုယူမှာ.. အဲ့ဒါ ငါ့ရည်ရွယ်ချက်ပဲ..”
“နင့်အတွေးနဲ့ နင်ကတော့ ဟုတ်နေတာပဲနော်”
“ညို ငါတကယ်ပြောနေတာ နင် စကားကို ပေါ့ပေါ့တန်တန်မပြောနဲ့နော်၊ ငါမကြိုက်ဘူး၊ နောက်နှစ် နှစ်နေရင် နင့်ကို ငါလာတောင်းမယ်၊ ဒီကြားထဲ ဘာသံညာသံကြားရင်တော့ ခိုးပြေးခံရမယ် ဒါပဲ”
“ အယ်.. ငါက ဘာလို့ ဘာသံညာသံကြားရမှာလဲ၊ နင်အရင်ကကော ငါနဲ့ပတ်သက်ပြီး ဘာသံတွေ ကြားခဲ့ရလို့လဲ၊ ငါ့ကိုနောက်ခါအဲ့လိုမပြောနဲ့ ငါမကြိုက်ဘူးနော် သူရ”
“ငါသိပါတယ် နင်ဘာမှမလုပ်တာ၊ ဒါပေမဲ့ ကြိုပြောထားရတာ၊ ငါက နင့်ကိုယုံပေမယ့် အခြေအနေနဲ့ အချိန်အခါကိုတော့ မယုံရဲဘူးလေ၊ ဘာပဲဖြစ်ဖြစ်ပါ နင်က ငါ့အတွက်ပဲဖြစ်ရမယ်”
ဆိုပြီး ပြောချင်ရာ ပြောကာ ဖုန်းချသွားလေရဲ့။ တစ်ခါတစ်ရံ အဲ့လိုပဲ သူဖြစ်ချင်တာ သူပြောချင်တာသာ ပြောပြီး သူများပြောခွင့်မပေးတဲ့အကျင့်က ရှိသေးတယ်။
ဒီလိုနဲ့ပဲ သူ့မွေးနေ့ရက်မှာ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ရန်ကုန်လာခိုက်မှာ ကျွန်မ အဖြေပေးမိလိုက်တယ်။ ဘုရားတူတူ ဖူးမိကြတယ်။ တူတူလျှောက်လည်ကြတယ်။ သူများစုံတွဲတွေလို ကန်ပေါင်မှာလည်း တူတူထိုင်ကြတယ်။ သူရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီး ကျွန်မလည်း ပျော်ရွှင်ကြည်နူးမိနေတော့တာပဲ။ နောက်ပိုင်းလည်း တစ်လတစ်ခါလောက်နီးပါး ကျွန်မအလုပ်ပိတ်ရက်နဲ့ ချိန်ပြီး ကျွန်မဆီကို သူလာလာတွေ့ရှာပါတယ်။ သူ့အလုပ်က သူ့အိမ်က စီးပွားရေးကိုပဲ ဆက်လုပ်တာဆိုတော့ သူဆင်းလာချင်တဲ့အချိန် ဆင်းလာလို့ရတယ်။
ကျွန်မတို့ ချစ်သူသက်တမ်း တစ်နှစ်ကျော်ကာလမှာ ကျွန်မနဲ့သူ့ကြားကို မမျှော်လင့်ထားတဲ့၊ အိပ်မက်တောင် မမက်ဖူးခဲ့တဲ့ ကံကြမ္မာဆိုးက ဝင်ရောက်နှောင့်ယှက်ခဲ့တယ်။
“ဝုန်း”
“ညိုရေ”
ရုတ်တရက်နားထဲကြားလိုက်ရတဲ့ အသံကြောင့် ကျွန်မ အိပ်ရာကနေ ထထိုင်လိုက်မိတယ်။ သူရခေါ်လိုက်တဲ့ အသံကြားလိုက်သလိုပဲ။ ခုနက အိပ်မက်ထဲက သူပြောတဲ့အသံစွဲနေတာ ဖြစ်မယ်ဆိုပြီး တွေးနေတုန်း ဖုန်းသံထမြည်လာတယ်။ နံပါတ်ကြည့်လိုက်တော့ သူရရဲ့ဖုန်းနံပါတ်…
“ဟယ်လို သူရ”
“ကျွန်တော် ဒုရဲအုပ်ကျော်နိုင်ပါ ဒီဖုန်းပိုင်ရှင် မေမြို့အတက်လမ်းမှာ ဆိုင်ကယ် အက်ဆီး ဒန့်တစ် ခုဖြစ်လို့ လှမ်းဆက်သွယ်တာပါခင်ဗျာ၊ ဒီဖုန်းပိုင်ရှင်ရဲ့ မိသားစုထဲကလား ခင်ဗျ”
ဘုရား ဘုရား သူရ ဆိုင်ကယ်တိုက်လို့တဲ့။ သူမနက်စောစော မေမြို့တက်မယ်လို့ မနေ့ညက ဖုန်းဆက်တုန်းကတော့ ပြောသေးတယ်။ မြတ်စွာဘုရား၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ သူရမဖြစ်ပါစေနဲ့။ ကျွန်မဆိုင်ကယ် ဖြည်းဖြည်းစီးဖို့ အတန်တန်ပြောထားရက်နဲ့..
“ဟုတ်ကဲ့ သူ … သူ ဘာဖြစ်သွားသေးလဲရှင်”
“အခုချိန်ထိတော့ သတိမလည်သေးဘူးခင်ဗျ၊ ဒဏ်ရာလည်း တော်တော်လေး ပြင်းပါတယ်၊ နည်းနည်း စိုးရိမ်ရတဲ့အခြေအနေဖြစ်နေလို့ မေမြို့ဆေးရုံပို့လိုက်ပါပြီ။ ဖြစ်နိုင်ရင်တော့ ချက်ချင်း အိမ်က လိုက်လာ စေချင်ပါတယ်”
လက်ထဲကဖုန်း လွတ်ကျသွားပြီး နောက်ထပ်ပြောတဲ့စကားတွေ ကျွန်မ မကြားနိုင်တော့ပါဘူး။ ဖုန်း ပြောနေရင်းကနေ ကျွန်မ မျက်ရည်တွေကျပြီး ငူငူကြီး ထိုင်နေမိတော့တယ်။ ဖြစ်မှဖြစ်ရလေ သူရရယ်၊ နင် တစ်ခုခုသာဖြစ်သွားခဲ့ရင်… ဟင့်အင်း နင်မဖြစ်ရဘူး၊ အဲလိုဖြစ်လို့ကိုမရဘူး၊ ကမန်းကတမ်းထ မျက်နှာသစ်၍ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတစ်ယောက်ကို အကျိုးအကြောင်းပြောပြကာ ကျွန်မ ရန်ကုန်ကနေ ချက်ချင်း မန္တလေးပြန်လာခဲ့တယ်။ သူရတို့အိမ်ကို အကျိုးအကြောင်းပြောဖို့သွားတော့ အားလုံးသိပြီးဖြစ်လို့ မေမြို့လိုက်သွားကြသည်တဲ့။ ဒီတော့ ကျွန်မလည်း အိမ်ကိုအကျိုးအကြောင်းပြောပြီး မေမြို့ကို ကားငှားပြီး လိုက်သွားခဲ့တယ်။ ဆေးရုံလည်းရောက်ရော သူရအမေနှင့် သူ့အဖေကို အရင်တွေ့လိုက်ရတယ်။ သူ့အဖေက “သူရ အရေးပေါ်အခန်းထဲမှာ ရောက်နေတယ်။ ဒဏ်ရာတော်တော်များတယ်။ သတိမရသေးဘူး။ အခြေအနေ ကတော့ ဆရာဝန်ကြီးထွက်လာမှပဲ ရေရေရာရာ သိရမယ်” ဟု ပြောလာသည်။ သူရအမေကတော့ ကျွန်မကို လည်း တွေ့ရော..
“သမီး… သူရကို ကယ်ပါဦး၊ အန်တီ့သားလေးကိုကယ်ပါဦး”
ဆိုပြီး ရှိုက်ကြီးတငင်နဲ့ ကျွန်မကိုဖက်ပြီး ငိုရှာတယ်။ ကျွန်မလည်း
“အန်တီ၊ သူရ ဘာမှမဖြစ်ပါဘူးနော်၊ ဘာမှမဖြစ်ပါဘူး ဟုတ်တယ်မဟုတ်လား”
ဆိုတဲ့စကားပဲ အထပ်ထပ်ပြောနေမိတယ်။ ခဏအကြာမှာ သူရကို ကုသပေးနေတဲ့ဆရာဝန်ကြီး ထွက်လာပြီး အခြေအနေမကောင်းတော့ကြောင်း လူနာရှင်များ ဝင်တွေ့နိုင်ကြောင်း စိတ်မကောင်းစွာ ပြော၍ ထွက်သွားလေသည်။
ကျွန်မနဲ့ သူရမိဘတွေလည်း အရူးမီးဝိုင်းပါပဲ။ သူကုသခံနေရတဲ့ အခန်းထဲရောက်သွားချိန်မှာ တစ် ကိုယ်လုံး သွေးသံရဲရဲနှင့် သူ့ကိုတွေ့လိုက်တဲ့အခါ ကျွန်မရင်ထဲမှာ အဆမတန်နာကျင်လာတယ်။ သူရအမေ ကတော့ မေ့လဲသွားလို့ သူ့အဖေက တွဲခေါ်သွားခဲ့တယ်။ ကျွန်မကတော့ သွေးသံရဲရဲနဲ့ သူ့လက်ကလေးကို ကိုင်ပြီး…
“ သူရ .. သူရရေ ငါခေါ်နေတာ ထူးပါဦး.. ငါ ညိုလေ နင့်ရဲ့ ညိုလေ“ ဆိုပြီး သူ့လက်ကို ကိုင်လှုပ်ပြီး ခေါ်နေမိတယ်။ မျက်လုံးတစ်လုံးက လုံးဝပိတ်နေပေမယ့် တခြားမျက်လုံးလေး ပွင့်လာပြီး ပါးစပ်က “ညို” လို့ ပါးစပ်လှုပ်ရုံလေးခေါ်တယ်၊ မျက်လုံးတဖက်မှာလည်း ဖူးယောင်လို့ ခန္ဓာကိုယ့်အနှံ့က ဒဏ်ရာဒဏ်ချက် တွေကြည့်ပြီး ကျွန်မရင်ထဲ ဆို့နင့်လာတယ်၊ ဖြစ်မှဖြစ်ရလေ သူရရယ်၊ နင့်ဒဏ်ရာတွေသာ ငါလွဲပြောင်းယူလို့ ရမယ်ဆို ယူလိုက်ပါတယ် ချစ်သူရယ်၊ ခုတော့ …… အခုတော့… ကျွန်မလည်း သူ့ကိုဖက်ကာ ငိုပဲ ငိုနေပြီး ပါးစပ်လည်း
“သူရ နင်ဘာမှ မဖြစ်ပါနဲ့နော်၊ ငါနဲ့ နင် တစ်သက်လုံး အတူတူနေမယ်ဆို၊ နင်ဘာမှမဖြစ်ရဘူးနော်.. ကျေးဇူး ပြုပြီး ဘာမှမဖြစ်ပါနဲ့ ငါတောင်းပန်ပါတယ် သူရရယ် နော် ”
“ ညို.. မ ငို ပါ နဲ့..” တစ်လုံးချင်း မပီမသ ပြောရှာတယ်။ သူ့မျက်လုံးတွေကတော့ ကျွန်မ ငိုနေတာကိုပဲ စိုက်ကြည့်နေတယ်.. သူရဲ့ နောက်ဆုံးအချိန်ဆိုတာ သိနေတယ်။ သူ့ကိုလည်း စိတ်ချမ်းသာစေချင် ပေမယ့် လည်း ကျွန်မရဲ့ မျက်ရည်တွေကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး… ကျွန်မလည်း သူ့လက်ကလေးကိုဆုပ်ကိုင်ပြီး ..
“နင် နင် ငါ့ကို ချစ်တယ်ဆို.. ငါလည်း နင့်ကို ချစ်ပါတယ်..နေပြန်ကောင်းလာပါ သူရရယ်.. နင်ခံစားနေရတာတွေ ငါတကယ် မကြည့်ရက်တော့လို့ပါ… ကျန်တာတွေငါ မလိုအပ်တော့ပါဘူး… နင်နေပြန် ကောင်းလာဖို့ပဲ ငါမျှော်လင့်တယ်…ငါနာကျင် အောင် မလုပ်ပါနဲ့လား သူရရယ်..နော် ”
“ ငါ ဆိုင်ကယ်ကိုဖြည်းဖြည်းစီးပါဆိုတာကို ငါအတန်တန်ပြောထားတာကို နားမထောင်ဘူး အခုတော့… “
သွေးသံရဲရဲ ဒဏ်ရာတွေကြည့်ပြီး ကျွန်မ ရင်တွေ ပိုနာကျင်မိတယ်။ ပိုဝမ်းနည်းမိတယ်။ သူကတော့ စကား မပြောနိုင်ပေမယ့် ကျွန်မလက်ကိုကိုင်ပြီး ကျွန်မကို ပြန်နှစ်သိမ့် ရှာပါတယ်။ ဒိလောက်စိတ်သဘော ထားဖြူ စင်တဲ့ ကျွန်မချစ်သူကိုမှ ကံကြမ္မာက အဆိုးဝါးဆုံးတွေ ယူလာပေးတယ်။
ကျွန်မတို့ ဘယ်လိုပင် ဆုတောင်းစေဦး သူရတစ်ယာက် ဆေးရုံမှာ နှစ်နာရီကျော်ခန့် ကျွန်မလက်ထဲ မှာနေပြီး ကျွန်မနှင့် သူ့မိသားစုကို နှုတ်ဆက်ကာ လောကကြီးကနေ အပြီးအပိုင် ထွက်ခွာသွားပါ တော့သည်။ ကျွန်မမှာ ငိုရလွန်းလို့ ရင်တွေနာကျင်ပြီး စုတ်ပြတ်ကုန်ပြီတောင် အောက်မေ့ရတယ်။ ဘယ်တုန်း ကမှ ကျွန်မမတွေးဖူးခဲ့တဲ့ အဆိုးဝါးဆုံး ကံကြမ္မာက ကျွန်မတို့ ချစ်သူနှစ်ဦးကြားကို ဝင်ရောက်လာခဲ့တယ်။
“နင်ခဏ ခဏ ပြောခဲ့တယ်လေ ငါပျော်ရွှင်နေတာကိုပဲ နင်မြင်ချင်တယ်ဆို.. နင် နင် ငါ့အနားက ထွက်သွားမှတော့ ငါ့ပျော်ရွှင်မှုတွေကို ဘယ်လိုလုပ်.... ငါ့အနားက ထွက်မသွားပါနဲ့နော်.. ထွက်မသွားပါနဲ့ ချစ်သူရယ် “
ကျွန်မတို့ဘယ်လိုပင် ငိုရှိုက်စေဦးတော့ သူရတစ်ယောက် မကြားနိုင်တော့ပါဘူး။ သူကျွန်မကို ထားခဲ့ပြီး အဝေးဆုံးကို ထွက်ခွာသွားခဲ့သည်။
“နင်ရက်စက်တယ်၊ နင်ရက်စက်တယ်၊ ငါ့ကို စိတ်မချဘူးဆို ခုတော့ တစ်ယောက်တည်း ထားခဲ့ရက်တယ်ပေါ့၊ မသွားပါနဲ့ သူရရယ်.. ပြန်လာပေးပါ.. အရင်လို ငါ့ဘေးနားမှာရှိနေပေးပါ… ငါ့ရင်ကွဲအောင် မလုပ်ပါနဲ့နော်.. အရင်လို ပြန်ပြီး ပျော်ရွှင်ပါရစေ ချစ်သူရယ်…”
ကျွန်မနဲ့အတူ ဘဝကို ထာဝရပျော်ပျော်ရွှင်ရွင် နေသွားချင်တယ်လို့ ပြောခဲ့တဲ့ ကျွန်မရဲ့ချစ်သူက ကျွန်မဘယ်လိုပင် ငိုယိုတမ်းတစေဦးတော့ တစ်ခဏအတွင်းမှာ ကျွန်မကို မထင်မှတ်ဘဲ ထားသွားခဲ့တယ်။ သူရရေ နင်က စိတ်ချစွာ ထားသွားခဲ့ပေမယ့် ကျန်နေရစ်ခဲ့တဲ့ ခံစားချက်တွေ ဘယ်လောက်ဆိုးသလဲဆိုတာ နင်မှမသိဘဲနော်။ နင်က ငါ့ဘဝဆို.. ငါ့ဘဝဟာလည်း နင်ပါပဲ ချစ်သူရယ်။ နင်မရှိတော့တာနဲ့ ငါ့ဘဝ မရှိတော့တာဟာ အတူတူပဲဆိုတာ နင်မသိခဲ့တာလားဟင်။ ငါ့စိတ်ကို တကယ်ပဲ နင်မဖတ်တတ်ခဲ့တာပဲလား။
မိုးတွေရွာနေတဲ့အချိန် မိုးပေါက်ကလေးတွေကြည့်ပြီး နင်နဲ့ငါနဲ့ မိုးဖွဲလေးထဲမှာ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး လျှောက်သွားခဲ့ဖူးတာတွေ၊ ခရေပင်တွေတွေ့တိုင်း ခရေပန်းတွေကို နင်ကိုယ်တိုင် ကောက်ပြီး သီကုံးပန်ပေးခဲ့တာတွေ၊ ခရေပန်းနံ့သင်းနေတဲ့ ဆံပင်တွေကို မက်မက်မောမော ရှိုက်နမ်းခဲ့တာ တွေကိုလည်း ငါဘယ်မေ့နိုင်ပါမလဲ ချစ်သူရယ်။ နင်ဂစ်တာတီးပြီး ဆိုပြခဲ့တဲ့ IMP သီချင်းတွေကို ကြားရ တိုင်းလည်း ငါ့လွမ်းတဲ့စိတ်တွေကို ပိုသတိရအောင်လုပ်နေသလိုပါပဲ။ မနက်တိုင်း အိပ်ရေးမက်တဲ့ ငါ့ကို ဖုန်းဆက်ပြီး နှိုးခဲ့တာတွေ၊ အိပ်မပျော်တဲ့ညတွေမှာ ငါ Message ပို့တဲ့အခါ ဂစ်တာတီးပြပြီး ဖုန်းနဲ့ချော့ သိပ်ခဲ့ တာတွေ သတိရတိုင်းလည်း ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ နင့်ကို ငါတမ်းတမိတယ်ဆိုရင် နင်ယုံမလား ဟင်…
လွမ်းဖို့ မပြင်ဆင်ရသေးခင် အလွမ်းတွေနဲ့ နေတတ်အောင် နင်နှိပ်စက်ရက်တယ်နော်။ တို့နှစ်ယောက်ရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေကြုံတိုင်း မျက်ရည်တွေကို အခုအချိန်ထိ ထိန်းလို့မရသေးဘူး သူရရယ်။ ပြန်လာခဲ့ပါလို့ ငါအကြိမ်ကြိမ်တမ်းတခဲ့ဖူးပါတယ်။ နင်သာ ငါငိုနေတာတွေ ငါခံစားနေရတာတွေ ကြားနိုင်မယ်ဆိုရင်လေ ငါ နင့်ကိုပြောပြချင်ပါရဲ့။ ငါအခုထိ နင့်ကိုချစ်နေသလို နင့်ရဲ့ ရင်ခွင်နွေးနွေးကို မဖြစ်နိုင်တော့မှန်းသိနေရက်နဲ့ တမ်းတနေတုန်း ဆိုတာတွေကို နင်ကြားအောင် ငါပြောပြချင်ပါတယ်။ နင့်ကို ငါ့စိတ်ထဲက မေ့ပျောက်သွားမှာစိုးလို့ နင့်နေရာမှာ အခုချိန်ထိ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ခဲ့တာကိုလည်း နင်သိနေပါ့မလားဟင်။
တကယ်ပါချစ်သူ နင်ငါ့ကိုခွဲခွာခဲ့တာ တစ်ရာသီတွေပြောင်းလဲ သွားခဲ့ပေမယ့် ငါနင့်နေရာမှာ ဘယ်သူ့ကိုမှ အစားဖို့ မကြိုးစားသလို အစားထိုးလို့လည်း မရသေးပါ လွမ်းနေဆဲပါချစ်သူရေ။ တိုက်ဆိုင်တိုင်းလည်းလွမ်းတယ်။ အထီးကျန်တယ်လို့ ခံစားရတိုင်းလည်း လွမ်းတယ်။ အတိတ်တွေကို သတိရလို့လည်း လွမ်းတယ်။ တနေ့တနေ့ ဒီအလွမ်း သံသရာထဲက မလွတ်မြောက်နိုင် အောင်ကို နင့်ကိုလွမ်းတယ်။ အခုဆို ငါမျက်ရည်တွေနဲ့ နေသားကျနေခဲ့ပါပြီ။ နင့်ဓါတ်ပုံတွေထုတ်ကြည့်မိတိုင်းလည်း ငါငိုမိတယ်။ ထမင်းစားရင် နင့်အကြောင်းတွေး မိလည်း ငါ့ငိုမိတယ်။ သတိရတိုင်း ငိုရလွန်းလို့ ငါ့မျက်ရည်တွေတောင် ကျန်ပါတော့မလားဆိုတာမသိပေမယ့် နင်ဆိုတဲ့ ငါ့ချစ်သူအကြောင်းကို တွေးမိလိုက် တိုင်း လှိုက်တက်လာနဲ့ ဝမ်းနည်းမှုနဲ့အတူ ဝေ့တက်လာတဲ့ မျက်ရည်စတွေကို ငါဘယ်လိုလုပ်ရမလဲ။ နင့်အတွက်နဲ့ နာကျင်ရလွန်းလို့ ငါ့အတွက် တော်ရုံနာကျင်မှုဒဏ်တွေ ခံစားနိုင်တယ်လို့ပြောရင် ငါ့ကို ကျေးဇူးတင်စမ်းပါ ညိုရယ်လို့ နင်ပြောမိမယ်ထင်တယ်နော်။ နင်ငါ့ကို ခဏခဏ မေးဖူးတယ်နော်…
“ညို ကို့ကို ဘာကြောင့်ချစ်တာလဲ” ဆိုပြီး..
“ငါလေ နင့်ရဲ့ ပါးချိုင့်လေးတွေကိုလည်း ချစ်တယ်၊ နောက် ငါ့အပေါ်အမြဲဦးစားပေးလို့လည်းချစ်တယ်၊ ငါ့အပေါ် တန်ဖိုးထားမှုတွေကြောင့်လည်း နင့်စိတ်ဓာတ်ကို ပိုလေးစားပြီး ချစ်တယ်”
လို့ ငါပြောတိုင်း ငါ့မျက်လုံးတွေကို ခပ်စိုက်စိုက်ကြည့်ပြီး တည်ငြိမ်လေးနက်တဲ့အသံနဲ့…
“ဘယ်ယောကျာ်းလေးမဆို ကိုယ်တကယ်မြတ်နိုးတယ် တကယ်ချစ်တယ်ဆိုရင် ကိုယ့်ချစ်သူအပေါ်ကို အမြဲ တန်ဖိုးထားကြတာပဲ၊ တကယ်ချစ်လို့ တကယ်တန်ဖိုးထားတာပေါ့ ကလေးမရဲ့” အဲလိုလေး ပြန်ပြောတတ်ခဲ့တဲ့ နင့်အသံလွင်လွင်လေးတွေကိုလည်း ငါ့အိပ်မက်ထဲမှာ အခုချိန်ထိ စိုးမိုးနေတယ်ဆိုတာသိရင် ငါ့ကို နင် ဘယ်လို များ ဝေဖန်မလဲ သိချင်ပါရဲ့။ နင့်အသံကိုကြားတိုင်း “နင့်အနားကို ခွင့်မပြုလည်း အမြန်ဆုံး ပြေးလာ ချင်တယ် ညို” လို့ ပြောခဲ့တဲ့နင်က အခုတော့ ငါ့ရဲ့အဝေးဆုံးကို ငါမသွားခိုင်းဘဲ နင့်သ ဘောနဲ့နင် ထွက်သွား တယ်နော်။
နင်ဆိုပြခဲ့တဲ့ နေညိုချိန် သီချင်းကြားတိုင်းလည်း မျက်ရည်တွေ ကျနေဆဲပါပဲ သူရရယ်။ ငါ့ကို ဒီလောက် နှိပ်စက်ရရင်တော်ပါတော့။ အိပ်မက်တွေထဲက နိုးထပါတော့လို့ပြောချင်ပေမယ့် အကြိမ်ကြိမ် တမ်းတမိလည်း ငါ့အနားကို ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့ဘူးနော်…။
♫ ♫ ♫ နေညိုရင် ငါတို့ခွဲရမယ်.. အချိန်တွေကို ရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသော ဘဝတွေရယ်…
ယုံကြည်ပါ ငါပြောခဲ့ပါစေ.. တချိန်ချိန်မှာ ဆုံဆည်းရမယ်လို့
နာကျင်စွာ နှုတ်ဆက်ရသော ခဏတွေကို မတွေးရဲ…♫ ♫ ♫
သီချင်းထဲကလို နာကျင်စွာ နှုတ်ဆက်ရတာ တစ်ဘဝအတွက် မဟုတ်ဘဲ တစ်ခဏ အတွက်များဖြစ်ခဲ့ရင် ဘယ်လောက်များ ငါ့တို့အတွက် ကောင်းမလဲနော်။
နောက်ဘဝဆိုတာများမှာ နင်နဲ့သာ ပြန်ဆုံစည်းခွင့်ရခဲ့မယ်ဆိုရင်လေ နင့်ထက်ပိုတဲ့အချစ်တွေနဲ့ နင့်ကို ငါပြန်ပြီး ပေးဆပ်ချင်ပါသေးရဲ့…။ နင်လိုချင်တဲ့ ငါတို့ နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝလေးကိုလည်း ပျော်ရွှင်စွာ အကောင်အထည် ဖော်ချင်ပါသေးတယ်။ အခုတော့လေ ငါ့ရင်ခွင်ထဲကနေ နင့်ကို ရက်ရက်စက်စက် ခေါ်သွား တဲ့ ကံကြမ္မာကိုလည်း ငါမကြာခဏ ကျိန်ဆဲနေမိတယ်။ ဘဝဆက်တိုင်းလည်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့၊ ချစ်သောသူနဲ့ ထာဝရ သေအတူရှင်မကွဲ ပေါင်းဖက်ရပါလို၏ လို့လည်း ဘုရားမှာ ဆုတွေတောင်းမိပါတယ်။
ဘယ်အချိန်ထိ နာကျင်ရဦးမလဲဆိုတာကို ရေရေရာရာ မသိပေမယ့်…. အလွမ်းများ စွာကို ပွေ့ဖက်ရင်း နင်နဲ့ငါ ပြန်ဆုံခွင့်ရမယ့် ဘဝတခုကို ယောင်ရမ်းမှန်းမျှော်ရင်း ခိုင်မြဲတဲ့သစ္စာတရားနဲ့အတူ နင့်ကို တမ်းတနေတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်ဆိုတာ နင်သိခွင့်ရသွားခဲ့တယ်ဆိုရင်လေ....

Tuesday, August 21, 2012

ကျွန်မချစ်တဲ့ မိုး

ရာသီတွေထဲမှာ မိုးရာသီဟာ ကျွန်မအတွက်တော့ အလှပဆုံး ရာသီတခု။ ဟုတ်တယ် တကယ်လှပါပေတယ်။ မိုးရာသီမှ လှပတဲ့ ပန်းရောင်စုံတွေဖူးပွင့်လာမယ်..မိုးရာသီမှာ အရာအားလုံးဟာ သစ်လွင်တောက်ပ နေမယ်.. နောက် အရာအားလုံးဟာ လန်းဆန်းနေမယ်.. သွန်းချလိုက်တဲ့ မိုးရေတွေကြောင့် ကမ္ဘာမြေကြီး ရဲ့ပေါ်မှာ နေထိုင်တဲ့သူတွေ ပူလောင်မှုတွေ တဒင်္ဂ ကင်းကွာပြီး အေးချမ်းမှုကို ခံစားကြရမယ်။

မိုးကြောင့် အေးစိမ့်နေတဲ့ ခံစားချက်ကို ကျွန်မ ချစ်တယ်.. ကျွန်မ ဘယ်အရွယ်တည်းက မိုးနဲ့ ပတ်သက်ပြီး ရူးခဲ့လဲဆိုတာ သေချာမသိပေမယ့်.. ကျွန်မသိတတ်စ အရွယ် တည်းက မိုး ရာသီကို ကျွန်မ ချစ်ခဲ့ တယ်… မိုးပေါက်ဖွဲဖွဲလေးတွေ ကျနေတာကိုလည်း ချစ်တယ်.. မိုးပေါက်ကြီး တွေကျတာကိုလည်း သဘော ကျတယ်.. ငယ်ငယ်ကမိုး ရေတွေထဲမှာ ပျော်ရွှင်စွာ ကစားမိတာတွေ၊ မိုးရွာတဲ့အချိန် မိုးရေကို အပြေးအလွှား ချိုးခဲ့တာတွေဆို မကြာခဏ သတိရမိတယ်.. မိုးရာသီကိုကြိုက်တယ်.. မိုးစက် မိုးပေါက်ကို ချစ်တယ် ဆိုပေမယ့် လျှပ်စီးတွေလက် မိုးတွေ ခြိမ်းပြီ မိုးကြိုးပစ်ပြီဆိုရင်တော့ ကျွန်မနေစရာ မရှိလောက် အောင်ကို ကြောက်တတ်တယ်.. အိမ်မှာရှိသမျှ မှန်တွေ လိုက်ဖုံး၊ တီဗွီပြေးပိတ်ပြီး ဘုရားစာတွေရွက်ပြီး တစ်ယောက်တည်း ခြောက်ခြား၊ အိမ်က တစ်ယောက်ယောက်နား ပြေးကပ်နေတတ်တာတွေ နောက် ခုချိန်ထိ ကျွန်မ မိုးခြိမ်းတာတွေ မိုးကြိုးပစ်တာတွေကို ကြောက်ရွံ့ နေစဲဆိုတာ ၀န်ခံပါတယ်..

အိမ်တံစက်မြိတ်က ကျလာတဲ့ မိုးပေါက်ကလေးတွေကိုကြည့်ပြီး အတွေးများစွာပျော်ဝင်တာကိုလည်း ကျွန်မ နှစ်သက်တယ်.. မိုးပေါက်လေးတွေကြည့်ပြီး လွမ်းစရာ ရှိရှိ မရှိရှိ တခုခုကို ရောင်ရမ်းမှန်းမျှော်ပြီး လွမ်းရတဲ့ ခံစားချက်ကိုလည်း ကျွန်မကြိုက်တယ်.. တံစက်မြိတ်က ကျလာတဲ့ မိုးပေါက်လေးတွေကို လက်နဲ့ ခံကာ လက်ကနေတဆင့် တစ်ကိုယ်လုံးအထိ အေးမြစိမ့်ဝင်သွားတဲ့ ခံစားချက်ကလည်း ဘာနဲ့မှ မတူပါဘူး။ မိုးရွာချိန် ထီးဆောင်းပြီး မိုးရေတွေထဲ လျှောက်သွားရတာတွေ မိုးရေတွေကြောင့် ပြောင်လဲ့တောက်ပ နေတဲ့ ကတ္တရာလမ်းတွေကို မျက်စိထဲမြင်ရတာတွေ.. နောက်ပြီး မိုးရေတွေကြောင့် စိမ်းစို လှပနေတဲ့ သဘာဝရှုခင်းတွေ သစ်ပင် ပန်းမန်တွေကို ကြည့်ရတာလည်း အင်မတန် စိတ်ချမ်းသာစရာကောင်းလှပါတယ်.. မိုးရွာတဲ့ ညများဆို မိုးအေးအေးလေး စာအုပ်တစ်အုပ်နဲ့ နှပ်ရတဲ့ ဇိမ်က လောကစည်းဇိမ်တခုပဲ…

ကျွန်မကို လည်း ကျွန်မအမေက မိုးရာသီတွေထဲက ရက်တခုမှ မွေးခဲ့တယ်.. ကျွန်မနာမည်ကိုလည်း မိုးရာသီနဲ့ လိုက်ဖက်တဲ့ သိပ်မလှပပေမယ့် သူများမှတ်မိလွယ်မယ့် နာမည်တစ်လုံးကို ပေးထားခဲ့တယ်.. များသောအားဖြင့် ကျွန်မနာမည်ကို ကျွန်မ သိပ်မနှစ်သက်ပေမယ့်လည်း လူတစ်ယောက်မှာ နာမည် နှစ်လုံး ပိုင်ဆိုင်တာကို ကျွန်မအမေက မကြိုက်တာကြောင့် ကျွန်မ နာမည်ပြောင်းခွင့်မရခဲ့ပါဘူး.. တခါတလေတော့ လည်း ကျွန်မ ချစ်တဲ့ မိုးရာသီလို အေးစိမ့်စိမ့်ခံစားချက်ပါတဲ့ ကျွန်မနာမည်ကို မြတ်နိုးမိသလိုပါပဲ….

မိုးနဲ့ပတ်သက်တဲ့သီချင်းတွေဆိုလည်း ကျွန်မ မကြာမကြာနားထောင်ဖြစ်တယ်.. မိုးအေးနေတဲ့အချိန်မှာ မိုးသီချင်းတွေနားထောင်ရတာလည်း စိတ်အပန်းဖြေမှုတွေထဲက တခုဆိုရင် မမှားပါဘူး.. မိုးရာသီက ကျွန်မ အတွက် ကံကောင်းခြင်းတွေယူလာပေးတယ်လို့လည်း ကျွန်မစိတ်ထဲ စွဲထင် နေပြန်သေးတယ်.. မိုးတွေရွာရင် ဆိုတဲ့အတွေး တွေးလိုက်တာနဲ့ ကျွန်မစိတ်ထဲ လှိုက်ခနဲပျော်လာတယ်.. မိုးစက်တွေ ကျလာတော့မှာပဲ ဆိုတဲ့ အတွေးနဲ့ ရင်ခုန်စွာ မျှော်လင့်မိတဲ့ ကိုယ့်အတွေးတွေကိုလည်း တခါတလေ ပြုံးမိတယ်.. မိုးရေထဲ ထီးမပါပဲ လမ်းလျှောက်တဲ့အခါ မိုးစက်တွေ မျက်နှာပေါ်ကို ညင်ညင်သာသာ လာဖြန်းပတ်တာကိုလည်း မြတ်နိုးမိပြန် သေးတယ်..

နောက်များမှာလည်း မိုးတွေမရွာရင် ကျွန်မ မိုးကို မျှော်လင့်မယ်.. မိုးတွေရွာလာမယ့် အချိန်ကို စောင့်စားမယ်.. မိုးတွေရွာလာရင် မိုးပေါက်တွေကြည့်ပြီး ကြည်နူးမယ်.. မိုးစက်တွေကိုကြည့်ပြီး လန်းဆန်းတဲ့ ခံစားမှုတွေ ခံစားမယ်…ပျော်ရွှင်မယ်.. မိုးစက်တွေကိုကြည့်ပြီးပဲ ကျွန်မ တစ်စုံတစ်ယောက်ကို လွမ်းမိနေဦးမယ် ထင်ပါတယ်…

Tuesday, March 27, 2012

အိမ်



အိမ်ဆိုတဲ့စကားလုံးက လူတိုင်းလူတိုင်းနဲ့ရင်းနှီးတဲ့၊ သက်ဆိုင်တဲ့ စကားလုံးလေးပါ။ အိမ်ဆိုတဲ့ အဓိပ္ပာယ်က တော်တော်လေး လေးနက်သလို အနှစ်သာရတွေလည်း အများကြီးပါပါတယ်။ ဒီအိမ်ဆိုတဲ့ စကားလုံးလေးထဲမှာ နွေးထွေးမှု၊ ရင်းနှီးချစ်ခင်မှု၊ စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အနစ်နာခံမှု၊ အပြန်အလှန် နားလည်မှုတွေ၊ ဒုက္ခ၊ သုခမျိုးစုံ ပတ်သက်ဆက်နွယ်နေပါတယ်။ လူရယ်လို့ ဖြစ်လာကြရင် ကိုယ်သိတတ်နားလည်တဲ့ အချိန်ကစပြီး အိမ်ဆိုတာကို ရင်းနှီးကျွမ်းဝင်ခဲ့တာပါပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘယ်လိုအသိုင်းအ၀ိုင်းကပဲ ဆင်းသက်လာသူပဲဖြစ်ဖြစ် အိမ်ဆိုတာက လူတိုင်းနီးပါး ပိုင်ဆိုင်ကြတဲ့အရာလေး တစ်ခုပါပဲ။ အဲဒီအိမ်လေးထဲမှာ မိဘ၊ဆွေမျိုး၊ မောင်နှမတွေနဲ့ပျော်ရွှင်မှုတွေ၊ ရင်းနှီးမှုတွေ၊ ကြည်နူးမှုတွေ၊ နားလည်မှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှုတွေ ခံစားမှုမျိုးစုံကို လူတိုင်းခံစားတတ်ခဲ့ ကြရတာကလည်း ဒီအိမ်ပါပဲ။ အိမ်ဆိုတဲ့ စကားလုံးလေးရဲ့အောက်မှာ စုပေါင်းပါဝင်နေထိုင်ကြတဲ့ မိသားစုတွေဟာ တစ်သွေးတည်း တစ်သားတည်း စည်းစည်းလုံးလုံး ရှိနေသင့်ပြီး ဒုက္ခတွေ့လျှင် အတူတကွမျှဝေခံစားမယ်၊ သုခတွေ့လျှင်လည်း အတူတကွပျော်ရွှင်နိုင်မှပဲ အိမ်ရဲ့အဓိပ္ပာယ်ဟာပိုပြီးပြည့်စုံမယ် ထင်ပါတယ်။

ကျွန်မတို့ရဲ့အိမ်ပုံစံက ခြေတံရှည်ပျဉ်ထောင်အိမ်ပုံစံကို အောက်မှာ အုတ်ဖိနပ် ခံထားပါတယ်။ အိမ်ရှေ့မှာက သုံးပေ ဆယ့်နှစ်ပေခန့်ရှည်တဲ့ တံတားလေးတစ်ခုနဲ့ အိမ်နဲ့ လူသွားလမ်းကို ဆက်သွယ်ထားတယ်။ တံတားလေးကလည်း ကျွန်မစိတ်ထဲတော့ တော်တော်လေး ချစ်ဖို့ကောင်းတယ်လို့ထင်တယ်။ တံတားပုံစံလေးက ခုံးခုံးလေးနဲ့ ဘေးနှစ်ဖက်မှာ လက်ရန်း နှစ်ဖက် လဲပါတယ်။ အိမ်ရဲ့အတွင်းပိုင်းမှာတော့ ဘုရားခန်းနဲ့ ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းသုံးခန်း၊ မီးဖိုချောင်တစ်ခန်း၊ ရေချိုးခန်းကတော့ အောက်မှာ သပ်သပ်လုပ်ပေးထားပါတယ်။ အိမ်ရဲ့ဒီဇိုင်းကတော့ ကျွန်မတို့ရဲ့ အဖေက သူ့ရဲ့စိတ်ကူးလေးနဲ့ အိမ်ဆောက်ပေးတဲ့သူရဲ့စိတ်ကူး ပေါင်းပြီး ဆောက်ထားတာ။ အိမ်ပုံစံလေးက အရမ်းအလှကြီးထဲမှာ မပါပေမယ့် ကျွန်မကတော့ ကျွန်မတို့ရဲ့အိမ်ပုံစံလေးကို အရမ်း နှစ်သက်ပါတယ်။ ပြီးတော့ကျွန်မတို့နေတဲ့ ရပ်ကွက်ထဲမှာ အိမ်ခြေပေါင်း သုံးဆယ် ကျော်လောက်ရှိတယ်။ များသောအားဖြင့် အိမ်အများစုက ၀န်ထမ်းအိမ်တွေများပါတယ်။ ကျွန်မတို့နေတဲ့ရပ်ကွက်ကို ၀န်ထမ်းရပ်ကွက်လို့လဲပြောလို့ရတယ်။ ၀န်ထမ်းတွေဆိုတော့ အရမ်းချမ်းသာသူတွေမရှိပေမယ့် ကိုယ့်အိမ်လေးတွေမှာကိုယ် အေးအေးချမ်းချမ်းလေး နေထိုင်ကြရင်း ရုံးသွားချိန်တန်သွား၊ ပြန်ချိန်တန်ပြန်လာ စသဖြင့် လုပ်ကိုင်စားသောက်နေကြတော့ ဆိတ်ငြိမ်ရပ်ကွက်ပုံစံမျိုးလေး တစ်ခုပါပဲ။ ကျွန်မတို့အိမ်မှာဆိုရင် အမေရယ်၊ အဖေရယ်၊မောင်နှမ သုံးယောက်ရယ် မိသားစုငါးယောက်ပဲ ရှိပါတယ်။ အဘိုးတွေအဖွားတွေကလည်း ကျွန်မတို့ အရွယ်မရောက်ခင်ကတည်းက ကွယ်လွန်ကုန်ကြတာလေ။ ကျွန်မနဲ့ ကျွန်မရဲ့ မောင်လေးဆိုရင် ဟိုဘက်ဒီဘက် အဘိုးအဘွားတွေကို သိပ်တောင်မမှတ်မိဘူး။ ကျွန်မရဲ့ အစ်မကတော့ ကောင်းကောင်း မှတ်မိတယ်။

အိမ်မှာတော့ ကျွန်မအဖေက အစိုးရလခစား ၀န်ထမ်းတစ်ယောက်ပေါ့၊ အမေကတော့အိမ်က ဝေယျာဝစ္စတွေနဲ့ ကလေးသုံးယောက်တာဝန်ကို အစစအရာရာ မလစ်လပ်အောင် တာဝန်ယူပေးရတဲ့ အိမ်ရှင်မကောင်း တစ်ယောက်ပေါ့။ ကျွန်မသိတတ်တဲ့အရွယ်ကတည်းက ကျွန်မတို့အမေက သားသမီးသုံးယောက်နဲ့ ကျွန်မတို့အဖေအတွက် အထွေထွေ ဝေယျာဝစ္စတွေကို လုပ်ပေးရတာ အလုပ်နဲ့လက်နဲ့ ပြတ်တဲ့အချိန်က တော်တော်ကိုနည်းတယ်။ အိမ်မှာအိပ်ယာ အစော ဆုံးထပြီး အလုပ်တွေကို အစောဆုံးသိမ်းကြုံးလုပ်ရတဲ့အမေက ဘယ်တော့မှပင်ပန်းတယ်ဆိုပြီး ငြီးငြူသံ သိပ်မကြား ရပါဘူး။ မိုးမလင်းခင်ကတည်းက တစ်အိမ်လုံးအတွက် အစောကြီးထပြီး ပြင်ဆင်ချက်ပြုတ်ပေးနေရတာ။ အကုန်လုံး ချက်ပြုတ်လို့ ပြီးပြီဆိုရင် သားသမီးတွေကို အိပ်ယာကနှိုးပြီး ကျောင်းသွားဖို့အတွက် ပြင်ဆင်ပေးပါတယ်။ အဖေကတော့ သူ့ဘာသာသူ အိပ်ယာကထပြီးပြီဆိုရင် ရေမိုးချိုးစားသောက်ပြီး အလုပ်သွားတာလေ။ အမေကတော့ သားသမီး သုံးယောက်လုံးကို ရေမိုးချိုး၊ သနပ်ခါးလိမ်းပေး စားစာရာကျွေးပြီးရင် ကျောင်းပို့မယ်။ ကျောင်းပို့ပြီးရင်လည်း ဈေးဝင်ပြီး ဟင်းချက်စရာတွေဝယ်ခြမ်း၊ အိမ်ပြန်ရောက်တော့လည်း နောက်နေ့အတွက် ချက်ပြုတ်စရာရှိတာ ချက်ပြုတ်၊ လျှော်ဖွပ်စရာရှိရင် လျှော်ဖွပ်နဲ့ အလုပ်နဲ့ လက် မပြတ်အောင် လုပ်နေရပြန်ရော။ အိမ်တစ်အိမ်မှာ အိမ်ရှင်မ ပီသဖို့အတွက် ကြိုးစားရတာ ကျွန်မအထင်တော့ တော်တော်ပင်ပန်းပါတယ်။ အိမ်မှာက သိပ်ပြီး ဆူသံပူသံ တွေမရှိပါဘူး။ တစ်ခါတလေ ကျွန်မက မောင်လေးနဲ့ရန်ဖြစ်ရင် အမေဆူတာလောက်ကလွဲပြီး အမေက ဆူလေ့ ဆူထ သိပ်မရှိဘူး။ တစ်ခါကတော့ ကျွန်မတို့မောင်နှမသုံးယောက်ကို ဘုရားရှိခိုးခိုင်းတာ သုံးယောက်စလုံး စိတ်မပါလက်မပါနဲ့ရှိခိုးတော့ မညီလို့ဆိုပြီး ကျွန်မတို့အဖေက တစ်ခါရိုက်ဖူးပါတယ်။ ပါးစပ်ကလည်း “နောက်တစ်ခါ အဲဒီလိုလုပ်ဦးမလား၊ လုပ်ဦးမလား” ဆိုပြီး ကြက်မွေးနဲ့မေးမေးပြီး ရိုက်တာပါ။ အဲဒီတစ်ခါမှတ်မှတ်ရရပဲ တော်တော်ကိုနာတယ်။ ငိုလိုက်တာလဲ သုံးယောက်စလုံး အပြိုင်အဆိုင်ပါပဲ။ အဆိုးဆုံးကတော့ ကျွန်မပေါ့။ ကျွန်မရဲ့အစ်မကတော့ လူကြီးဆန်တယ်။ စကားလဲ သိပ်မပြောဘူး၊ လိုအပ်မှပြောတာပါ။ ကျွန်မကတော့ ကျွန်မအစ်မလိုမဟုတ်ဘူး။ အိမ်မှာ စကားအရမ်းများပါတယ်။ အိမ်မှာ နည်းနည်း လည်းစွာတယ်။ ဆတ်ဆတ်ထိမခံဘူး။ ပြီးတော့ ဂရုစိုက်လည်း အရမ်းခံချင်တာ။ စိတ်ကလည်း ကောက်တတ်သေးတယ်။ ခေါင်းလဲနည်းနည်းမာတယ်။ အမေက ကျွန်မကိုကျော်ပြီး ကျွန်မမောင်လေးကို ဂရုစိုက်ရင်လည်း မကြိုက်ဘူး။ ခဏခဏ ပြဿနာရှာတာ။ အိမ်မှာ ကျွန်မကို အဖေက ကျန်တဲ့ နှစ်ယောက်ထက် ပိုလည်းချစ်တော့ ကျွန်မက အဖေအားကိုးနဲ့ မိုက်တယ်ဆိုလည်း မမှားဘူးပေါ့။ ဒါပေမယ့် စကားကို အေးအေးဆေးဆေးနဲ့ နားဝင်အောင်ပြောရင် ကျွန်မက လူကြီးတွေရဲ့ စကားကို နားထောင်ပါတယ်။ အိမ်မှာအမေက ကျွန်မအကြောင်းကို ကောင်းကောင်းသိတယ်။ ကျွန်မက အချော့ကလည်း ကြိုက်တယ်လေ။ဒီတော့အမေက သူလိုချင်တဲ့ပုံစံကိုရအောင်စကားကို အေးအေးဆေးဆေးလေးပြောပြီး ခေါင်းထဲ ရိုက်သွင်းတာလေ။ မိန်းကလေးဆိုတာ ဘယ်လို နေရတယ်၊ ဘယ်လိုထိုင်ရတယ်၊ စကားပြောရင်လည်း ဘယ်လိုပြောရ တယ်၊ ဘယ်လိုအချိန်မှာ ဘယ်လိုစကားပြောရတယ် စသဖြင့် အမေက တော်တော်လေးကို သင်ပေးပါတယ်။ ကျွန်မရဲ့ အစ်မကိုကျတော့ သိပ်ပြီးတော့ သင်ပေးစရာမလိုဘူး။ သူက နေတတ်၊ ထိုင်တတ်တယ်။

ကျွန်မအိမ်မှာ အရင်က တစ်လျှောက်လုံး ဆိုးနေပေမယ့် အိမ်ရဲ့တန်ဖိုးကို သိပ်နားမလည်ခဲ့ပါဘူး။ အိမ်ရဲ့တန်ဖိုးကို အိမ်နဲ့ဝေးနေမှပဲ ဘယ်လောက်တောင် တန်ဖိုးရှိတယ်ဆိုတာကို နားလည် သဘောပေါက်လာတယ်။ ကျွန်မ နောက်ဆုံးနှစ် ကျောင်းစတက်ရတဲ့ အချိန်မှာ ကျွန်မရဲ့အဖေက ရုတ်တရက် အပြောင်းအရွေ့အမိန့်ကျလာတယ်။ တခြားမြို့တစ်မြို့ကို ပြောင်းရတော့မယ်တဲ့။ ကျွန်မအနေနဲ့ကလဲ ကျောင်းတက်ဖို့ တန်းလန်းကြီး ဖြစ်နေတာ့ အဖေပြောင်းတဲ့မြို့ကို မလိုက် နိုင်သေးဘူးလေ။ ဒါကြောင့် အိမ်အဟောင်းမှာ နေခဲ့ရပါတယ်။ ကျွန်မရဲ့အစ်မကတော့ အဲဒီအချိန်မှာ ကျောင်းပြီး သွားပါပြီ။ ဒါပေမယ့် အလုပ်မရသေးတဲ့အတွက် အမေက သူတို့နဲ့အတူ အဖေပြောင်းရမယ့်မြို့ကို ခေါ်သွားပါတယ်။ မောင်လေး ကလည်း ကိုးတန်းပဲရှိသေးတော့ သူ့ကိုလည်း ခေါ်သွားတယ်။ အိမ်မှာ ကျွန်မအဖော် ရအောင်ဆိုပြီး အမေ့ရဲ့ညီမ အဒေါ် အပျိုကြီးတစ်ယောက်ကို ကျွန်မနဲ့အတူထားခဲ့ပါတယ်။ အမေတို့လည်း အိမ်ကနေ ပြောင်းသွားရော ကိုယ့်ကိုယ်ကို ခေါင်းမာ လှပြီလို့ထင်တဲ့ ကျွန်မလေ မိသားစုဆိုတာကို နားလည်လာခဲ့ပါတယ်။ တစ်ယောက်တည်း နေခဲ့ရတာတွေ၊ တစ်ခုခု လိုအင်ဆန္ဒနဲ့ မကိုက်ညီလို့ ဒုက္ခနဲ့ ကြုံလာတဲ့အချိန်တွေ၊ အားငယ်နေတဲ့ အချိန်တွေမှာ အရင်မိသားစု စုံစုံ လင်လင်နဲ့နေတုန်းက အခြေအနေကိုတွေးတွေးပြီး ငိုလိုက်ရတာ ၀မ်းနည်းလို့ကို မဆုံးပါဘူးရှင်။ ကျွန်မရဲ့အဒေါ်က တော်တော်လေး ဂရုစိုက်ပေမယ့် ကျွန်မရဲ့ နေခဲ့တဲ့အိမ်က လုံးဝကို အဓိပ္ပာယ်မရှိတော့ သလို ခံစားရပါတယ်။ ကျောင်းသွား ပြီး အိမ်ပြန်လာပြီဆိုရင် အရင်တွေ့နေကျ အဖေ၊ အမေ ကျွန်မရဲ့အစ်မ၊ ကျွန်မရဲ့ မောင်လေး ကို မတွေ့ရရင် စိတ်ထဲမှာ ဟာတာတာကြီးနဲ့ အရမ်းကို အထီးကျန်ဆန်တာပါပဲရှင်။ ကျွန်မရဲ့အဒေါ်ကလည်း အပျိုကြီး၊ အေးအေး ဆေးဆေးတရား သမားလေ။ လုပ်စရာရှိတာ လုပ်ပေးပြီးရင် သူ့ဘာသာ တစ်ယောက်တည်း နေတာ များပါတယ်။ သူ့ဘာသာ ပုတီးစိပ်ချင်စိပ်၊ မစိပ်ရင်လဲ တရားစာအုပ်ဖတ်နေတာ များပါတယ်။ ထမင်းစားရင်တောင် သူ့ဘာ သာသူ ဆာတဲ့အချိန်မှ စားတာလေ။ ဒီတော့ ကျွန်မ ထမင်းစားရင်လည်း တစ်ယောက် တည်းပါပဲ။ တစ်ယောက်တည်း ထမင်းစားရတာ အရမ်းဆိုးတာပါပဲရှင်။ အရင်က ကျွန်မတို့ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ခဲ့တဲ့အချိန်တွေကို ပြန်ပြန်မြင်ပြီး ထမင်းစားရင်းနဲ့လည်း ငိုတတ်လာပါတယ်။ ညဘက် တီဗွီကြည့်ရင်လည်း တော်ရုံတန်ရုံ ၀မ်းနည်းစရာ တောင် မျက်ရည်သိပ်မကျတတ်တဲ့ ကျွန်မက အရင်အတူနေခဲ့တဲ့၊ အတူပျော်ရွှင်ခဲ့တဲ့ မိသားစု တွေ အစုံအလင်နဲ့ နေခဲ့တဲ့ အချိန်တွေကို တွေးပြီး ငိုတတ်လာတယ်။ အရင်က အဖေ၊ အမေနဲ့ မောင်နှမတွေရှိတုန်းက ဘာမှ သိပ်မကြောက်တတ်တဲ့ ကျွန်မက နည်းနည်းလည်း အားငယ်စိတ်တွေဝင်ပြီး ကြောက်တတ်လာပါတယ်။ အဖေနဲ့အမေ အိမ်မှာမရှိတော့ အိမ်က လုံခြုံနွေးထွေးမှု မရှိတော့သလိုလဲ ခံစားရတယ်။ အိမ်ရဲ့ တန်ဖိုးအစစ်အမှန်က မိသားစု မစုံလင်ရင်လည်း ဘာမှအဓိပ္ပယ် မရှိဘူးဆိုတာ ကျွန်မနားလည် သဘောပေါက်ခဲ့ပါတယ်။ ဒီအိမ်လေးက ပေးနိုင်တဲ့ ခံစားမှုတွေက ဘာနဲ့မှမတူပါဘူး။ အရင်မိသားစု စုံလင်တဲ့အချိန်က အိမ်ပြန်ရောက်သွားပြီဆိုရင်ကို ဘာနဲ့မှ မတူတဲ့ လုံခြုံမှု၊နွေးထွေးမှု၊ ရင်းနှီးချစ်ခင်မှု၊ ဘာနဲ့မှ လဲလို့မရတဲ့ အဖေ အမေတို့ရဲ့ မေတ္တာတရားကို တဖြည်းဖြည်းနဲ့ နားလည်ခံစားတတ်လာပါတယ်။ ကျွန်မအတွက် တော့ အိမ်ဆိုတဲ့ ပရိဝုဏ်လေးဆိုတာဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ခံစားမှုတွေက ကျွန်မရဲ့ နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း ခံစားလို့ရတဲ့ သံယောဇဉ်တွေကို ပျိုးထောင်ပေးတဲ့ အသိုက်အမြုံလေးဆိုတာကိုလည်း တဖြည်းဖြည်းနဲ့ခံစားတတ် လာ ပါတယ်။

အခုဆိုရင် ကျွန်မတို့ မောင်နှမသုံးယောက်က အရွယ်တွေရောက်ခဲ့ပြီ။ ကျောင်းတွေလဲပြီးလို့ လုပ်ငန်းခွင်ကို ကိုယ်စီဝင်ရောက်ကြရမယ့် အချိန်တွေ ရောက်လာတဲ့ အချိန်မှာကျတော့ ကျွန်မတို့နှစ်သက်ခဲ့တဲ့ အိမ်လေးနဲ့အတူ ကျွန်မတို့ရဲ့ မိဘနှစ်ပါးရှိတဲ့အရပ်ကနေ မစွန့်ခွာချင် စွန့်ခွာချင်နဲ့ စွန့်ခွာခဲ့ရပါတယ်။ ကိုယ်နဲ့သင့်တော်မယ်ထင်တဲ့အရပ်၊ သင့်တော်မယ့်အလုပ်တွေမှာ မောင်နှမ သုံးယောက်လုံး ကိုယ်စီဝင်နေကြရတဲ့အချိန်မှာကျတော့ ကျွန်မတို့ရဲ့အိမ်လေးကို အဝေးကနေ သတိရနေပေမယ့်လည်း ကျွန်မတို့ရဲ့မိဘနှစ်ပါးရှိတဲ့အိမ်လေးကို တစ်နှစ်နှစ်ခေါက်လောက်ရောက်ဖို့တောင် တော်တော်လေးကို ကြိုးစားရပါတယ်။ အရင်တုန်းကတော့ မိသားစုတွေအစုံအလင်နဲ့ ပျော်ရွှင်စွာ နေထိုင်စားသောက်ခဲ့တဲ့ ဒီအိမ်လေးက အခုချိန်မှာသားသမီးတွေ ပညာတွေစုံပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ အခြေအနေရောက်တော့ အရင်တုန်းက ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်လေးက တိတ်ဆိတ် ငြိမ်သက်လို့ နေပါတယ်။ အဖေနဲ့အမေလည်း သားသမီးတွေ ဘယ်အချိန်မှာများ ပြန်လာမလဲဆိုတာ မသေချာမရေရာတဲ့ နေ့ရက်တွေကို ရေတွက်စောင့်မျှော်ရင်းနဲ့ အသက်တွေ တဖြည်းဖြည်း ကြီးလာ၊ အရွယ်တွေ တဖြည်းဖြည်းကျလာပါပြီ။ သြော်… နောက်ဆုံးတော့လည်း အိမ်ဆိုတာက မရေရာ မသေချာတဲ့ မျှော်လင့်ချက်လေးတွေနဲ့၊ တိတ်တိတ် ဆိတ်ဆိတ်နဲ့သားသမီးတွေ ပြန်လာ မယ့် အချိန်ကို လည်တဆန့်ဆန့်နဲ့ စောင့်မျှော်နေရတဲ့ မိခင်၊ ဖခင်တို့ရဲ့ နားခိုရာ နေရာလေးတစ်ခုပါပဲလား။ ကျွန်မအနေနဲ့တော့ ဟိုး…အရင်တုန်းက မိသားစုအစုံအလင်နဲ့ ပျော်ရွှင်စွာ ဆော့ကစား၊ အစားအသောက်တွေကို လုယက်စားသောက်၊ အမေ့ရင်ခွင်ထဲကို အလုအယက်တိုးဝင်ပြီး အိပ်ခဲ့တာတွေ၊ မောင်နှမတွေ ရန်ဖြစ်ပြီး ငိုယိုသံတွေနဲ့ တိုင်တောသံတွေ၊ အပြစ်တင်သံတွေ၊ ဆူသံတွေနဲ့ အိမ်လေးကိုပဲ အဝေးကနေ တမ်းတနေမိပါတော့တယ်။ လောကကြီးမှာ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို စွန့်လွှတ်ရတယ်ဆိုတာ အခုမှပဲ နားလည်သဘောပေါက်လာတော့တယ်။ မိမိတို့အတွက် ပညာတို့ ဥစ္စာတို့ လိုချင်တော့လည်း နွေးထွေးမှုအပေးနိုင်ဆုံးနဲ့ ဘာနဲ့မှ လဲလို့မရအောင် တန်ဖိုးရှိတဲ့ အိမ်လေးကို စွန့်လွှတ် လိုက်ရတာကတော့ စိတ်ထဲမှာ တကယ်ကို ထိခိုက်မိပါတယ်။ ကျောင်းပြီးလို့ အလုပ်လုပ်ချင်တော့ သိပ်မကြာခင် မှာ ကိုယ်နဲ့သင့်တော်မယ် ထင်တဲ့ အလုပ်တစ်ခုရတာ၊ ကိုယ်မျှော်လင့်ထားတဲ့ အလုပ်တစ်ခုကို ပိုင်ဆိုင် ရတာက ပျော်ရွှင်မှု တစ်မျိုးပါပဲ။ အလားတူပဲ ဒီပျော်ရွှင်မှုနဲ့ထပ်တူ ဆုံးရှုံးသွားခဲ့ရတဲ့ ခံစားမှုကတော့ အိမ်ဆိုတဲ့အေးချမ်းတဲ့ အရိပ်အာဝါသလေး ကို အပြီးမဟုတ်တောင် အချိန်တော်တော်ကြာကြာ စွန့်လွှတ်လိုက်ရတာကို တစ်ခါတလေ ပြန်တွေး ကြည့်ရင် ငါပေးဆပ် လိုက်ရတာက တော်တော်လေး တန်ဖိုးကြီးပါလားလို့တွေးမိလာတယ်။ အိမ်မဟုတ်တဲ့ အခြားတစ်နေရာကို ရောက်မှပဲ တခြားသူတွေနဲ့ အလုပ်လုပ်ရ ပေါင်းသင်း ဆက်ဆံရမှပဲ အိမ်ရဲ့တန်ဖိုးနဲ့ အေးချမ်းမှု၊ နွေးထွေးမှုတွေကို နားလည်မိပါ တော့တယ်။ ကျွန်မရဲ့စိတ်ထဲမှာတော့ ကျွန်မတို့မိသားစုအိမ်လေးက အရမ်းမချမ်းသာပေမယ့် နွေးထွေးတဲ့အိမ်တစ်လုံးလို့ တော့စိတ်ထဲမှာ ထင်တယ်ရှင့်။ ကျွန်မတို့အိမ်လေးက အိမ်တစ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့ နားလည်မှုတွေ ၊သာယာမှု တွေနဲ့ စည်းလုံးမှုတွေ ရှိတယ်လို့လည်း ကျွန်မထင်တယ်။

နောင်တချိန်မှာ ကျွန်မရဲ့စိတ်ကူးထဲက ကိုယ်ပိုင်အိမ်လေးတခု ဖန်တီးမယ်ဆိုရင် အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးမှာ အိမ်လေးကိုဆောက်မယ်။ အိမ်ပုံစံကို အကြီးကြီးလည်း မဆောက်ဘူး။ တစ်ထပ်တိုက်ပုံလေးပဲဆောက်မယ်။ တိုက်လေးရဲ့အရောင်ကလည်း အပြာနုရောင်လေးဖြစ်ရမယ်။ အခန်းတွေလည်း အများကြီးမထားဘူး။ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း ၊ဘုရားခန်း တစ်ခန်း၊ ရေချိုးခန်း တခန်း၊ မီဖိုခန်းလေးတစ်ခန်းလောက်ဆို ရပြီ။ ပြတင်းပေါက်လေး တွေ ကို မှန်ကြည်ကြည်လေးတွေ တပ်ထားမယ်။ လိုက်ကာတို့ ခန်းစီးတို့ကိုလည်း အပြာနုရောင်လေးတွေပဲ တပ်ထားတယ်။ ကျွန်မရဲ့အိမ်လေးကိုကြည့်လိုက်ရင် အပြာနုရောင်လေးနဲ့မြင်တဲ့သူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေချင်စရာ ကောင်းမယ့်ပုံလေးဖြစ်အောင် ဖန်တီးယူမယ်။ အိမ်ရှေ့မှာ ဒါန်းအပြာရောင်လေး တခုလဲပါရမယ်။ ကျွန်မရဲ့အိမ်လေးရဲ့ ပတ်လည်မှာ သီးပင်စားပင်တွေ အစုံစိုက်ပျိုးထားမယ် ပန်းပင်လေး တွေကိုလည်း စုံလင်အောင် စိုက်ထားမယ်။ အိမ်မှာ ခွေးလှလှလေး တစ်ကောင်နဲ့ ကြောင်လေးနှစ်ကောင်လောက်လဲ မွေးထားမယ်။ ကျွန်မရဲ့အိမ်လေးမှာ ကျွန်မ ချစ်တဲ့ မိသားစုလေးရယ်၊ ခွေးလေးရယ် ၊ကြောင်လေးတွေရယ်၊ ပန်းပင်လှလှလေးတွေရယ် ဒါန်းလေးရယ် ပါဝင် ရမယ်။ ကျွန်မရဲ့အိမ်လေးက ပျော်ရွှင်ခြင်းတွေနဲ့ လည်း ပြည့်စုံ ရမယ်၊ ငြိမ်းချမ်းတဲ့အငွေ့အသက်လေးတွေလည်း ရှိရမယ်။ ကျွန်မရဲ့ အိမ်လေးက ချစ်စရာကောင်းတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်အောင် ဖန်တီးမယ်လို့လည်း ကျွန်မစိတ်ကူး ထားတယ်။

အခုတော့ အကြင်နာတရားတွေ၊ နွေးထွေးတဲ့မေတ္တာတရားတွေနဲ့ပြည့်နေတဲ့ ကျွန်မတို့ငယ်ငယ်က နေဖူးတဲ့ ကျွန်မ တို့ရဲ့ အိမ်လေးကို အချိန်အခါအခွင့်သင့်ရင် ပြန်ဖို့အတွက် မျှော်လင့်ချက်လေး ထားရင်း အေးချမ်းတဲ့အမေ့ရဲ့ မေတ္တာရိပ်တွေ လွှမ်းခြုံထားတဲ့ ကျွန်မတို့ရဲ့အိမ်လေးကို အဝေးတနေရာက လွမ်းနေမိပါတော့တယ်။

စုလေးငယ်
မြန်မာဆိုက်ဘာပြိုင်ပွဲဝင် ဒသမဆုရစာမူ