Saturday, August 25, 2012

ခိုင်မြဲတဲ့သစ္စာ

လူရယ်လို့ဖြစ်လာရင် ဘဝမှာ ကောင်းသောအမှတ်တရ၊ မကောင်းသောအမှတ်တရဆိုတာ ကြုံတွေ့ရ စမြဲပါ၊ ကျွန်မရဲ့ဘဝမှာလည်း အမှတ်တရများစွာရှိခဲ့ပါတယ်၊ တချို့အမှတ်တရတွေကတော့ ကျွန်မအတွက် ကံကောင်းမှုတွေကြောင့် ပျော်ရွှင်ခဲ့ရသလို တချို့အမှတ်တရတွေက ကျွန်မအတွက် နာကျင်မှုတွေကြောင့် ဖြေမ ဆည်နိုင်စွာ မေ့မရခဲ့တဲ့ အမှတ်တရတွေလည်း ရှိခဲ့ဖူးပါတယ်။

♫ ♫ ♫ မြေနီလမ်းထက်မှာ သင်းပျံ့တဲ့ ပန်းရနံ့ဟာ ခုထိမွှေးနေတုန်းပဲ
ငါတို့ကျောင်းအရိပ်မှာ အမှတ်တရပါ ဟိုးအတိတ်ဟာ တစ်ခါပြန်လိုချင်တယ်
အတူလျှောက်ဖူးတဲ့ ဒီလမ်းထက်မှာ သီချင်းများစွာ အခုထိကြားယောင်တုန်းပဲ
မေ့မရနိုင်ဘူး အတွေးထဲမှာ အချိန်တွေတိုင်းပဲရှိနေမယ် ♫ ♫ ♫

အခုတလော ကျောင်းသီချင်းတွေ နားထောင်မိတဲ့အခါ တက္ကသိုလ်တက်ခဲ့တုန်းက အတိတ် အချိန်တွေ ကို ပြန်ပြန်သတိရမိနေတယ်။ လွန်ခဲ့သော ငါးနှစ်ကျော်ကာလက တက္ကသိုလ်မြေကို ပြန်အောက်မေ့ကာ လွမ်းမောမိသည်။ အချိန်တန် ကျောင်းပြီးလို့ ကိုယ်စီလုပ်ငန်းခွင်ဝင်သူဝင် ကိုယ်ပိုင် စီးပွားရေးလုပ် သူတွေ လည်းလုပ်လို့။ ခွဲခွာကြရပေမယ့် အကြောင်းတိုက်ဆိုင်တိုင်း တစ်ချိန်တုန်းကဆိုတဲ့ တက္ကသိုလ် ကျောင်းသူဘဝ ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်လွမ်းမိတယ်။ ကျွန်မ ဆယ်တန်းအောင် တဲ့အချိန်က ကျွန်မမျှော်လင့်ထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့ နီးလာတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဝမ်းသာ မိတယ်။ ကျွန်မဘဝမှာ အဖြစ်ချင်ဆုံးက တက္ကသိုလ်က နည်းပြတစ်ယောက်။
ကျွန်မတို့တက်ခဲ့သည့် တက္ကသိုလ်သည် မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်။ ရတနာပုံတက္ကသိုလ်သည် အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ တက္က သိုလ် တစ်ခုပင် ဖြစ်သည်။ တစ်ခါတစ်ရံ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်တည် ဆောက်ထားသည့် ဦးပိန်တံတားကိုလည်း ကျွန်မတို့ ကျောင်းကြီးကို သတိရမိသလို မကြာခဏ သတိရမိသည်။ ကျောင်းတက်လျှင် များသောအားဖြင့် ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့လုံး ဆိုင်ကယ်နှင့် သွားကြသည်။ မိန်း(မန္တလေးတက္ကသိုလ်ဟောင်း)ထဲမှ ကျောင်းအထိဆိုလျှင် နာရီဝက်နီးပါးလောက် မောင်းရပါတယ်။
တက္ကသိုလ်တက်ရသောအချိန်များသည် ကျွန်မဘဝအတွက် အပျော်ရွှင်ဆုံး ကာလများဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်နဲ့တူတဲ့ လှုပ်ရှားမှု၊ ရင်ခုန်မှုတွေကတော့ တက်ဖူးသူတိုင်း အမှတ်တရရှိကြမှာပါ။ မှတ်မှတ်ရရ ပထမနှစ် စတက်ခါစက ရင်တွေခုန်၊ စိတ်တွေလှုပ်ရှား၊ နည်းနည်းအူကြောင်ကြောင်နိုင်သော်လည်း သိပ်မကြာခင် ရက်များအတွင်း ကျွန်မနေသားကျသွားခဲ့သည်။ ကျောင်းမှာလည်း သူငယ်ချင်းများ တိုးပွားလာသလို အခန်းဖော်များဖြစ်သော နွေးနွေး၊ ဆုဆုလတ်တို့နှင့် ရင်းနှီးသွားသည်။ နွေးနွေးရော၊ ဆုဆုလတ်ရော နှစ်ယောက်စလုံး မိုးကုတ်သူများဖြစ်သည်။ နွေးနွေးက မြန်မာမလေးဖြစ်သော်ငြားလည်း အသားလေးများ ဖွေးဥပြီး တရုတ်မလေးတစ်ယောက်၏ မျက်လုံးမျက်ဖန်မျိုးနှင့် ရုတ်တရက်ကြည့်လိုက်လျှင် တရုတ်မလေးဟု ထင်မှတ်ရသည်။ ဆုဆုလတ်က ဂေါ်ရခါးမလေး။ ဂေါ်ရခါးမလေး ဆိုပေမယ့် အသားအရေ အတော်လှသည်။ မျက်လုံးကလည်း ဝိုင်းဝိုင်းလေးနှင့် ဆံပင်အကောက်နှင့်ဆိုတော့ အရုပ်မလေးသဖွယ် လှပသူဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး စိတ်သဘောထားပြည့်ဝကြသူများ ဖြစ်ကြသည်။ နှစ်ယောက်စလုံး ကျွန်မထက် နှစ်နှစ်နီးပါးငယ်ကြ၍ ကျွန်မကို မမ ဟုခေါ်ကြသည်။ ကျွန်မက သူတို့ နှစ်ယောက်လုံးကို ညီမအရင်းလို ချစ်သလို သူတို့နှစ်ယောက်ကလည်း ကျွန်မကို အစ်မတစ်ယောက်လို အားကိုးကြသည်။
ဒုတိယနှစ်တွင် ကျွန်မအတွက် ပိုပျော်ရွှင်ခဲ့သော အချိန်များဖြစ်ခဲ့လေသည်။ ကျောင်းတက်သည့်အချိန် ကြာလာလေလေ ကျောင်းရဲ့ အနေအထား၊ ဒေသ၊ ကျောင်းရဲ့ ဓလေ့စရိုက်နဲ့အတူ ကျောင်းပွဲတွေအကြောင်း အတော်အတန် သိလာတဲ့အခါ ကျောင်းတက်ရက်တွေက ပိုလို့အသက်ဝင်ကာ သူငယ်ချင်းတွေလည်း ပိုများ လာခဲ့သည်။ ကျွန်မ၏သူငယ်ချင်းများအားလုံးသည် အဆောင်မနေဘဲ မိမိတို့အိမ်မှ ကျောင်းတက်ကြသူ များသည်။ ကျွန်မတစ်ယောက်သာလျှင် အိမ်မှ ကျောင်းမတက်ဘဲ အဆောင်မှာနေ၍ ကျောင်းတက် ဖြစ်သည်။ အဆောင်သာနေပေမယ့် ကျွန်မအိမ်က လာရှာတိုင်း အဆောင်မှာ ကျွန်မကိုမတွေ့လို့ မကြာခဏ အဆူခံရသည်။ သို့သော် ကျွန်မက သူငယ်ချင်းများနှင့် အသွားအလာမပျက်။ ကျွန်မသူငယ်ချင်းများဖြစ်သည့် အိအိကျော်ငြိမ်း၊ ငုဝါဆွေ၊ သက်မွန်၊ အောင်ခန့်၊ နိုင်လင်း၊ ပြည့်ဖြိုးမောင်တို့သည် ကျောင်းမသွားခင် ကျွန်မ အဆောင်သို့လာ၍ လူစုပြီး လူစုံမှသာ ကျောင်းသို့ တက်ညီလက်ညီသွားကြသည်။ နိုင်လင်းမှာ ငုဝါဆွေနှင့် ပတ်သက်ပြီးတော့မှ ကျွန်မတို့ သိလာရသည့်သူငယ်ချင်းဖြစ်သည်။ ငုဝါဆွေကို လိုက်နေသူလည်းဖြစ်သည်။ ကျန်သည့်သူငယ်ချင်းများ အားလုံးက ရည်းစားမရှိကြချေ။
ကျောင်းသွားချိန်တော့ အဆောင်ကနေ အုပ်စုလိုက် လူစုံပြီးဆိုတာနှင့်ထွက်ကြပေမယ့် ပြီးလျှင် ကျောင်းမရောက်သည့်ရက်က ပိုများသည်။ တစ်ခါတလေ ယောကျာ်းလေးအဖွဲ့က ထန်းတောထဲသွားပြီး ထန်းရေသောက်သည့်အချိန်များတွင်လည်း ကျွန်မတို့မိန်းကလေးအဖွဲ့က အတန်းတက်လျှင်တက်၊ ရုပ်ရှင်ကြည့်သည့်အခါကြည့် ဒါမှမဟုတ် တစ်ယောက်ယောက်၏ အတန်းထဲ အားလုံးစုထိုင်ကာ ထွေရာလေးပါး ပြောလိုပြော၊ တခါတလေ အဖွဲ့လုံး မန္တလေးတောင်ပေါ်သွားလိုသွား၊ ဦးပိန်တံတားပေါ်တွင် လမ်းလျှောက်လိုလျှောက်၊ ရတနာပုံတက္ကသိုလ်နှင့် ဦးပိန်တံတားသည် နီးသဖြင့် ကျောင်းသား ကျောင်းသူတိုင်းလိုလို ဦးပိန်တံတားတွင် လေညင်းခံ လမ်းလျှောက်ဖူးကြသည်။ နေပူသည့်အချိန်ဆိုလျှင် တံတားအောက်တွင် ထန်းရွက်မိုးထားသည့် စားသောက်ဖွယ်ရာဆိုင်များတွင် ထိုင်ကာ စားသောက်ကြသည်။
တံတားအောက်ဘက်မှ ဆိုင်များတွင် ကောက်ညှင်းပေါင်းနှင့် အကြော်စုံ၊ ငါးကြော်၊ ပုဇွန်ကြော်၊ ပြောင်းဖူးကြော်၊ လက်ဖက်သုပ်၊ အသုပ်စုံ အစုံရသည်။ တစ်ခါတစ်ရံ ၎င်းအကြော်ဆိုင်များတွင် ထိုင်ကာ နိုင်လင်းယူလာသော ဂစ်တာအား သူတို့ယောက်ျားလေးအဖွဲ့က ဂစ်တာတီးပြီး သီချင်းတွေဆိုပြ၊ မိန်းကလေးတွေက သီချင်း နားထောင်လိုက် သူတို့ကိုဟားလိုက်၊ မုန့်တွေလုစားလိုက်နဲ့ တကယ့်ကို ပျော်ရွှင်ဖို့ ကောင်းခဲ့ပါတယ်။ တစ်ခါတစ်ရံ ကန်ပတ်လမ်းက အအေးဆိုင်မှာထိုင် ဂစ်တာတီးသူကတီး သီချင်းဆိုသူကဆို ဟာသတွေပြောကြ ရယ်ကြမောကြနှင့် တစ်ခါတစ်ရံ၌လည်း ကာရာအိုကေသီချင်းသွားဆိုဖြစ်ကြသည်။
ပထမနှစ် Second Semester ဖြေခါနီးတစ်ရက် ကျွန်မတို့တစ်တွေ ဦးပိန်တံတားအောက်က ဆိုင်တစ်ဆိုင်မှာ ထိုင်ကာ စာကျက်သူကကျက်၊ တွက်သူကတွက် စကား ပြောသူကပြောနှင့် ထိုင်နေစဉ် နိုင်လင်းမှ သူ့သူငယ်ချင်းတစ်ယောက်ကိုခေါ်ကာ ကျွန်မတို့အဖွဲ့နှင့် မိတ်ဆက်ပေးခဲ့သည်။ သူ့နာမည်က သူရအောင်၊ ပုံစံကတော့ လူကြီးပုံစံပေါက်ကာ သိပ်စကားလည်းမပြောပဲ ခပ်အေးအေးပင်နေတတ်သည်။ ပထမပိုင်း သူရောက်ခါစကတော့ နည်းနည်း ခပ်တန်းတန်းရှိသော်လည်း သိပ်မကြာခင် သူလည်း အားလုံးနှင့် ခင်မင်သွားသည်။ သို့သော် သူရအောင်သည် နိုင်လင်းလို အပြောင်အပြက်တွေ သိပ်မပြောတတ်ပါ။ အခြားသူများတွေ ဟာသတွေ ပြောလျှင်လည်း သူက လိုက်သာရယ်နေတတ်သည်။ သူပြုံးရယ်လိုက်လျှင်တော့ သွားတက်ကလေးတွေနှင့် ကလေးတစ်ယောက်လိုဖြူစင်သည့် မျက်နှာမျိုးဖြစ်သည်။
သူရအောင်၊ နိုင်လင်းနှင့် ငုဝါဆွေတို့က အီကို။ အိအိကျော်ငြိမ်း၊ သက်မွန်၊ အောင်ခန့်၊ ပြည့်ဖြိုးမောင်နှင့် ကျွန်မက မြန်မာစာ။ တဖြည်းဖြည်းနဲ့ ကျွန်မတို့ ဒုတိယနှစ် Second Semester ဖြေဖို့ နီးလာလေပြီ။ ပျော်လိုက် ပါးလိုက်ဖြင့် အချိန်တွေကုန်ဆုံးသွားသော်လည်း စာမေးပွဲကျမှာတော့ ကျွန်မကြောက်မိသည်။ ဒါကြောင့် မနက်စောစောပိုင်းနှင့် နေ့ခင်းကျောင်းမသွားခင်အချိန်တွင် ကျွန်မစာကျက်ချိန်အဖြစ် သတ်မှတ်ကာ ကျက်လေ့ရှိသည်။ ညပိုင်းတွင် စာကျက်လို့ သိပ်အဆင်မပြေပါ။ အဆောင်ရှေ့တွင် ဂစ်တာတီးသည့်သူများ သီချင်းတောင်းသည့်သူများနှင့် ဂစ်တာသံများကြောင့် စာကျက်ရတာ သိပ်အာရုံမရ။ ဒါကြောင့် နေ့ခင်းကျောင်း မသွားမီ ကျွန်မ ရေချိုး အလှပြင်ပြီး အချိန်ပိုနေသဖြင့် စာတစ်ပုဒ် ရလိုရငြား ထိုင်ကျက်နေစဉ်။
“ညိုရေ ဧည့်သည်လာတယ်”
အဆောင်မှူး မမိုး၏အသံကြောင့် ကျွန်မစာဖတ်ရာမှထကာ ပြတင်းပေါက်မှ ကြည့်မိလိုက်သည်။ အဆောင်အောက်တွင် ကျွန်မအခန်းသို့ DT ဆိုင်ကယ်ပေါ်မှ မဆင်းဘဲမော့ကြည့်နေတဲ့ သူရအောင်ကို လှမ်းမြင်လိုက်သည်။ ကျွန်မကိုမြင်တော့ ဆင်းခဲ့ဖို့ အရိပ်အကဲဖြင့်ပြောသည်။ ဒီနေ့ သူ့မျက်နှာကို ကြည့်ရသည်မှာ ရွှင်ရွှင်ပျပျမရှိဘဲ အနည်းငယ် ညို့မှိုင်းနေသလိုပင်။ ဒီနေ့ သူအစောဆုံးရောက်လာတာပဲ ဟု စိတ်ထဲက တွေးလိုက်မိသည်။
“ဟုတ် မမိုး လာပြီ”
ဟု ပါးစပ်ကလည်းပြော ခါးမရောက်တရောက် ဆံပင်တွေကို လက်ဖြင့် သပ်ကာ အခန်းထဲမှထွက်၍ လှေကားမှ တဒုန်းဒုန်းနှင့် ပြေးဆင်းသွားသည်။ အဆောင်အောက်ရောက်တော့ သူမက မေးလိုက်သည်။
“သူရ စောလှချည်လား…. ဘယ်သူမှလည်းမရောက်ကြသေးဘူး..”
“အင်း ဟုတ်တယ် ငါနည်းနည်းစောစောထွက်လာတာ.. နင်အခုဘာလုပ်နေလဲ”
“စာကျက်နေတာ”
“သြော် ဒါဆို လက်ဖက်ရည်သွားသောက်ရအောင်..စာနောက်မှဆက်ကျက်လေ”
“ဒါဆို ကျန်တဲ့သူတွေလာရင်ကော..”
“မမိုးကို မှာခဲ့လိုက်လေ.. ကောင်းထက်ကျော်ကို လိုက်ခဲ့ဖို့”
“သြော် အေးအေး.. ဒါဆို ငါအင်္ကျီလဲဦးမယ် ခဏစောင့်နော်”
“အင်း..”
ဟု ပြောကာ အဆောင်ရှေ့ အုတ်ခုံတွင် ဆိုင်ကယ်ပေါ်မှဆင်းကာ ထိုင်နေသည်။ ကျွန်မ အဝတ်အစားအမြန်လဲ ခေါင်းလေးဖြီး ကျောပိုးအိတ်လေးဆွဲကာ ပြန်ဆင်းခဲ့ပြီး..
“ငါ့ဆိုင်ကယ်ထုတ်ပေးဦး”
“ငါ့ဆိုင်ကယ်နဲ့ပဲလိုက်လေ.. သူတို့တွေလာလို့ ဆိုင်ကယ်မလောက်မှ လာယူမယ်”
“အေး ဒါဆိုလည်း သွားကြတာပေါ့”
ဆိုင်ကယ်ပေါ်တက်ပြီး ကောင်းထက်ကျော်ဘက် ထွက်လာခဲ့သည်။
“ဒီနေ့ ဘာဖြစ်လာတာလဲ”
“ဘာမှမဖြစ်ပါဘူး.. ဘာလို့လဲ”
“ တစ်ခုခုဖြစ်လာသလားလို့လေ..”
“နင်ကလူကဲခတ်တာ တော်သားပဲ”
သူပြောချင်ပုံမရသဖြင့် ကျွန်မလည်း ဆက်မေးမနေဘဲ တိတ်တဆိတ်ပဲ ဆိုင်ကယ်နောက်က လိုက်လာ မိသည်။ ကျွန်မတို့အဆောင်နှင့် တစ်လမ်းကျော်တွင် စာအုပ်ငှားဆိုင်၊ ထမင်းဆိုင်၊ ကုန်စုံဆိုင်၊ မိတ္တူဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်နှင့် လက်ဖက်ရည်ဆိုင်စသည်ဖြင့် ဆိုင်တွေ စုံစုံလင်လင်ရှိသည်။ အဆောင်ထိပ်တွင် ကားလမ်းမကို လမ်းဖြတ်ကူးလိုက်သည်နှင့် Friend လက်ဖက်ရည်ဆိုင်ရှိသည်။ ကားလမ်းမ တစ်လျှောက်တွင်လည်း အဝတ်အစားဆိုင်၊ ဖန်စီပစ္စည်းဆိုင်၊ အစားအသောက်ဆိုင်၊ အလှပြင်ဆိုင်တွေနှင့် တခြားဆိုင်များ ဟိုဘက်ဒီဘက် လမ်းမတစ်လျှောက် ဆိုင်တွေစုံလင်လှသည်။ ကျွန်မတို့ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း Friendတွင် သိပ်ထိုင်လေ့မရှိ။ ထိုင်သူများလွန်းသဖြင့် အရမ်းဆူသလို ခံစားရသောကြောင့်ဖြစ်သည်။ များသောအားဖြင့် ထိုင်တတ်သည့်ဆိုင်များမှာ ၆၉ လမ်းပေါ်မှ လက်ဖက်ရည်ဆိုင်နှင့် ကျွန်မအဆောင်၏ တစ်လမ်းကျော်မှ ကောင်းထက်ကျော်ဆိုင်မှာသာ ထိုင်တတ်သည်။ တစ်ခါတစ်ရံ မိန်းထဲက Ruby မှာလည်း ထိုင်ဖြစ်သည်။ ကောင်းထက်ကျော်ဆိုင်ရှေ့ ရောက်သောအခါ သူရက ဆိုင်ကယ်ကို ထိုးရပ်လိုက်သည်။ သည်ဆိုင်သည် များသောအားဖြင့် လူရှင်းသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးဆေးဆေး စကားပြောလို့ကောင်းသော ဆိုင်တစ်ဆိုင်ပင်ဖြစ်သည်။ ဆိုင်ထဲရောက်သောအခါ ထောင့်တစ်ခုမှ စားပွဲမှာ နေရာယူကာ ထိုင်လိုက်ပြီးနောက် သူရက…
“ညို နင်ဘာသောက်မှာလဲ...”
“ဘာမှမသောက်တော့ဘူး.. ငါနင်မလာခင်မှ ထမင်းစားထားတာ ဗိုက်ပြည့်နေတယ်”
“တစ်ခုခုတော့သောက်.. စတော်ဘယ်ရီပဲမှာလိုက်မယ်နော်.. စတော်ဘယ်ရီတစ်ခွက်.. ဖန်ဆိမ့် တစ်ခွက်”
ဟု လှမ်းမှာလိုက်သည်။ ကျွန်မ ဗိုက်အတော်အတန်ပြည့်နေသော်လည်း ငြင်းမနေတော့ဘဲ သူမှာသလိုသာ ငြိမ်နေလိုက်သည်။ ကျွန်မ လက်ဖက်ရည်၊ ကော်ဖီ မသောက်တတ်မှန်း သူသိသည်။ ဆိုင်ထိုင်လျှင် ကျွန်မသောက်တတ်သည့် အသီးအနှံဖျော်ရည်မှာ စတော်ဘယ်ရီ(သို့) ထောပတ်သီးဖျော်ရည် အသောက်များသောကြောင့် ထိုနှစ်မျိုးထဲမှ တစ်မျိုးမျိုးသောက်မည်ဟု သူခန့်မှန်းထားပုံရသည်။ မှာစရာရှိတာမှာပြီးနောက် စကားလည်းမပြောဘဲ အဝေးတစ်နေရာကိုသာ သူလှမ်းကြည့်နေလေသည်။ သူ့ပုံစံ ကြည့်ရတာ တစ်ခုခုကြောင့် ကြေကွဲနေသလိုလို၊ တစ်ခုခုကြောင့် နင့်နင့်နဲနဲခံစားနေရသလိုလို။ တစ်စုံတစ်ခုကိုပဲ လေးလေးနက်နက် တွေးနေသလိုလို။ ကျွန်မလည်း မသိလိုက် မသိဘာသာပင် ဂျာနယ်တစ်စောင်ဆွဲယူပြီး ဟိုလှန်ဒီလှန်နှင့်ကြည့်နေလိုက်သည်။ ဂျာနယ်ထဲမှ မော်ဒယ်တစ်ဦး၏ မေးဖြေကဏ္ဍကို ကြည့်နေစဉ်..
“ညို”
“အင်း.. ”
ကျွန်မ ဂျာနယ်မှ မျက်နှာမခွာဘဲ သူခေါ်တာကို ထူးလိုက်မိသည်။
“ငါ့ကို ကြည့်ပါဦး ..ညိုရဲ့.. ” တဲ့။
“အင်း..ပြောလေ”
ကျွန်မ ဂျာနယ်ကိုပိတ်လိုက်ပြီး သူ့ကိုကြည့်၍မေးလိုက်သောအခါ..
“နင့်ဆံပင်တွေက အရမ်းလှတာပဲ” တဲ့၊ ခါးနားမရောက်တရောက်ကျွန်မဆံပင်တွေ ကြည့်၍ ပြောနေပြန်သည်။
“အဲ့ဒီတော့ ဘာဖြစ်တုန်း... ဒါနဲ့ ငါ့ဆံပင်ကို နင် အခုမှသတိထားမိတယ်ပေါ့...ညံ့လိုက်တာဟယ်”
“သိတာကြာပါပြီ.. မပြောရဲလို့”
“ဖြစ်ရလေ သူရရယ် ” ဟု ပြောပြီး ကိုယ့်ဘာသာ သဘောကျသဖြင့် ကျွန်မ သူ့မျက်နှာကြည့်ပြီး ခပ်တိုးတိုးရယ်မိလိုက်သည်။
“တကယ်ပြောတာ၊ မရယ်ပါနဲ့ ညိုရယ်”
“အွန်.. ဘာလို့တုံး သူငယ်ချင်းရဲ့”
သူဘာမှမပြောဘဲ.. ကျွန်မကိုပဲ ခပ်စိုက်စိုက်ကြည့်နေလေသည်။ ခဏကြာသောအခါ
“ညို”
“အင်း”
“ဘာမှမဟုတ်တော့ပါဘူးဟာ..”
“နင်ဒီနေ့ ဘာတွေဖြစ်နေတာလဲဟင်၊ ထူးတော့ထူးခြားနေတယ်၊ ဘာဖြစ်နေမှန်းတော့ ငါလည်း မခန့်မှန်းတတ်ဘူး”
“ဘာမှမဖြစ်ဘူး၊ ဒီနေ့မှ နင်နဲ့ နှစ်ယောက်တည်း သီးသန့်ထိုင်ချင်လို့၊ နောက်ရက်တွေလည်း ငါ လာခေါ်မယ်နော်”
“အင်း လာခေါ်လေ.. ”
“အေးအေး”
ဆိုင်ရှေ့တွင် ငုဝါဆွေတို့ အဖွဲ့တွေ ဆိုင်ကယ်တွေကိုယ်စီဖြင့် ရောက်လာကြသည်။ ငုဝါဆွေနှင့် နိုင်လင်းက တစ်စီး၊ အိအိကျော်ငြိမ်းနှင့် သက်မွန်က တစ်စီး၊ ပြည့်ဖြိုးမောင်နှင့် အောင်ခန့်က တစ်စီးစီ။ ဆိုင်ထဲ ဝင်လာလာချင်း အိအိကျော်ငြိမ်းက..
“ဟယ် စုံတွဲခုတ်နေတယ်တော့၊ မိညို နင့်အကြံဒါအကုန်ပဲလား၊ ပြောစမ်း”
ဟု လှမ်းနောက်လေသည်။ ဒီတော့ ကျွန်မက
“မိငြိမ်း ဘာတွေပြောနေတာလဲ၊ သူရက စောလာပြီး လက်ဖက်ရည်သောက်ချင်တယ်ဆိုလို့ လာခေါ် လို့ နင်တို့ကို ဆိုင်ထိုင်ရင်း စောင့်နေတာ”
“ဟုတ်တယ် ငြိမ်း၊ သူ့ကို စာကျက်နေတယ်ဆိုလို့ ကြည့်မရတာနဲ့ ခေါ်လာခဲ့တာ”
“မွန်လည်းသတိထားမိတာကြာပြီ။ သူရအကြည့်တွေ ညို့ပေါ်မှာ မရိုးသားဘူးလို့.. ညည ဂစ်တာလာ တီး ရင်လည်း မျက်လုံးတွေက ညို့ဆီမှာပဲ၊ နောက်ပြီး မုန့်တွေလဲ ညို့အတွက် ခဏခဏ ဝယ်ဝယ် လာ တယ်”
သူရကတော့ မွန်ပြောတာကို ဟုတ်တယ်လည်းမပြော၊ မဟုတ်ဘူးလည်းမပြောဘဲ ရယ်ပဲရယ်နေတယ်။
“မဟုတ်ရပါဘူး မွန်ရယ်၊ နင်ထင်တာတွေ လျှောက်ပြောနေပြန်ပြီ”
“ထင်တာမဟုတ်ဘူး ညိုရဲ့၊ မြင်တာပြောတာ”
အချွန်နှင့်ဝင်မ,တဲ့သူနဲ့ ပင့်တဲ့သူနဲ့ ရယ်တဲ့လူနဲ့ ဟုတ်တော့ဟုတ်နေကြတာပဲ။ ဒီကြားထဲ ပြည့်ဖြိုးမောင် ကလည်း တဟီးဟီးနှင့် သဘောတွေကျကာ
“ဟုတ်တယ် ညို၊ ဒီကောင် နင့်အပေါ်မရိုးသားတာ ငါအသိဆုံး၊ သူရ ဟိုနေ့ညက ငါ့ကိုပြောပြတဲ့ကိစ္စ ပြန်ပြောလိုက်ရမလား”
ဟုပြောပြီး ထိုင်ရာမှထပြေးသည်။ သူရက ရှက်ရှက်နှင့် လက်သီးနှင့် လိုက်ထိုးသည်။ ဆိုင်ထဲတွင် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြသည်။ ထိုဆိုင်ကလည်း လာနေကျ ရင်းနှီးနေလို့သာ တော်တော့တာပေါ့။ အိကလည်း တစ်စခန်းထပြီး..
“ကိုဖြိုး ဘာပြောတာလဲ ငါ့တို့ကိုလည်းပြောပြ” ဆိုပြီး လုပ်နေပြန်သေးတယ်။ ဒီတော့ ကျွန်မပဲ ကြားထဲက စကားဖြတ်ပြီး…
“ကဲ.. နင်တို့သောက်ဦးမှာလား၊ ကျောင်းပဲ တန်းသွားကြမလား”
“မသောက်တော့ဘူး ဒီနေ့အတန်းတက်မှရမယ်၊ ဒီနေ့ဆရာမ ဒေါ်ဖြူဖြူဝင်းအချိန်ပါတယ်၊ မတက်ရင် ပြဿနာတက်လိမ့်မယ် သွားကြရအောင်”
ငုဝါဆွေက ပြောသည်။ ဒါနှင့်ပိုက်ဆံရှင်းကာ ကောင်းထက်ကျော်မှ ထွက်လာခဲ့ကြသည်။ ဆိုင်ကယ်နား ရောက်တော့
“ငါ ဘယ်သူ့နောက်က လိုက်ရမှာလဲ”
“နင့်ကိုကို နောက်ကလိုက်” တဲ့။ ငုဝါဆွေလုပ်ပုံက ကြည့်ဦး။ ကိုယ်တော်ချောကတော့ ဘာပြောပြော ရယ်သာရယ်နေတော့ သူ့ကိုလည်း ထုချင်စိတ်တွေ ပေါက်လာတယ်။ မဟုတ်ပါဘူး ဘာညာ နည်းနည်းပါးပါး ပြန်ပြောတာမဟုတ်ဘူး။ ဒီသာလိကာမတွေကို ကျွန်မနိုင်အောင် မပြောနိုင်မှန်းလည်း သိသားနဲ့။
“ညည်းနော် .. ကျုပ်စိတ်တိုလာပြီ တကယ်ပဲ”
“မနောက်ပါနဲ့ ငုဝါရယ်၊ ညိုငိုတော့မယ်”
ဆိုင်ကယ်တွေပေါ်ရောက်တဲ့အထိ သူတို့ စလို့နောက်လို့ မပြီးချင်သေး။ ကျွန်မလည်း မျက်နှာပူပူနှင့် ငြိမ်ငြိမ်သက်သက်သာ သူရအောင် နောက်ကနေ လိုက်လာခဲ့သည်။
“ညို..”
“ပြော..”
“စိတ်ဆိုးနေတာလားဟင်..”
ကျွန်မလည်းဘာမှပြန်မပြောပဲ ဒီတိုင်းပဲနေလိုက်မိတယ်။

“ညိုသာမသိတာ အကုန်လုံးသတိထားမိနေတဲ့ဟာကို ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲဟင်”
“ဘာကိုသိရမှာလဲ..”
“တကယ် မသိဘူးလား ညို”
သူ့မေးခွန်းအဆုံးမှာ ကျွန်မအပေါ် တစ်စတစ်စပြောင်းလဲလာခဲ့သော အကြည့်များ ဂရုစိုက်မှုများမှ တစ်ဆင့် မရိုးသားတော့ဘူးဆိုတာ သိထားပေမယ့်လည်း မသိချင်ယောင်ဆောင်ထားဖြစ်ခဲ့သည်။
` “ငါ… ငါ လေ … ညို့ ကို …. ဟာ ဘယ်လိုပြောရမလဲ… ကျွတ်”
“ကဲ… ဘယ်လိုမှမပြောနဲ့တော့… ငါ သိပြီပဲ ထားလိုက်ပါတော့… နောက်ကျကျန်ခဲ့မယ်..သူတို့တွေကို မြန်မြန်မီအောင်လိုက်”
“အချိန်တွေတော့ အရမ်းမစွဲပါနဲ့ ညိုရယ်… နော်”
“အေးပါ..”
ဒီလိုနဲ့ တိတ်တိတ်ဆိတ်ဆိတ်ကျောင်းကို ရောက်လာကြတယ်။ သူလည်းဘာမှဆက်မပြောသလို ကျွန်မလည်း ဘာမှမမေးနေတော့ဘဲ ငြိမ်ငြိမ်သက်သက်ပဲနေမိတယ်။
သူဖွင့်ပြောပြီးသည့်နောက်ပိုင်း ကျွန်မ တစ်ခါတလေ သူ့ကို ချစ်သူအဖြစ် စိတ်ကူးကြည့်မိသည်။ သို့သော် မောင်တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ခံစားချက်ထက် ပိုမလာခဲ့။ သူသည် ကျွန်မအပေါ် တွင် အစစအရာရာ သိတတ်လွန်းသူ ဖြစ်သော်လည်း ချစ်သူအဆင့်ထိ သတ်မှတ်ဖို့ရာ မဖြစ်နိုင်ဟု ထိုအချိန်က ကျွန်မတွေးထင်ထားသည်။ သူသည် ကျွန်မနှင့် အသက်တစ်နှစ်ကျော်ငယ်သော်လည်း အင်မတန်စိတ်ရှည်ကာ လူကြီး ဆန်သူတစ်ဦးလည်း ဖြစ်သည်။ သူသည် ကျွန်မအပေါ်တွင် လိုအပ်တာထက် အနွံတာခံကာ ကျွန်မ စိတ်ဆိုး စိတ်ကောက်တိုင်း စိတ်ရှည်လက်ရှည် ချော့တတ်သူဖြစ်ပါသည်။ ကျွန်မသည် သူ့အပေါ်တွင် သူငယ်ချင်းသံယောဇဉ်အပြင် သူ့အား တစ်ခုခုဆို အလွန်လည်း အားကိုးမိပါသည်။ စိတ်လည်း မကြာခဏ ကောက်ပြတတ်ပါသည်။ သူသည် တစ်ခါတစ်ရံ ကလေးလိုချွဲချွဲလေးပြောတတ်ပေမယ့် တစ်ခါတစ်ရံ ကျွန်မကို လောကကြီးမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သွန်သင်ဆုံးမတတ်ပါသေးသည်။ မိန်းကလေးပီပီ သိမ်သိမ် မွေ့မွေ့လေး နေတတ်ထိုင်တတ်အောင် မိမိကိုယ်ကို တန်ဖိုးထားနေထိုင်တတ်အောင်လည်း သူသိသလောက် မှတ်သလောက် ပြောပြတတ်သည်။ တစ်ခါတစ်ရံ ချစ်စဖွယ်စကားလေးတွေလည်း ပြောတတ်သလို တစ်ခါ တစ်ရံ လည်း ကျွန်မမကြိုက်တဲ့ စကားမျိုးတွေလည်း ရှာကြံပြောတတ်ပါသေးသည်။
ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် သံယောဇဉ်တွေရှိခဲ့ကြပေမယ့် ချစ်သူအဖြစ်ကို မရောက်ဖြစ်ခဲ့ပါ။ ကျောင်းသာ ပြီးသွားခဲ့တယ် သူကတော့ အဖြေရနိုး ရနိုးနဲ့ မျှော်တလင့်လင့်နဲ့ပေါ့။ Final ဖြေပြီး နောက်တစ်နေ့မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်လို့ တိုင်ပင်ခဲ့ကြပေမယ့် အဲ့ဒီနေ့မှာပဲ မေမေ နေမကောင်းလို့ ဆေးရုံတက်ရတာနဲ့ ကျွန်မ အဆောင်ကနေ အိမ်ပြန်ပြီး မေ့မေ့ကို ဆေးရုံမှာ လူနာစောင့်ပေးခဲ့ရတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းအားလုံးလည်း ကျွန်မကြောင့် အစီအစဉ်တွေ ပျက်ခဲ့ရသလို ကျွန်မနဲ့တွေ့ဖို့လည်း နည်းနည်းဝေးကွာသွားတယ်ဆိုပါတော့။ မေမေလည်း ဆေးရုံတစ်ပတ်လောက်တက်ပြီး သက်သာလာလို့ ဆေးရုံက ဆင်းခဲ့ရတယ်။ ကျန်တဲ့သူငယ်ချင်းတွေနဲ့ အဆက်အသွယ်တွေ ကျဲသွားခဲ့ပေမယ့် သူရတစ်ယောက်ကတော့ အိမ်ကို မကြာခဏ ရောက်ရောက်လာတတ်တယ်။ တစ်ခါတလေလည်း တူတူ လျှောက်လည်ကြပေါ့။ အခွင့်အရေးရတိုင်း သူလည်း ကျွန်မဆီကအဖြေရဖို့ ကြိုးစားသလို ကျွန်မဘက်ကလည်း အောင်စာရင်းတွေ ထွက်တဲ့နေ့ကျရင် ပေးမယ်လို့ စိတ်ကူးပြီး သူ့ကို စောင့်ခိုင်းလိုက်မိတယ်။
အောင်စာရင်းတွေ ထွက်တဲ့အချိန်မှာတော့ ငုဝါဆွေတစ်ယောက်သာ ဂုဏ်ထူးပါပြီး ကျွန်မနှင့် ကျန်သည့် သူငယ်ချင်းများအားလုံး ရိုးရိုးပဲအောင်ကြပါတယ်။ ကျွန်မရည်မှန်းထားတဲ့ တက္ကသိုလ်က ဆရာမဖြစ်ဖို့ဆိုတာ ဝေးသွားခဲ့ပါတယ်။ စိတ်ဓာတ်အကြီးအကျယ်ကျပြီး ငိုရုံမှတစ်ပါး ဘာမျှမတတ်နိုင်ခဲ့ပါဘူး။ ဒါနဲ့ပဲ စိတ်ပြေလက်ပျောက် အလုပ်လုပ်ဖို့ဆုံးဖြတ်ရင်း အိမ်ကလည်း ခွင့်ပြုခဲ့တာကြောင့် ရန်ကုန်က အစ်မဝမ်းကွဲ တစ်ယောက်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့သည်။
ကျွန်မ ရန်ကုန်သွားရမယ့်ရက်မှာ သူရအောင်က ကားဂိတ်ကို လိုက်ပို့ပေးပါတယ်။ ကျွန်မရဲ့ အထုပ်တွေကိုလည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ ကားကြီးဝင်းကို ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပို့ပေးကြ တယ်။ နောက်ပြီး ရန်ကုန်က အစ်မတွေစားဖို့အတွက် ထိုးမုန့် လမုန့်များကိုလည်း ဝယ်ထည့်ပေးလိုက် သေးတယ်။
“သူရရယ် ပိုက်ဆံကုန်နေပါ့မယ်၊ မေမေဝယ်ပေးလိုက်တာတွေလည်းပါတယ်၊ ဝယ်မနေပါနဲ့”
“ရပါတယ် ညိုရယ်၊ ဘယ်လောက်မှကုန်တာလဲမဟုတ်ဘူး”
“နင်ကတော့လေ”
“ညို သင်္ကြန်တော့ ပြန်လာခဲ့နော်၊ သင်္ကြန် တူတူကဲရအောင်” ဟု ဆိုပြီး ကျွန်မကို ခေါင်းပုတ်ပြီး ပြောရှာတယ်။
“အင်း ငါပြန်လာနိုင်ရင် ပြန်လာခဲ့ပါ့မယ်၊ နင်လည်း တည်တည်ငြိမ်ငြိမ်နေနော် ငါတို့တွေက ကျောင်းပြီး ကုန်ပြီ၊ မိဘလုပ်စာချည်းပဲ ထိုင်စားမနေဘဲ တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ဦးနော်”
“ငါသိပါတယ်ညိုရယ် ငါအစီအစဉ်ဆွဲထားတာရှိပါတယ်၊ အဆင်ပြေမှ နင့်ကိုပြောပြမယ်၊ နောက်ပြီး မိန်းမယူဖို့လည်း ငါပိုက်ဆံရှာရဦးမှာလေ၊ ငါချစ်တဲ့ကောင်မလေးကို တင့်တောင့်တင့်တယ်ထားနိုင်အောင် ကြိုးစားရမယ်ဆိုတာ နင်မပြောလည်း ငါသိပါတယ်၊ အရေးကြီးတာက နင်ငါ့ဆီကို ဖုန်းဆက်ပြီး နင့်ဆီ ဆက်သွယ်လို့ရနိုင်မယ့် ဖုန်းနံပါတ် ငါ့ကိုပေးဖို့ပဲ”
“အေးပါ.. ငါနင့်ဆီ ဆက်သွယ်ဖို့ဖုန်းနံပါတ် လှမ်းပြောပါ့မယ်”
“နင်မရှိရင် ငါတော့ လွမ်းနေတော့မှာပဲ ညိုရယ်” တဲ့။
သူအဲဒီလိုပြောလာတော့ ကျွန်မလေ စိတ်မကောင်းဖြစ်သွားခဲ့တယ်။ ဟုတ်ပါတယ် သူလွမ်းနေသလို ကျွန်မလည်း သတိတွေရနေဦးမယ်ဆိုတာ ဝန်ခံပါတယ်။
အလုပ်လုပ်သင့်လို့ လုပ်ပေမယ့်လည်း ကျွန်မစိတ်ထဲ တယ်မပျော်လှပါဘူး။ ကျွန်မချစ်တဲ့ သူငယ်ချင်း တွေ ကျွန်မနားမှာ တစ်ယောက်မှ မရှိခဲ့ဘူးလေ။ ဒါပေမဲ့ ကိုယ်ရောက်နေတဲ့နေရာတစ်ခုမှာတော့ ကျွမ်းကျင် ပိုင်နိုင်အောင် ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်မ လူတွေအကြောင်း၊ လောကအကြောင်း လေ့လာရင်း အလုပ်လုပ်ရတာ ကျွန်မအတွက် အံဝင်ခွင်ကျဖြစ်လာပါတယ်။ တစ်ခါတစ်ရံလူမျိုးစုံနဲ့ ဆက်ဆံရလို့ တစ်ယောက်တစ်မျိုး ပညာပြမှုတွေ ရှိတာကလွဲပြီး အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ အဆင်ပြေအောင်လည်း ကြည့်နေရတာပေါ့လေ။
ဒီလိုနဲ့ သူနဲ့ကျွန်မ လူချင်းမတွေ့ရပေမယ့် ဖုန်းနဲ့တော့ အဆက်အသွယ်တွေရနေခဲ့ပါတယ်။ သူရဲ့မွေးနေ့ရောက်တော့မယ့် တစ်ရက်မှာတော့ သူကျွန်မဆီက အဖြေရဖို့ ပူဆာလာပြန်တယ်။
“ညို”
“အေး ပြော”
“အဖြေပေးတော့လေ..”
“အင်း”
“အင်းဆို ဘယ်နေ့ပေးမှဲာ ငါ့မွေးနေ့ကျရင်တော့ အဖြေသိပါရစေ ညိုရယ် နော်”
“အေး”
“တကယ်နော် ညို.. ဒါဆို ငါရန်ကုန်လာခဲ့မယ်”
“မလာနဲ့၊ လာရင်မပေးဘူး”
“ဟာကွာ ညို၊ လာခဲ့မယ်လေ ငါ့မွေးနေ့မှာ နင်နဲ့တူတူ ဘုရားဖူးချင်တယ်နော်၊ ချောကလက်လေးက လိမ်မာတယ်၊ ကို လာခဲ့မယ်နော်”
သူက တစ်ခါတစ်ရံ ကျွန်မကို ချောကလက်လို့ ချစ်စနိုးနဲ့ခေါ်တယ်။ ဘာချောကလက်လဲဆိုတာတော့ မသိဘူး၊ ချောကလက်ကိုကြိုက်သလို ညို့ကိုလည်း ကြိုက်လို့ ဆိုပဲ။
“ဘာကိုလဲ၊ သူနဲ့ရည်းစားတောင် မဖြစ်သေးဘူး၊ နောက် နင်က ငါ့ထက် တစ်နှစ်ငယ်တယ်လေ”
“မရဘူး ငယ်လည်း ကို လို့ခေါ်”
“မခေါ်ချင်ပါဘူး ရှက်စရာကြီး၊ သူရလို့ပဲခေါ်မယ်”
“အခုမခေါ်ချင်လည်းနေ ငါ့ကတော့ ကိုကလို့ပဲ ပြောမှာပဲ၊ ဒါပေမဲ့ ငါနဲ့ယူပြီးရင် ခေါ်ရမယ် ဒါပဲ”
“ ဟားဟား ဖြစ်ရတယ်၊ ငါက နင့်ကိုယူမယ်ပြောဖူးလို့လား..”
“ညို ဒါနောက်စရာမဟုတ်ဘူးနော်၊ နင်ယူယူ မယူယူ ငါနင့်ကိုယူမှာ.. အဲ့ဒါ ငါ့ရည်ရွယ်ချက်ပဲ..”
“နင့်အတွေးနဲ့ နင်ကတော့ ဟုတ်နေတာပဲနော်”
“ညို ငါတကယ်ပြောနေတာ နင် စကားကို ပေါ့ပေါ့တန်တန်မပြောနဲ့နော်၊ ငါမကြိုက်ဘူး၊ နောက်နှစ် နှစ်နေရင် နင့်ကို ငါလာတောင်းမယ်၊ ဒီကြားထဲ ဘာသံညာသံကြားရင်တော့ ခိုးပြေးခံရမယ် ဒါပဲ”
“ အယ်.. ငါက ဘာလို့ ဘာသံညာသံကြားရမှာလဲ၊ နင်အရင်ကကော ငါနဲ့ပတ်သက်ပြီး ဘာသံတွေ ကြားခဲ့ရလို့လဲ၊ ငါ့ကိုနောက်ခါအဲ့လိုမပြောနဲ့ ငါမကြိုက်ဘူးနော် သူရ”
“ငါသိပါတယ် နင်ဘာမှမလုပ်တာ၊ ဒါပေမဲ့ ကြိုပြောထားရတာ၊ ငါက နင့်ကိုယုံပေမယ့် အခြေအနေနဲ့ အချိန်အခါကိုတော့ မယုံရဲဘူးလေ၊ ဘာပဲဖြစ်ဖြစ်ပါ နင်က ငါ့အတွက်ပဲဖြစ်ရမယ်”
ဆိုပြီး ပြောချင်ရာ ပြောကာ ဖုန်းချသွားလေရဲ့။ တစ်ခါတစ်ရံ အဲ့လိုပဲ သူဖြစ်ချင်တာ သူပြောချင်တာသာ ပြောပြီး သူများပြောခွင့်မပေးတဲ့အကျင့်က ရှိသေးတယ်။
ဒီလိုနဲ့ပဲ သူ့မွေးနေ့ရက်မှာ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ရန်ကုန်လာခိုက်မှာ ကျွန်မ အဖြေပေးမိလိုက်တယ်။ ဘုရားတူတူ ဖူးမိကြတယ်။ တူတူလျှောက်လည်ကြတယ်။ သူများစုံတွဲတွေလို ကန်ပေါင်မှာလည်း တူတူထိုင်ကြတယ်။ သူရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီး ကျွန်မလည်း ပျော်ရွှင်ကြည်နူးမိနေတော့တာပဲ။ နောက်ပိုင်းလည်း တစ်လတစ်ခါလောက်နီးပါး ကျွန်မအလုပ်ပိတ်ရက်နဲ့ ချိန်ပြီး ကျွန်မဆီကို သူလာလာတွေ့ရှာပါတယ်။ သူ့အလုပ်က သူ့အိမ်က စီးပွားရေးကိုပဲ ဆက်လုပ်တာဆိုတော့ သူဆင်းလာချင်တဲ့အချိန် ဆင်းလာလို့ရတယ်။
ကျွန်မတို့ ချစ်သူသက်တမ်း တစ်နှစ်ကျော်ကာလမှာ ကျွန်မနဲ့သူ့ကြားကို မမျှော်လင့်ထားတဲ့၊ အိပ်မက်တောင် မမက်ဖူးခဲ့တဲ့ ကံကြမ္မာဆိုးက ဝင်ရောက်နှောင့်ယှက်ခဲ့တယ်။
“ဝုန်း”
“ညိုရေ”
ရုတ်တရက်နားထဲကြားလိုက်ရတဲ့ အသံကြောင့် ကျွန်မ အိပ်ရာကနေ ထထိုင်လိုက်မိတယ်။ သူရခေါ်လိုက်တဲ့ အသံကြားလိုက်သလိုပဲ။ ခုနက အိပ်မက်ထဲက သူပြောတဲ့အသံစွဲနေတာ ဖြစ်မယ်ဆိုပြီး တွေးနေတုန်း ဖုန်းသံထမြည်လာတယ်။ နံပါတ်ကြည့်လိုက်တော့ သူရရဲ့ဖုန်းနံပါတ်…
“ဟယ်လို သူရ”
“ကျွန်တော် ဒုရဲအုပ်ကျော်နိုင်ပါ ဒီဖုန်းပိုင်ရှင် မေမြို့အတက်လမ်းမှာ ဆိုင်ကယ် အက်ဆီး ဒန့်တစ် ခုဖြစ်လို့ လှမ်းဆက်သွယ်တာပါခင်ဗျာ၊ ဒီဖုန်းပိုင်ရှင်ရဲ့ မိသားစုထဲကလား ခင်ဗျ”
ဘုရား ဘုရား သူရ ဆိုင်ကယ်တိုက်လို့တဲ့။ သူမနက်စောစော မေမြို့တက်မယ်လို့ မနေ့ညက ဖုန်းဆက်တုန်းကတော့ ပြောသေးတယ်။ မြတ်စွာဘုရား၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ သူရမဖြစ်ပါစေနဲ့။ ကျွန်မဆိုင်ကယ် ဖြည်းဖြည်းစီးဖို့ အတန်တန်ပြောထားရက်နဲ့..
“ဟုတ်ကဲ့ သူ … သူ ဘာဖြစ်သွားသေးလဲရှင်”
“အခုချိန်ထိတော့ သတိမလည်သေးဘူးခင်ဗျ၊ ဒဏ်ရာလည်း တော်တော်လေး ပြင်းပါတယ်၊ နည်းနည်း စိုးရိမ်ရတဲ့အခြေအနေဖြစ်နေလို့ မေမြို့ဆေးရုံပို့လိုက်ပါပြီ။ ဖြစ်နိုင်ရင်တော့ ချက်ချင်း အိမ်က လိုက်လာ စေချင်ပါတယ်”
လက်ထဲကဖုန်း လွတ်ကျသွားပြီး နောက်ထပ်ပြောတဲ့စကားတွေ ကျွန်မ မကြားနိုင်တော့ပါဘူး။ ဖုန်း ပြောနေရင်းကနေ ကျွန်မ မျက်ရည်တွေကျပြီး ငူငူကြီး ထိုင်နေမိတော့တယ်။ ဖြစ်မှဖြစ်ရလေ သူရရယ်၊ နင် တစ်ခုခုသာဖြစ်သွားခဲ့ရင်… ဟင့်အင်း နင်မဖြစ်ရဘူး၊ အဲလိုဖြစ်လို့ကိုမရဘူး၊ ကမန်းကတမ်းထ မျက်နှာသစ်၍ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတစ်ယောက်ကို အကျိုးအကြောင်းပြောပြကာ ကျွန်မ ရန်ကုန်ကနေ ချက်ချင်း မန္တလေးပြန်လာခဲ့တယ်။ သူရတို့အိမ်ကို အကျိုးအကြောင်းပြောဖို့သွားတော့ အားလုံးသိပြီးဖြစ်လို့ မေမြို့လိုက်သွားကြသည်တဲ့။ ဒီတော့ ကျွန်မလည်း အိမ်ကိုအကျိုးအကြောင်းပြောပြီး မေမြို့ကို ကားငှားပြီး လိုက်သွားခဲ့တယ်။ ဆေးရုံလည်းရောက်ရော သူရအမေနှင့် သူ့အဖေကို အရင်တွေ့လိုက်ရတယ်။ သူ့အဖေက “သူရ အရေးပေါ်အခန်းထဲမှာ ရောက်နေတယ်။ ဒဏ်ရာတော်တော်များတယ်။ သတိမရသေးဘူး။ အခြေအနေ ကတော့ ဆရာဝန်ကြီးထွက်လာမှပဲ ရေရေရာရာ သိရမယ်” ဟု ပြောလာသည်။ သူရအမေကတော့ ကျွန်မကို လည်း တွေ့ရော..
“သမီး… သူရကို ကယ်ပါဦး၊ အန်တီ့သားလေးကိုကယ်ပါဦး”
ဆိုပြီး ရှိုက်ကြီးတငင်နဲ့ ကျွန်မကိုဖက်ပြီး ငိုရှာတယ်။ ကျွန်မလည်း
“အန်တီ၊ သူရ ဘာမှမဖြစ်ပါဘူးနော်၊ ဘာမှမဖြစ်ပါဘူး ဟုတ်တယ်မဟုတ်လား”
ဆိုတဲ့စကားပဲ အထပ်ထပ်ပြောနေမိတယ်။ ခဏအကြာမှာ သူရကို ကုသပေးနေတဲ့ဆရာဝန်ကြီး ထွက်လာပြီး အခြေအနေမကောင်းတော့ကြောင်း လူနာရှင်များ ဝင်တွေ့နိုင်ကြောင်း စိတ်မကောင်းစွာ ပြော၍ ထွက်သွားလေသည်။
ကျွန်မနဲ့ သူရမိဘတွေလည်း အရူးမီးဝိုင်းပါပဲ။ သူကုသခံနေရတဲ့ အခန်းထဲရောက်သွားချိန်မှာ တစ် ကိုယ်လုံး သွေးသံရဲရဲနှင့် သူ့ကိုတွေ့လိုက်တဲ့အခါ ကျွန်မရင်ထဲမှာ အဆမတန်နာကျင်လာတယ်။ သူရအမေ ကတော့ မေ့လဲသွားလို့ သူ့အဖေက တွဲခေါ်သွားခဲ့တယ်။ ကျွန်မကတော့ သွေးသံရဲရဲနဲ့ သူ့လက်ကလေးကို ကိုင်ပြီး…
“ သူရ .. သူရရေ ငါခေါ်နေတာ ထူးပါဦး.. ငါ ညိုလေ နင့်ရဲ့ ညိုလေ“ ဆိုပြီး သူ့လက်ကို ကိုင်လှုပ်ပြီး ခေါ်နေမိတယ်။ မျက်လုံးတစ်လုံးက လုံးဝပိတ်နေပေမယ့် တခြားမျက်လုံးလေး ပွင့်လာပြီး ပါးစပ်က “ညို” လို့ ပါးစပ်လှုပ်ရုံလေးခေါ်တယ်၊ မျက်လုံးတဖက်မှာလည်း ဖူးယောင်လို့ ခန္ဓာကိုယ့်အနှံ့က ဒဏ်ရာဒဏ်ချက် တွေကြည့်ပြီး ကျွန်မရင်ထဲ ဆို့နင့်လာတယ်၊ ဖြစ်မှဖြစ်ရလေ သူရရယ်၊ နင့်ဒဏ်ရာတွေသာ ငါလွဲပြောင်းယူလို့ ရမယ်ဆို ယူလိုက်ပါတယ် ချစ်သူရယ်၊ ခုတော့ …… အခုတော့… ကျွန်မလည်း သူ့ကိုဖက်ကာ ငိုပဲ ငိုနေပြီး ပါးစပ်လည်း
“သူရ နင်ဘာမှ မဖြစ်ပါနဲ့နော်၊ ငါနဲ့ နင် တစ်သက်လုံး အတူတူနေမယ်ဆို၊ နင်ဘာမှမဖြစ်ရဘူးနော်.. ကျေးဇူး ပြုပြီး ဘာမှမဖြစ်ပါနဲ့ ငါတောင်းပန်ပါတယ် သူရရယ် နော် ”
“ ညို.. မ ငို ပါ နဲ့..” တစ်လုံးချင်း မပီမသ ပြောရှာတယ်။ သူ့မျက်လုံးတွေကတော့ ကျွန်မ ငိုနေတာကိုပဲ စိုက်ကြည့်နေတယ်.. သူရဲ့ နောက်ဆုံးအချိန်ဆိုတာ သိနေတယ်။ သူ့ကိုလည်း စိတ်ချမ်းသာစေချင် ပေမယ့် လည်း ကျွန်မရဲ့ မျက်ရည်တွေကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး… ကျွန်မလည်း သူ့လက်ကလေးကိုဆုပ်ကိုင်ပြီး ..
“နင် နင် ငါ့ကို ချစ်တယ်ဆို.. ငါလည်း နင့်ကို ချစ်ပါတယ်..နေပြန်ကောင်းလာပါ သူရရယ်.. နင်ခံစားနေရတာတွေ ငါတကယ် မကြည့်ရက်တော့လို့ပါ… ကျန်တာတွေငါ မလိုအပ်တော့ပါဘူး… နင်နေပြန် ကောင်းလာဖို့ပဲ ငါမျှော်လင့်တယ်…ငါနာကျင် အောင် မလုပ်ပါနဲ့လား သူရရယ်..နော် ”
“ ငါ ဆိုင်ကယ်ကိုဖြည်းဖြည်းစီးပါဆိုတာကို ငါအတန်တန်ပြောထားတာကို နားမထောင်ဘူး အခုတော့… “
သွေးသံရဲရဲ ဒဏ်ရာတွေကြည့်ပြီး ကျွန်မ ရင်တွေ ပိုနာကျင်မိတယ်။ ပိုဝမ်းနည်းမိတယ်။ သူကတော့ စကား မပြောနိုင်ပေမယ့် ကျွန်မလက်ကိုကိုင်ပြီး ကျွန်မကို ပြန်နှစ်သိမ့် ရှာပါတယ်။ ဒိလောက်စိတ်သဘော ထားဖြူ စင်တဲ့ ကျွန်မချစ်သူကိုမှ ကံကြမ္မာက အဆိုးဝါးဆုံးတွေ ယူလာပေးတယ်။
ကျွန်မတို့ ဘယ်လိုပင် ဆုတောင်းစေဦး သူရတစ်ယာက် ဆေးရုံမှာ နှစ်နာရီကျော်ခန့် ကျွန်မလက်ထဲ မှာနေပြီး ကျွန်မနှင့် သူ့မိသားစုကို နှုတ်ဆက်ကာ လောကကြီးကနေ အပြီးအပိုင် ထွက်ခွာသွားပါ တော့သည်။ ကျွန်မမှာ ငိုရလွန်းလို့ ရင်တွေနာကျင်ပြီး စုတ်ပြတ်ကုန်ပြီတောင် အောက်မေ့ရတယ်။ ဘယ်တုန်း ကမှ ကျွန်မမတွေးဖူးခဲ့တဲ့ အဆိုးဝါးဆုံး ကံကြမ္မာက ကျွန်မတို့ ချစ်သူနှစ်ဦးကြားကို ဝင်ရောက်လာခဲ့တယ်။
“နင်ခဏ ခဏ ပြောခဲ့တယ်လေ ငါပျော်ရွှင်နေတာကိုပဲ နင်မြင်ချင်တယ်ဆို.. နင် နင် ငါ့အနားက ထွက်သွားမှတော့ ငါ့ပျော်ရွှင်မှုတွေကို ဘယ်လိုလုပ်.... ငါ့အနားက ထွက်မသွားပါနဲ့နော်.. ထွက်မသွားပါနဲ့ ချစ်သူရယ် “
ကျွန်မတို့ဘယ်လိုပင် ငိုရှိုက်စေဦးတော့ သူရတစ်ယောက် မကြားနိုင်တော့ပါဘူး။ သူကျွန်မကို ထားခဲ့ပြီး အဝေးဆုံးကို ထွက်ခွာသွားခဲ့သည်။
“နင်ရက်စက်တယ်၊ နင်ရက်စက်တယ်၊ ငါ့ကို စိတ်မချဘူးဆို ခုတော့ တစ်ယောက်တည်း ထားခဲ့ရက်တယ်ပေါ့၊ မသွားပါနဲ့ သူရရယ်.. ပြန်လာပေးပါ.. အရင်လို ငါ့ဘေးနားမှာရှိနေပေးပါ… ငါ့ရင်ကွဲအောင် မလုပ်ပါနဲ့နော်.. အရင်လို ပြန်ပြီး ပျော်ရွှင်ပါရစေ ချစ်သူရယ်…”
ကျွန်မနဲ့အတူ ဘဝကို ထာဝရပျော်ပျော်ရွှင်ရွင် နေသွားချင်တယ်လို့ ပြောခဲ့တဲ့ ကျွန်မရဲ့ချစ်သူက ကျွန်မဘယ်လိုပင် ငိုယိုတမ်းတစေဦးတော့ တစ်ခဏအတွင်းမှာ ကျွန်မကို မထင်မှတ်ဘဲ ထားသွားခဲ့တယ်။ သူရရေ နင်က စိတ်ချစွာ ထားသွားခဲ့ပေမယ့် ကျန်နေရစ်ခဲ့တဲ့ ခံစားချက်တွေ ဘယ်လောက်ဆိုးသလဲဆိုတာ နင်မှမသိဘဲနော်။ နင်က ငါ့ဘဝဆို.. ငါ့ဘဝဟာလည်း နင်ပါပဲ ချစ်သူရယ်။ နင်မရှိတော့တာနဲ့ ငါ့ဘဝ မရှိတော့တာဟာ အတူတူပဲဆိုတာ နင်မသိခဲ့တာလားဟင်။ ငါ့စိတ်ကို တကယ်ပဲ နင်မဖတ်တတ်ခဲ့တာပဲလား။
မိုးတွေရွာနေတဲ့အချိန် မိုးပေါက်ကလေးတွေကြည့်ပြီး နင်နဲ့ငါနဲ့ မိုးဖွဲလေးထဲမှာ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး လျှောက်သွားခဲ့ဖူးတာတွေ၊ ခရေပင်တွေတွေ့တိုင်း ခရေပန်းတွေကို နင်ကိုယ်တိုင် ကောက်ပြီး သီကုံးပန်ပေးခဲ့တာတွေ၊ ခရေပန်းနံ့သင်းနေတဲ့ ဆံပင်တွေကို မက်မက်မောမော ရှိုက်နမ်းခဲ့တာ တွေကိုလည်း ငါဘယ်မေ့နိုင်ပါမလဲ ချစ်သူရယ်။ နင်ဂစ်တာတီးပြီး ဆိုပြခဲ့တဲ့ IMP သီချင်းတွေကို ကြားရ တိုင်းလည်း ငါ့လွမ်းတဲ့စိတ်တွေကို ပိုသတိရအောင်လုပ်နေသလိုပါပဲ။ မနက်တိုင်း အိပ်ရေးမက်တဲ့ ငါ့ကို ဖုန်းဆက်ပြီး နှိုးခဲ့တာတွေ၊ အိပ်မပျော်တဲ့ညတွေမှာ ငါ Message ပို့တဲ့အခါ ဂစ်တာတီးပြပြီး ဖုန်းနဲ့ချော့ သိပ်ခဲ့ တာတွေ သတိရတိုင်းလည်း ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ နင့်ကို ငါတမ်းတမိတယ်ဆိုရင် နင်ယုံမလား ဟင်…
လွမ်းဖို့ မပြင်ဆင်ရသေးခင် အလွမ်းတွေနဲ့ နေတတ်အောင် နင်နှိပ်စက်ရက်တယ်နော်။ တို့နှစ်ယောက်ရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေကြုံတိုင်း မျက်ရည်တွေကို အခုအချိန်ထိ ထိန်းလို့မရသေးဘူး သူရရယ်။ ပြန်လာခဲ့ပါလို့ ငါအကြိမ်ကြိမ်တမ်းတခဲ့ဖူးပါတယ်။ နင်သာ ငါငိုနေတာတွေ ငါခံစားနေရတာတွေ ကြားနိုင်မယ်ဆိုရင်လေ ငါ နင့်ကိုပြောပြချင်ပါရဲ့။ ငါအခုထိ နင့်ကိုချစ်နေသလို နင့်ရဲ့ ရင်ခွင်နွေးနွေးကို မဖြစ်နိုင်တော့မှန်းသိနေရက်နဲ့ တမ်းတနေတုန်း ဆိုတာတွေကို နင်ကြားအောင် ငါပြောပြချင်ပါတယ်။ နင့်ကို ငါ့စိတ်ထဲက မေ့ပျောက်သွားမှာစိုးလို့ နင့်နေရာမှာ အခုချိန်ထိ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ခဲ့တာကိုလည်း နင်သိနေပါ့မလားဟင်။
တကယ်ပါချစ်သူ နင်ငါ့ကိုခွဲခွာခဲ့တာ တစ်ရာသီတွေပြောင်းလဲ သွားခဲ့ပေမယ့် ငါနင့်နေရာမှာ ဘယ်သူ့ကိုမှ အစားဖို့ မကြိုးစားသလို အစားထိုးလို့လည်း မရသေးပါ လွမ်းနေဆဲပါချစ်သူရေ။ တိုက်ဆိုင်တိုင်းလည်းလွမ်းတယ်။ အထီးကျန်တယ်လို့ ခံစားရတိုင်းလည်း လွမ်းတယ်။ အတိတ်တွေကို သတိရလို့လည်း လွမ်းတယ်။ တနေ့တနေ့ ဒီအလွမ်း သံသရာထဲက မလွတ်မြောက်နိုင် အောင်ကို နင့်ကိုလွမ်းတယ်။ အခုဆို ငါမျက်ရည်တွေနဲ့ နေသားကျနေခဲ့ပါပြီ။ နင့်ဓါတ်ပုံတွေထုတ်ကြည့်မိတိုင်းလည်း ငါငိုမိတယ်။ ထမင်းစားရင် နင့်အကြောင်းတွေး မိလည်း ငါ့ငိုမိတယ်။ သတိရတိုင်း ငိုရလွန်းလို့ ငါ့မျက်ရည်တွေတောင် ကျန်ပါတော့မလားဆိုတာမသိပေမယ့် နင်ဆိုတဲ့ ငါ့ချစ်သူအကြောင်းကို တွေးမိလိုက် တိုင်း လှိုက်တက်လာနဲ့ ဝမ်းနည်းမှုနဲ့အတူ ဝေ့တက်လာတဲ့ မျက်ရည်စတွေကို ငါဘယ်လိုလုပ်ရမလဲ။ နင့်အတွက်နဲ့ နာကျင်ရလွန်းလို့ ငါ့အတွက် တော်ရုံနာကျင်မှုဒဏ်တွေ ခံစားနိုင်တယ်လို့ပြောရင် ငါ့ကို ကျေးဇူးတင်စမ်းပါ ညိုရယ်လို့ နင်ပြောမိမယ်ထင်တယ်နော်။ နင်ငါ့ကို ခဏခဏ မေးဖူးတယ်နော်…
“ညို ကို့ကို ဘာကြောင့်ချစ်တာလဲ” ဆိုပြီး..
“ငါလေ နင့်ရဲ့ ပါးချိုင့်လေးတွေကိုလည်း ချစ်တယ်၊ နောက် ငါ့အပေါ်အမြဲဦးစားပေးလို့လည်းချစ်တယ်၊ ငါ့အပေါ် တန်ဖိုးထားမှုတွေကြောင့်လည်း နင့်စိတ်ဓာတ်ကို ပိုလေးစားပြီး ချစ်တယ်”
လို့ ငါပြောတိုင်း ငါ့မျက်လုံးတွေကို ခပ်စိုက်စိုက်ကြည့်ပြီး တည်ငြိမ်လေးနက်တဲ့အသံနဲ့…
“ဘယ်ယောကျာ်းလေးမဆို ကိုယ်တကယ်မြတ်နိုးတယ် တကယ်ချစ်တယ်ဆိုရင် ကိုယ့်ချစ်သူအပေါ်ကို အမြဲ တန်ဖိုးထားကြတာပဲ၊ တကယ်ချစ်လို့ တကယ်တန်ဖိုးထားတာပေါ့ ကလေးမရဲ့” အဲလိုလေး ပြန်ပြောတတ်ခဲ့တဲ့ နင့်အသံလွင်လွင်လေးတွေကိုလည်း ငါ့အိပ်မက်ထဲမှာ အခုချိန်ထိ စိုးမိုးနေတယ်ဆိုတာသိရင် ငါ့ကို နင် ဘယ်လို များ ဝေဖန်မလဲ သိချင်ပါရဲ့။ နင့်အသံကိုကြားတိုင်း “နင့်အနားကို ခွင့်မပြုလည်း အမြန်ဆုံး ပြေးလာ ချင်တယ် ညို” လို့ ပြောခဲ့တဲ့နင်က အခုတော့ ငါ့ရဲ့အဝေးဆုံးကို ငါမသွားခိုင်းဘဲ နင့်သ ဘောနဲ့နင် ထွက်သွား တယ်နော်။
နင်ဆိုပြခဲ့တဲ့ နေညိုချိန် သီချင်းကြားတိုင်းလည်း မျက်ရည်တွေ ကျနေဆဲပါပဲ သူရရယ်။ ငါ့ကို ဒီလောက် နှိပ်စက်ရရင်တော်ပါတော့။ အိပ်မက်တွေထဲက နိုးထပါတော့လို့ပြောချင်ပေမယ့် အကြိမ်ကြိမ် တမ်းတမိလည်း ငါ့အနားကို ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့ဘူးနော်…။
♫ ♫ ♫ နေညိုရင် ငါတို့ခွဲရမယ်.. အချိန်တွေကို ရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသော ဘဝတွေရယ်…
ယုံကြည်ပါ ငါပြောခဲ့ပါစေ.. တချိန်ချိန်မှာ ဆုံဆည်းရမယ်လို့
နာကျင်စွာ နှုတ်ဆက်ရသော ခဏတွေကို မတွေးရဲ…♫ ♫ ♫
သီချင်းထဲကလို နာကျင်စွာ နှုတ်ဆက်ရတာ တစ်ဘဝအတွက် မဟုတ်ဘဲ တစ်ခဏ အတွက်များဖြစ်ခဲ့ရင် ဘယ်လောက်များ ငါ့တို့အတွက် ကောင်းမလဲနော်။
နောက်ဘဝဆိုတာများမှာ နင်နဲ့သာ ပြန်ဆုံစည်းခွင့်ရခဲ့မယ်ဆိုရင်လေ နင့်ထက်ပိုတဲ့အချစ်တွေနဲ့ နင့်ကို ငါပြန်ပြီး ပေးဆပ်ချင်ပါသေးရဲ့…။ နင်လိုချင်တဲ့ ငါတို့ နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝလေးကိုလည်း ပျော်ရွှင်စွာ အကောင်အထည် ဖော်ချင်ပါသေးတယ်။ အခုတော့လေ ငါ့ရင်ခွင်ထဲကနေ နင့်ကို ရက်ရက်စက်စက် ခေါ်သွား တဲ့ ကံကြမ္မာကိုလည်း ငါမကြာခဏ ကျိန်ဆဲနေမိတယ်။ ဘဝဆက်တိုင်းလည်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့၊ ချစ်သောသူနဲ့ ထာဝရ သေအတူရှင်မကွဲ ပေါင်းဖက်ရပါလို၏ လို့လည်း ဘုရားမှာ ဆုတွေတောင်းမိပါတယ်။
ဘယ်အချိန်ထိ နာကျင်ရဦးမလဲဆိုတာကို ရေရေရာရာ မသိပေမယ့်…. အလွမ်းများ စွာကို ပွေ့ဖက်ရင်း နင်နဲ့ငါ ပြန်ဆုံခွင့်ရမယ့် ဘဝတခုကို ယောင်ရမ်းမှန်းမျှော်ရင်း ခိုင်မြဲတဲ့သစ္စာတရားနဲ့အတူ နင့်ကို တမ်းတနေတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်ဆိုတာ နင်သိခွင့်ရသွားခဲ့တယ်ဆိုရင်လေ....

No comments: