Showing posts with label ကိုယ်တိုင်ရေး... Show all posts
Showing posts with label ကိုယ်တိုင်ရေး... Show all posts

Tuesday, February 12, 2013

ကျွန်မရဲ့လှောင်အိမ်လေး

ငြီးငွေ့မှုတွေကြောင့်လား လိုချင်တပ်မက်တတ်တဲ့ စိတ်တွေကြောင့်လား
သေချာတာတော့ ကျွန်မ လှောင်အိမ်တခုထဲ ပိတ်မိနေတာ တော်တော်ကြာပြီ..

ဒီလှောင်အိမ်က ပူလောင်သလား ဟုတ်လား.
သေချာတာပေါ့ သိပ်ကိုပူလောင်ပါတယ်
ပူလောင်မှုတွေ ထုံမွန်းနေတဲ့ လှောင်အိမ် အသေအချာပဲ..

အဲ့လှောင်အိမ်ထဲက မရုန်းထွက်ချင်ဘူးလား မေးမှမေးရက်တယ် ရုန်းထွက်ချင်တာပေါ့ရှင် ..
ဒါပေမယ့် မရုန်းနိုင်သေးတာ..မရုန်းရက်တော့တာ.. ရုန်းထွက်ဖို့မကြိုးစားတာ...ဘာလို့လဲဆိုတော့ တပါးသူတွေရဲ့ ဆန္ဒတွေ လုံ့ဆော်မှုတွေမပါပဲနဲ့ ကျွန်မကိုယ်တိုင် တပ်မက်ခြင်းများစွာနဲ့ တစ်ဘ၀စာအတွက် လိုလိုချင်ချင်ဆင်းသက်ခဲ့တော့လည်း ရုန်းထွက်ဖို့ နှမျောမိတာပါ..

ဒီတစ်ဘ၀စာအတွက်တော့ ဒီလှောင်အိမ်ထဲမှာပဲ ကျွန်မရဲ့ ဘ၀ အမောတွေ ဖြေချမယ်လို့ စိတ်ကူးထားတယ်..
ဒီတစ်ဘ၀စာအတွက် ဒီလှောင်အိမ်ထဲမှာပဲ သာယာတဲ့ ခံစားချက်တွေ ဖွင့်ဟမယ်လို့ စိတ်ကူးထားတယ်..
ဒီလှောင်အိမ်ထဲမှာပဲ စိတ်ပေါက်ပေါက်နဲ့ အိပ်မက်တွေ သွန်ချပစ်မယ်လို့ စိတ်ကူးထားတယ်...
ဒီလှောင်အိမ်ထဲမှာပဲ အဖြူရောင်သစ္စာတွေနဲ့ အပြန်အလှန် ပစ်ပေါက်ဖို့ စိတ်ကူးထားတယ်.....
ဒီလှောင်အိမ်ထဲမှာပဲ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ အဆုံးစွန်ထိ အကောင်ထည်ဖော်မယ်လို့ စိတ်ကူးထားတယ်..


Saturday, January 19, 2013

သူသိပါစေ....

ပြောချင်တဲ့စကားတွေကို မပြောရက်လို့ ငြိမ်နေမိတာ..နားလည်ပေးရင်ကောင်းမယ်နော်..
တခါတလေလည်း ဆုတောင်းပါတယ်ငါ့ရဲ့နှုတ်ကနေဖွင့်မပြောချင်တဲ့စကားတွေကိုအလိုလိုနားလည်ပါ စေလို့လေ.
.ပြောလိုက်ရင်လည်း ငြိုငြင်တယ်လို့ တွေးမိမှာလည်းစိုးတယ်.. အမှန်တော့ ငြိုငြင်တာမဟုတ်ပါဘူး..
ချုပ်ချယ်တာလည်း မဟုတ်ရပါဘူး.. သူပြောသလို မလေးနက်တာ ပေါ့တာမျိုးလည်း မဟုတ်ရပါဘူး..
ဒါပေမယ့် ရှိသင့်တဲ့ အနေအထားထက် ဘောင်ကျော်နေတာမျိုးတွေကျတော့လည်း လက်မခံချင်ပြန်ဘူး..
ဘယ်အရာမဆို ရှိသင့် ရှိထိုက်တဲ့ ဘောင်အတွင်းမှာပဲ ရှိနေစေချင်တာ ငါ့ဆန္ဒပါ.. ဒါတွေကို ပြောပြလိုက်ပြန်ရင်လည်း .. စိတ်မကောင်းဖြစ်မှာစိုးတယ်..မပြောပဲ နေရင်လည်း ............. စိတ်ရှုပ်တယ်နော်..
ဘယ်လိုများလုပ်ရပါ့မလဲ.. အခုအနေအထားမှာတော့ ငါ့စိတ်ထဲကို မြင်နိုင်အောင် ကြည့်ပြီး နားလည်ပေးပါလို့
တိတ်တိတ်လေး ဆုတောင်းနေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ…..

Tuesday, April 3, 2012

တွေးတွေး ရေးရေး

အသက်အရွယ်ရလာတာနဲ့အမျှ ခံစားချက်တွေလည်း တဖြည်းဖြည်း အေးစက်ကုန်ပြီ... လူတွေပြောပြောနေတဲ့ အချစ် အချစ်ဆိုတာတွေလည်း တကယ်တန်းဘ၀အတွက်ကျတော့ ဘာမှအသုံးမ၀င်ဖူးဆိုတာလည်း တဖြည်းဖြည်းသိလာတယ်၊
ဟိုအရင်အချိန်တွေကတော့ ဒီအချစ် ဒီသံယောဇဉ်နောက်ကိုလိုက်ပြီး တစ်ကိုယ်ကောင်းဆန်သူရဲ့ ဆန္ဒအတိုင်း လိုက်လျောခဲ့ဖူးတယ်၊ ပျော်ဝင်ခဲ့ဖူးတယ်၊ ဒါပေမယ့် တခုခုဆို ကိုယ့်ထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့ လူအကြောင်းသိသွား
တော့လည်း သြော် တကယ်တန်း အချစ်ဆိုတာ ဘာမှလည်းမဟုတ်ခဲ့ပါလား၊ ချစ်သူဆိုတာလည်း ဘာမှကို မဟုတ်ခဲ့ပါလား ကိုယ့်ဘက်ကသာ နက်နက်နဲနဲစဉ်းစား ရူးမိုက်ခဲ့ပေမယ့် တဖက်လူဖက်မှာကျတော့တကယ့်ကိုအပေါ်ယံဆန်လွန်းတယ်၊ တခါတလေ ငယ်စဉ်ကသူများစိတ်အတိုင်း နေထိုင်မိတဲ့ ပြုမှုခဲ့တဲ့ ကိစ္စတချို့ဟာ ဒီအချိန်မှာ ဟာသတစ်ပုဒ်လို ဖြစ်ဖြစ်နေတတ်တယ်၊ သြော် ငါတော်တော်ကလေးဆန်ခဲ့ပါလား၊ တော်တော် ရူးမိုက်ခဲ့ပါလား မရင့်ကျတ်သေးပါလား၊ ဟန်ဆောင် ပန်ဆောင် စကားလုံးတွေကို တကယ့်ဘ၀လို့ မှတ်ယူပြီး အရူးထခဲ့ပါလားလို့ မကြာခဏတွေးမိတယ်၊ ဒါပေမယ့် ဘ၀ပျက်တဲ့အထိ မမိုက်မဲမိတာ၊ သူများလိုချင်တဲ့ပုံစံခွက်ထဲမ၀င်မိအောင်ရုန်းထွက်နိုင်ခဲ့တဲ့အတွက်ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရမလိုပဲ၊

ခုလည်းပဲ ဘာမှမကြည့်နဲ့ သိပ်မကြာခင်ရက်အတွင်းမှာ သင်္ကြန်ဆိုတာ ရောက်တော့မယ်၊ ဒါပေမယ့် ကျွန်မစိတ်ထဲ ငယ်ငယ်ကလို ပျော်ချင် ပါးချင်စိတ်တွေလည်း တဖြည်းဖြည်းလျော့နည်းကုန်လေရဲ့၊တစ်နှစ်ပြီးတစ်နှစ် သင်္ကြန်တွေရောက်ရောက်၊ သီတင်းကျွတ်ကာလာရောက်လာလိုက်၊ တန်ဆောင်တိုင်မီးထွန်းပွဲရောက်လာလိုက်၊ Happy New Year အခါသာမရတွေရောက်လိုက်နဲ့ လုံးလည်ချာလည်ကိုလိုက်လို့၊အချိန်တွေကုန် တစ်ရာသီတွေကနေတစ်ရာသီတွေကူးပြောင်း၊အသက်တွေလည်း တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ခံစားချက်တွေလည်း အေးစက်စက် ထုံပေပေတွေဖြစ်လာခဲ့တယ်၊ ဘာရာသီတွေပဲဘယ်လိုရောက်ခဲ့ ရောက်ခဲ့ဘယ်လိုပျော်ပွဲရွှင်ပွဲအခါသမတွေပဲရောက်လာရောက်လာ ကျွန်မရဲ့စိတ်တွေ အရင်လိုမပျော်တတ်တော့တာ၊ ဟိုးအရင်ကာလာတွေလိုမလန်းဆန်းတော့တာ၊ဒီပွဲတွေကကိုယ်နဲ့ပဲမဆိုင်တော့သလိုလိုနဲ့အရမ်းမသိသာပေမယ့်မသိမသာပိုပိုတည်ငြိမ်လာတာတယ်ထင်တယ်၊ သေချာစဉ်းစားမိတော့လည်းဒီအသက်အရွယ်နဲ့ဆိုဒီလိုဖြစ်သင့်ပါတယ်လို့လည်းတွးမိသေးတယ်၊

တဖြည်းဖြည်း လူကြီးအရွယ်ကိုတစတစကူးကူးလာပြီ၊ ဘ၀အတွက်ဘာတွေလုပ်ပြီးပြီလဲ၊ ကိုယ့်အတွက်ဘာတွေလုပ်ထားပြီးပြီလဲဆိုပြီးစဉ်းစားမိတော့လည်းဘာမှရရေရာရာထွက်မလာဘူး၊ သြော်လူ့သတ်တန်းရဲ့ နှစ်ချိုးတစ်ချိုးနားကို ရောက်လာတဲ့မိန်းမ
တစ်ယောက်အနေနဲ့လည်း ကိုယ့်ဘ၀အတွက် ဘာအာမခံချက်မှ တိတိကျကျထွက်မလာပါလားဆိုပြီး တွေးပြီး စိတ်မကောင်းတော့ဖြစ်မိတယ်၊ ကိုယ့်ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ပုံဖော်လို့ရတယ်တဲ့၊ ကျွန်မအတွက်တော့ အဲ့လိုမဟုတ်ခဲ့ပါလား၊ ကျွန်မပုံဖော်ချင်တဲ့ပုံစံက တခြား ဖြစ်နေတဲ့ အနေအထားက တခြား၊ တခြားသူတစ်ယောက်အတွက်တော့ ကျွန်မနေရာကို အားကျသလိုလို ရှိပေမယ့်လည်း၊ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတော့လည်း ဘ၀ရဲ့ အစိတ်အပိုင်းအချို့မှာ အလိုက်သင့် အလျားသင့် ကြိုးစားရုန်းကန်မှုမရှိပဲ သက်သက်သာသာနေလာတာ အတော်ကြာခဲ့ပါရောလား၊ ကိုယ်နဲ့ရွယ်တူတွေ အားကြိုးမာန်တက် ကိုယ်ဖြစ်ချင်တဲ့ပုံစံခွက်ထဲဝင်အောင် မဆုတ်မနစ် ကြိုးစားနေချိန်မှာ စိတ်အလိုလိုက်ပြီး သက်သက်သာသာနေ မိတဲ့ ကျွန်မရဲ့စိတ်ကို ကျွန်မ ပျစ်ပျစ်နစ်နစ်ဝေဖန်မိတယ်၊ တခုခုဆို အဆင်မပြေမှာတခုခုဆို လက်ရှိအနေအထားထက် နိမ့်မှာ၊ ဒုက္ခရောက်မှာတွေ တွေးပြီး မစွန့်စားရဲတာကိုလည်း စိတ်ပျက်မိတယ်၊ အခြေအနေဆိုတာ ကိုယ့်အပေါ်မှာ မူတည် တယ် ကိုယ်ပြောင်းလဲချင်သလို ပြောင်းလို့ရတယ်ဆိုတာ သိပေမယ့်လည်း ခုချိန်ထိ ဘာမှမပြောင်းလဲနိုင်တဲ့ ပြောင်းလဲဖို့ကြိုးစားပေမယ့် မအောင်မြင်တဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအပြစ်များပေးရတော့မယ်ဆိုတာ မသိတော့ပါဘူး...