Showing posts with label ကြိုက်ခဲ့မိသောကဗျာများ. Show all posts
Showing posts with label ကြိုက်ခဲ့မိသောကဗျာများ. Show all posts

Thursday, February 21, 2013

ဗယ်လင်တိုင်းနေ့ အတွက် ကဗျာ

တချို့သော အရာတွေကို
တိုးတိုးတိတ်တိတ် စဉ်းစားခဲ့ဖူးတယ်။

တချို့သော ကိစ္စတွေကို
ကျယ်ကျယ်လောင်လောင် တွေးခဲ့ဖူးတယ်။

တချို့က " လူ " တွေနဲ့ ထပ်တူကျပြီးတော့
တချို့က " လူ့ " တွေနဲ့ သဟဇာတ ဖြစ်ခဲ့ပြီး
တချို့က " လူး " တွေနဲ့ ပလူးပလဲ ဖြစ်နေတတ်တယ်။

ဗယ်လင်တိုင်းနေ့ အကြောင်း ကဗျာတစ်ပုဒ်လောက် ရေးကြမယ် . . .
ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရေးလာတဲ့ ကဗျာတိုင်း
လှပ ၊ တင့်တယ် ၊ ဝင်ကြွား ၊ ကြည်နူး ၊ မြတ်နိုး . . . .
အစရှိသဖြင့် စကားလုံးတွေ တန်ဆာ ဆင်ထားတတ်ကြတယ်။

ဗယ်လင်တိုင်းနေ့ အကြောင်း ရေးကြပြီ ဆိုရင် . .
တချို့က ဗယ်လင်တိုင်းနေ့ ဖြစ်ပေါ်လာပုံကို ရှာဖွေတင်ပြတယ်။
တချို့က ဗယ်လင်တိုင်းနေ့ရဲ့ ခမ်းနားပုံ ၊ လုပ်နည်း လုပ်ဟန်တွေကို ဖော်ထုတ်တယ်။
တချို့က ကောင်လေးနဲ့ ကောင်မလေး ဘယ်လို ချစ်ကြည်နူးစွာ ပေါင်းဖက်ကြတာကို ရေးတယ်။
တချို့က လက်မထောက်ဘဲ မှောက်လျက်လဲတာတောင်မှ မျက်နှာ မပျက်နိုင်သလို တင်စားတယ်။
တချို့က ဘယ်လင်နဲ့မှ မတိုင်းတော့ဘူး ၊ ငါ့လင်ပဲ ကောင်းတယ်လို့ ခပ်ရွတ်ရွတ် ပြောတယ်။
တချို့က . . . . . . .
တချို့က . . . . . . .

အဲဒါနဲ့ပဲ . . .
ကျွန်တော် . . .
ကျွန်တော့် ချစ်သူ အတွက် ဗယ်လင်တိုင်းနေ့ ကဗျာ တစ်ပုဒ် ရေးမိပါတယ်။
ကျောင်းက စာတွေထဲက အတိုင်း ဆိုရင်တော့ . .
" အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။ " လို့ ဆိုရပါ့လိမ့်မယ်။

ဗယ်လင်တိုင်းနေ့ အတွက် ကဗျာ

အသံမှာ လှိုင်းနှုန်းတွေ ရှိသတဲ့။
ကြိမ်နှုန်း မတူကြဘူး ဆိုပဲ။
အတိုးဆုံး အသံကြိမ်နှုန်း နဲ့
အကျယ်ဆုံး အသံကြိမ်နှုန်းတွေရဲ့
ဟိုဘက် ဒီဘက်ကနေ လှမ်းလျှောက်လာရင်းနဲ့
လူတွေ ကြားနေနိုင်သော ကြိမ်နှုန်းမှာ
ကျွန်တော်က သူ့ကို ပြောလိုက်မိတယ်။
" ချစ်တယ် " . . . ။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

လူတွေမှာ စိတ်ရဲ့ အကွာအဝေး တူညီနေရင် . . .
လူတွေမှာ စိတ်ရဲ့ အကွာအဝေး ထပ်တူကျနေရင် . . .
လေသံလေးနဲ့ ပြောရင်တောင်မှ
တစ်ဘက်သားက ခံစား ရရှိနိုင်သတဲ့။
တကယ်လို့ . . .
တခြားသော အမျိုးမျိုး စိတ်ခံစားမှုတွေကြောင့်
စိတ်ချင်းဝေးကွာနေပြီး အော်ဟစ်ပြောနေမိရင်
ကျွန်တော့်ကို သူက သတိပေးပါ။
ကျွန်တော်ကလည်း သူ့ကို သတိပေးမယ်။
ဒါဆို ကျွန်တော်တို့ အချိန်မီ ပြင်ဆင်လိုက်နိုင်မယ်။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တစ်နှစ်မှာ ၃၆၅ ရက် အဖြစ် သတ်မှတ်ထားကြတယ်။
တစ်နှစ်ထက် တစ်နှစ် တိုးလာနိုင်တဲ့
အထိမ်းအမှတ်နေ့တွေထဲက
တစ်ရက်ရက်မှာ တစ်ခုခု လုပ်ဖို့
ကျွန်တော်က မေ့နေတယ် ဆိုရင် သတိပေးပါ။
ကျွန်တော်ကလည်း သူ မေ့နေတယ် ဆိုရင် သတိပေးမယ်။
ဒါဆို စိတ်ကောက်လို့ တင်းမာပြီး
ကုန်ဆုံးမယ့် အချိန်တွေကို ကျွန်တော်တို့ အကျိုးရှိရှိ အသုံးချနိုင်လိမ့်မယ်။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

အရိုး မရှိတဲ့ လျှာ နဲ့
အသွေး မရှိတဲ့ သွားတို့တောင်မှ
မတော်တဆ ကိုက်မိ ၊ ထိုးမိကြသေးတာပဲ။
အရိုး ၊ အသွေး ၊ အသား ရှိတဲ့
ကျွန်တော်တို့ နှစ်ယောက်လည်း စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့
စကားလုံးတွေနဲ့ ထိုးခုတ်မိတဲ့ အခါ
ကျွန်တော် မေ့နေတယ် ဆိုလည်း သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
" ဘဝတိုတိုမှာ အရသာ ချိုချိုကို
ပျော်ရွှင်မှုဖြင့် ဖြတ်သန်းကြရအောင် . . ." လို့။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တစ်ခါတလေ . . .
ကျွန်တော် ဖြစ်စေချင်တဲ့ အရာကို
သူက ကျွန်တော့် စိတ်တိုင်းကျအောင် မလုပ်နိုင်သောအခါ . . ၊
တစ်ခါတလေ . . .
သူ ဖြစ်စေချင်တဲ့ ကိစ္စကို
ကျွန်တော်က သူ့စိတ်တိုင်းကျ မလုပ်နိုင်တဲ့အခါ . . ၊
ကျွန်တော် မေ့နေတယ် ဆိုလည်း သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
အဲဒါက စကားစုလေး တစ်ခု ဖြစ်တယ်။
" သူများ၏ လုပ်ရပ်ကို စိတ်တိုင်း မကျခြင်း အတွက်
အပြစ်မတင်ပါနဲ့။
ကိုယ်ကိုယ်တိုင်တောင်မှ အောင်မြင်အောင် မလုပ်နိုင်တာတွေ
ရှိနေသေးသည်ကို သတိပြုပါ။ " တဲ့။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တကယ်လို့ . . .
တကယ်လို့ပေါ့ . . .
ဘယ်လိုကိစ္စမျိုးပဲ ဖြစ်နေပါစေ။
ကျွန်တော် မေ့နေတယ် ဆိုရင် သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
အဲဒီ့နေ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဆိုပြီး
အများက သတ်မှတ်ထားတဲ့ " ဗယ်လင်တိုင်းနေ့ "
ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် . . . ကျွန်တော်ကတော့ ဒီလို သတ်မှတ်တယ်။
" ချစ်သူကို ချစ်ခွင့် ရနေတဲ့ နေ့ရက်တိုင်းဟာ
ဗယ်လင်တိုင်းနေ့ပါပဲ။ "

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

ကိုဇော်
11-Feb-2013

Saturday, February 16, 2013

"ဟဲလို...ဒါပဲ"



တယ်လီဖုန်းလာတယ်ဆိုလို့ သွားကိုင်လိုက်ပြီး-
“ဟုတ်ကဲ့”
“ကိုယ်ပါကွ၊ မောင်သွေးသစ်ပါ”
“ဟာ အစ်ကို နေကောင်းလား”
“ဒီမှာ ကိုယ်ပြောတာ သေသေချာချာနားထောင်၊ ကိုသိန်းဆိုင်ရယ်၊ ကိုယ်ရယ်၊ မဂ္ဂဇင်းတစ်စောင်ကိုင်မလို့၊ မောင်ရင့်ဆီက
အတိုတစ်ပုဒ်လိုချင်တယ်၊ ရေးထားလိုက်၊ ဆယ့်ငါးရက်နေ့ ဖုန်းထပ်ဆက်မယ်၊ ဒါပဲ”
“ဟာ ကျွန်တော်မအားသေးဘူး၊ ဟိုကိစ္စ..”
ကျွန်တော့်စကား မဆုံးသေး။ ဖုန်းချသွားသည်။

အစ်ကိုမောင်သွေးသစ်တစ်ယောက် ဘယ်လိုဖြစ်တာလဲ။ အရင်ကဆိုလျှင် စကားပြောတဲ့အခါ လိုရင်းကို တိုက်ရိုက်မပြောဘဲ
အလင်္ကာတွေ၊ နိမိတ်ပုံတွေခြံရံပြီး ဝေ့ကာဝိုက်ကာပြောတတ်တာ။ ပြီးတော့ ဘယ်သူဘယ်ဝါနေကောင်းလားဆိုပြီး စာရင်းရှည်ကြီးနဲ့
မေးတတ်တာ။ ဒါတွင်မက “ကိုချစ်စံတစ်ယောက် တောင်လေးလုံးမှာ ပဉ္စင်းတက်မယ်ပြောပြီးမှ ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်နေတာ
ကြားပြီပြီလား” စသည်ဖြင့် စကားကြောရှည်တတ်တာ။ ခုကျမှ ဘယ့်နှယ်ကြောင့် စကားကို ဒုံးပြေးသလို ဆက်တိုက် ရွတ်ဖတ်ပြီး
ဖုန်းချသွားရတာလဲ။ တခြားအလုပ်တွေပိနေလို့ မရေးနိုင်သေးတဲ့အကြောင်း ပြောမယ့်ဟာကို။

အခုတလော တယ်လီဖုန်းပြောရသည်က သည်းထိတ်ရင်ဖိုဆန်လွန်းနေသည်။ ကိုသွေးလုပ်ရပ်ကလည်း သည်းထိတ်ရင်ဖို
ဆန်လွန်းလှသည်။ ဟုတ်ကဲ့။ နောက်မှသိရသည်က သူတို့ထုတ်မယ့်ဆိုတဲ့မဂ္ဂဇင်းကိုက “သည်းထိတ်ရင်ဖို”တဲ့ဗျာ။

☼ ☼ ☼ ☼ ☼

ကျွန်တော်အိမ်သာတက်နေတုန်း တယ်လီဖုန်းလာသည်ဟု လာအကြောင်းကြားသည်။ အိမ်သာတက်ခါစဖြစ်သောကြောင့် ကိစ္စက
မပြတ်တပြတ်ဖြစ်နေ၏။ အမြန်လက်စသတ်ပြီး ထွက်လိုက်ရ၏။ ဖုန်းသွားကိုင်တော့ တစ်ဖက်မှသူငယ်ချင်းက-
“စောင့်ရတာ ကြာလိုက်တာကွာ”
ဟု စိတ်မရှည်သံဖြင့်ပြောသည်။
“အိမ်သာတက်နေတာကွ၊ ချက်ချင်းလာလို့ မရဘူး”
“သြော်.. ဟုတ်လား၊ မင်းရဲ့ချေးတစ်တုံးက ဆယ့်ငါးကျပ်တန်သွားပြီပေါ့”
ဒီတော့မှ ကျွန်တော်သဘောပေါက်သွားသည်။ ဟုတ်သားပဲ တစ်မိနစ် ဆယ့်ငါးကျပ်ဖြစ်သွားပြီကိုး။

☼ ☼ ☼ ☼ ☼

ကျွန်တော့်တူတစ်ယောက်သည် တက္ကသိုလ်ကျောင်းသားဖြစ်၏။ ဒီကောင်က ညတိုင်းလိုလို သူ့ကောင်မလေးဆီ ဖုန်းဆက်
တတ်သည်။ တစ်ခါစကားပြောလျှင် နာရီဝက် တစ်နာရီကြာသည်။ အရင်ကတော့ ကိစ္စမရှိ။ ဘယ်လောက်ကြာအောင် ဖုန်းပြောပြော
တစ်ယူနစ်စာပဲပေးရသည်။ ခုတော့ တစ်မိနစ် ဆယ့်ငါးကျပ်နှုန်းဟု ဆိုသောအခါ။
ဒီကောင် သူ့ကောင်မလေးဆီဖုန်းဆက်ပြီဆိုရင် အမေလုပ်သူက မျက်စောင်းတခဲခဲ။ တစ်ချက်တစ်ချက် ချောင်းဟန့်သံ ပြုပြီး
သတိပေးသေးသည်။ ဒီကောင့်ခမျာ စိတ်ရှိလက်ရှိမပြောနိုင်။ ကောင်မလေးကလည်း စကားကြောအတော်ရှည်တာတဲ့။ ဒါနဲ့
ဒီကောင်လည်း “သြော် ဟုတ်လား.. အင်း.. အင်း.. ဒါပဲနော်”ဆိုပြီး ဖုန်းအမြန်ချပစ်ရသည်။

ဒီမှာတွင်ပဲ ပြဿနာဖြစ်တော့တာပဲ။ ကောင်မလေးက သူ့ကို ဆယ့်ငါးကျပ်လောက်တောင် တန်ဖိုးမထားရကောင်းလား ဆိုပြီး
အဆက်ဖြတ်မယ် ဘာညာဖြစ်ရော။ ဒီကောင် အတော်ပျာသွားသည်။ ကောင်မလေးကို ပြန်ချော့တဲ့အနေနဲ့ စူပါမတ်ကက်ကို
ခေါ်သွားရသည်။ ကောင်မလေးကလည်း အမြင်ကပ်လို့လားမသိ။ နိုင်ငံခြားဖြစ်ရေမွှေးပုလင်းကို လက်ညှိုးထိုးပြလိုက်တာ ဒီကောင်
မုန့်ဖိုးတစ်လစာလောက် ထိသွားသတဲ့။

☼ ☼ ☼ ☼ ☼

စာရေးဆရာတို့သည် အကြောင်းကိစ္စတစ်ခုကို ကြားသိရလျှင် ဆင့်ပွားပြီး အတွေးနယ်ချဲ့တတ်ကြသည်။ ကျွန်တော်လည်း
ဒီအတိုင်းပဲ။ ပထမဆုံးတွေးမိတာက ခုချိန်မှာ တက်ကျမ်းတွေ ခေတ်စားနေသည့်အကြောင်းဖြစ်၏။ ကြီးပွားအောင်လုပ်နည်း၊
လုပ်ငန်း စီမံခန့်ခွဲနည်း၊ မိန့်ခွန်းပြောနည်း၊ နိုင်ငံခြားဘာသာစကားပြောနည်းစာအုပ်တွေ ထွက်နေသည်။ ထို့အတူ တယ်လီဖုန်း
ပြောနည်း စာအုပ်လည်း ရေးလျှင်ကောင်းမည်ဟု စဉ်းစားမိ၏။ ဒီလိုစာအုပ်မျိုးကိုတော့ ဆက်သွယ်ရေးတပ်က ဆရာတွေရေးလျှင်
ပိုကောင်းမည်။ သူတို့က-
“လင်းယုန်မှ ရထား၊ လင်းယုန်မှ ရထား၊ အသံဘယ်လောက်ကြားလဲ၊ ကြားရင်အကြောင်းပြန်၊ ဒါပဲ”
ဆိုသော လိုရင်းတိုရှင်းပြောနည်းကို ကျွမ်းကျင်ကြသည်။

“ဟဲလို ဘယ်သူလဲ၊ ဟေ့ကောင်ကြီး ရထားလား၊ ငါပါကွ လင်းယုန်ပါ။ နေကောင်းလား၊ အေးကွ၊ ရာသီဥတုက အေးတယ်နော်၊
အာမီရမ်လေး မှန်မှန်ချပေးကွ သိလား၊ ထမင်းကော စားပြီးပြီလား၊ ဘာဟင်းချက်လဲ၊ ငါးခြောက် ဟုတ်လား၊ ဟာ ကောင်းတာပေါ့။
ငါတို့ဆီမှာတော့ မီးခိုးထွက်မှာစိုးလို့ ဟင်းမချက်နိုင်ဘူး။ ခေါက်ဆွဲခြောက်ကိုဝါးစားပြီး ရေနဲ့မျှောချနေရတယ်။ ဒါနဲ့ ငါ့အသံ
ဘယ်လောက်ကြားသလဲ၊ ကြားရင် အကြောင်းပြန်စမ်းပါအုံးကွ၊ သူငယ်ချင်းရ”
ဆိုပြီး လေကြောရှည်လို့မရဘူးလေ။

☼ ☼ ☼ ☼ ☼

နီကိုရဲတစ်ယောက် လက်ကိုင်ဖုန်းရကာစတုန်းက အကြောင်းကိုလည်း သတိရမိ၏။ တာရာမင်းဝေက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပြီး
နီကိုရဲတော့ မျောက်အုန်းသီးရ တပြပြဖြစ်နေပြီဟု ပြောသည်။
“အဲဒါ ဒီကောင့်ဆီဆက်ပြီး အကြာကြီးစကားပြောပစ်လိုက်စမ်းပါဗျာ။ ကျွန်တော်တော့ နာရီဝက်လောက် ပြောလိုက်ပြီးပြီ” ဟု
ချွန်တွန်းလုပ်သည်။ ထိုစဉ်က ကျွန်တော်တို့ကြိုးဖုန်းတွေက တစ်ခါဆက်လျှင် ဘယ်လောက်ကြာအောင်ပြောပြော တစ်ယူနစ်စာ
သုံးကျပ်ပဲကျသည်။ သူများဆီက ကိုယ့်ဆီဆက်လျှင် တစ်ပြားမှမပေးရ။ လက်ကိုင်ဖုန်းတွေကျတော့ အ၀င်ရော အထွက်ရော
တစ်မိနစ် ဘယ်လောက်ဆိုပြီး ပြောလျှင် ပြောသလောက်ပေးရသည်။ သူများဆီက ကိုယ့်ဆီဆက်လျှင်လည်း တစ်ဝက်ခပေးရသည်။

ဒီတော့ ကျွန်တော်တို့က သုံးကျပ်အကုန်ခံပြီးဆက်၊ အကြာကြီးပြော၊ သူကတော့ တစ်မိနစ်ချင်းယူနစ်တွေတက်ပြီး ပိုကုန်သည်။
တာရာမင်းဝေက တခြားလူအတော်များများကိုလည်း နီကိုရဲဖုန်းနံပါတ်ပေးပြီး ဖုန်းတွေဆက်ခိုင်းသည်။ သက်သက်မဲ့
ဟိုပုဂ္ဂိုလ်လေးကို ဒုက္ခပေးကြတာလေ။ ခုတော့ ကျွန်တော်တို့ကြိုးဖုန်းတွေလည်း တစ်မိနစ် ဆယ့်ငါးကျပ်ဖြစ်သွားပြီ။
လက်ကိုင်ဖုန်းတွေကတော့ တစ်မိနစ် နှစ်ဆယ့်ငါးကျပ်တဲ့။ ဒီနေရာမှာ ပေသီးခေါက်တတ်သူတချို့အကြောင်း တွေးမိပြန်သည်။
သူ တစ်နေရာကိုရောက်နေသည်။ သူ့ရုံးခန်း သို့မဟုတ် အလုပ်ရုံ သို့မဟုတ် ဆိုင်ကို ဖုန်းဆက်ပြီး မှာစရာတွေရှိနေသည်။
အချိန်နည်းနည်းကြာအောင်ပြောရမည်။ ဒီအခါမှာ ဘာလုပ်သလဲဆိုတော့ သူ့လက်ကိုင်ဖုန်းကနေ လှမ်းဆက်ပြီး
အကြောင်းကြားသည်။ ဖုန်းချပြီး သူ့လက်ကိုင်ဖုန်းဆီ ပြန်ခေါ်ခိုင်းသည်။

ခုနောက်ပိုင်း စနစ်သစ်အရ အထွက်အတွက်သာ ပေးရပြီး အ၀င်အတွက်ပေးစရာမလို။ အခု သူ့လက်ကိုင်ဖုန်းကို ကြိုးဖုန်းကနေ
ပြန်ခေါ်ခိုင်းတော့ တစ်မိနစ်ကို တစ်ဆယ်ကျပ်နှုန်း သက်သာသွားတာပေါ့။ နောက်တစ်မျိုးကတော့ နည်းနည်းလူလည်ကျသည်ဟု
ဆိုနိုင်၏။ လူတစ်ယောက်ကို ပြောစရာစကားတွေ အတော်များများ ရှိနေသည်။ ဒီအခါမှာ ထိုသူမရှိနိုင်လောက်တဲ့အချိန်ကို မှန်းပြီး
ဖုန်းဆက်လိုက်သည်။ တစ်ဖက်က မရှိပါဘူးဆိုတော့မှ “ဒါဆို ပြန်ရောက်ရင် ကျွန်တော့်ဆီ ပြန်ဆက်ခိုင်းလိုက်ပါ”ဟု
မှာထားလိုက်သည်။ တစ်ဖက်က ပြန်ဆက်လာတော့မှ ပြောချင်တာတွေ တစ်ဝကြီးပြောပစ်လိုက်၏။ ကိုယ်ပြောချင်တာလည်းပြောရ၊
တယ်လီဖုန်းခကိုတော့ တစ်ဖက်လူက ကျခံခိုင်းတဲ့နည်းလေ။

☼ ☼ ☼ ☼ ☼

ကျွန်တော့်သူငယ်ချင်းတစ်ယောက် စကားထစ်သည်။ သူပြောတာ နားထောင်ရတာ အတော်စိတ်ရှည်သည်းခံရသည်။
တစ်ခါတစ်လေတော့ သူပြောမယ့်ဟာကို ကိုယ်က ရိပ်မိနေပြီ။ သူက ထစ်နေတုန်း။ ဒီတော့ “မင်းပြောမယ့်ဟာက ဒါမဟုတ်လား”ဟု
ကိုယ်ထောက်ပေးရသည်။ နောက်တော့ ဒီကောင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်သည်။ တစ်ခါတစ်ခါလောက် အိမ်ကို
ဖုန်းဆက်သည်။ နိုင်ငံခြားမှာက ဖုန်းဆက်လျှင်ကတ်ပြားထည့်ပြီး ဆက်ကြတာ။ ငါးမိနစ်စာ၊ ဆယ်မိနစ်စာ၊ ဆယ့်ငါးမိနစ်စာ
စသည်ဖြင့် ၀ယ်လို့ရသည်။ ဒီကောင် ဖုန်းပြောတဲ့အခါ စကားထစ်နေတော့ ဖုန်းပြောချိန်တွေ လိုအပ်တာထက်
ပိုပိုကြာကြာသွားတတ်သည်။ ဒီအခါမှ သူ့မိန်းမက-

“ရှင် ထစ်နေတာ ငါးဒေါ်လာဖိုးလောက်ရှိတယ်။ အဲဒီလိုထစ်နေရင် ခဏခဏဖုန်းမဆက်နဲ့တော့”ဟု ရာဇသံပေးသည်။
ဒီကောင်ကလည်း မိန်းမကို တော်တော်ချစ်တာဆိုတော့ ဖုန်းမဆက်ဘဲမနေနိုင်။ ဒီလိုနဲ့ စကားမထစ်ရအောင် သတိထားပြီး
ကြိုးစားလေ့ကျင့်ရသည်။ ခုတော့ ဒီကောင်အိုကေနေပြီ။ စကားထစ်တာကိုပျောက်ကင်းအောင် ကုသနိုင်သော
နည်းလမ်းတစ်ခုပေါ်ပေါက်လာခြင်းအတွက် ၀မ်းမြောက်ဖွယ်ပင် ဖြစ်၏။

☼ ☼ ☼ ☼ ☼

ဒီအချက်တွေကို သုံးသပ်ကြည့်ပြီးနောက် တစ်ခုသွားတွေးမိပြန်သည်။ ကျွန်တော်တို့ စာရေးဆရာတွေအနေဖြင့်
စာနယ်ဇင်းတွေဆီက စာမူခရရှိပုံစနစ်ကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲဖို့ဖြစ်၏။ အရင်လို တစ်ပုဒ်ဘယ်လောက် ဆိုတာမျိုး
ပုတ်ပြတ်မဟုတ်ဘဲ ပထမတစ်မျက်နှာ ဘယ်လောက် နောက်ထပ်တစ်မျက်နှာတိုးတိုင်း ဘယ်လောက်ဆိုပြီး ယူနစ်စနစ်နှင့်
ယူရကောင်းမလား စဉ်းစားနေမိပါသည်။ ဘယ့်နှယ်ရှိစ ဆရာများ။

----------------
မင်းလူ
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း၊
ဇူလိုင်၊ ၂၀၀၃။

Thursday, February 7, 2013

မခွဲစတမ်းဆိုပါတော့ ခင်ရယ်...


အထိအတွေ့ဟာ ကောင်းကင်ရဲ့

ဟိုဘက်အစွန်းနဲ့ဒီဘက်အစွန်းပေါ့ ခင်

ကျကွဲပြီစ မုန်ညင်းဆီပုလင်းဟာ အသံသာတယ်နော်

ခင် စိတ်ဝင်စားမယ်ဆို ကျနော်ပုလင်းအသစ်တစ်လုံး

ဖန်ဆင်းပြမယ် ခင်

ဒီပုလင်းထဲမှာ တောင်တန်းကြီးဟာမှိုင်းလို့

တောင်ပေါ်ကကြွေကျလာတဲ့သစ်ရွက်ဟာ

လေမလုံသေးတဲ့ပုလင်းထဲမှာ

အကြောသေသွားတယ် ခင်

အနီးအဝေးအမှတ်စက်တွေပေါ် အမြင်အကြားကံမပါတဲ့ကောင်မို့

ကျကွဲတော့မယ့် အက်ပြီးသားပုလင်းလို

ခင် သနားပါ

ခင့်အတွက် အနာအတုဆိုတဲ့ကျနော်ဟာ

ဘယ်လောက်မွှန်းမွှန်း

အစစ်မဖြစ်တာမို့ ကျကွဲသွားတဲ့

ပုလင်းတွေကလည်း အသည်းမမာ/နာ ပါ ခင်

လေအေးလေးတိုက်လာရင် ပျောက်သွားမယ့်

ရောဂါထဲ ကျနော်ဝင်ဖျားကြည့်နေတာပါ ခင်

ငေးကြည့်နေကျ ပုလင်းထဲက လေလေးနည်းနည်းတိုက်ပေးပါ

ဟော နေထိုးနေတဲ့ပုလင်းထဲက ရှုခင်းမှာ

ကျနော် ရှုခင်းကြီးပိနေပြန်ပြီ ခင်

ပုလင်းကွဲလေးရှရုံနဲ့

ခေါင်းစဉ်မေ့သွားတဲ့ကဗျာကို

ကျနော် ခဏခဏပြန်ချရေးနေသလို

ခင်လည်းကျနော်ဖန်ဆင်းထားတဲ့ ပုလင်းထဲမှာ

မကွဲမရှလေးလှနေမှပေါ့ ခင်ရယ်

ဒါနဲ့ ခင့်စကားမှာ ကျနော့နားအတွက် အမှားကြီးကြီးပါလာတယ်

မတော်တဆ တိုက်မိခဲ့တဲ့ဘဝတွေမို့

မခွဲစတမ်းပဲ ဆိုကြပါစို့ ခင်ရယ် ။ ။



(တေးခက်)

Tuesday, February 5, 2013

စိတ်ချင်းအဖော် ========

စိတ်ချင်းအဖော်
========

အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ....?

ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…

ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…

ကိုယ့်ကို နားလည်တဲ့သူ…

(နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊

အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။)

ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ ၊

အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊

အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။

နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။

သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲတော်လှပါပြီ ၊

အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။

စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။

အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။

အဲဒီလို....

မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊

ပိုင်ဆိုင်မှုတွေ အကြောင်း မပြောဘူး ။

ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့

ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။

တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။

အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။

တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။

တစ်ယောက်ရဲ့ လွတ်လပ်မှုကို တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။

သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့် သူ မလွတ်လပ်တာ
မဖြစ်စေရဘူး ။

နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။

ဒါမှ ” Soul Mate ” ဖြစ်မယ် ။


ဦးဇောတိက (တွေးမိတိုင်း ပျော်တယ်) မှ ကောက်နှုတ်ချက်

Sunday, January 27, 2013

.....

နှလုံးသားတစ်ခုလုံးတောင် ရင်းပြီး ချစ်ခဲ့ပြီးပြီပဲ
ဘာလို့ အသေးအမွားကိစ္စလေးတွေနဲ့ ရန်ဖြစ်ဦးမှာလဲ

ပစ္စုပ္ပန်မှာ နင့်ဘေးနား ငါရှိနေပြီပဲ
ဘာလို့ အနာဂတ်ကို တွေးပူနေဦးမှာလဲ..

ရင်ဘက်ချင်းတောင် ထပ်တူကျနေပြီပဲ
ဘာလို့ မာန ဆိုတဲ့ အလွှာပါးလေးနဲ့ ခြားထားဦးမှာလဲ..

ငိုကျွေးဖို့အတွက် ငါ့ရင်ခွင်တခုလုံးရှိနေပြီပဲ
ဘာလို့ တစ်ယောက်တည်း ကြိတ်ပြီး ခံစားနေဦးမှာလဲ...

♚Thu Thu Lay♚

Wednesday, February 8, 2012

ဆရာကြီးများရဲ့ ကြိုက်ခဲ့မိတဲ့ကဗျာလေးတွေ....

လှေခါးသုံးထစ် ငွေဆိုတာ အိပ်ကပ်မှာကြပ်၊ အထပ်လိုက်ပေါ့ ကြိုက်တာဝယ်စမ်း၊ လမ်းမတလျှောက် ခေါက်တုံ့ခေါက်ပြန်၊ စာအုပ်လှန်ကြည့် ဆာဆာရှိလား၊ သွားစမ်းစားစမ်း ဆယ့်ကိုးလမ်းမှာ၊ ဆီချက်ဆာတေး ကြေးအိုး ၀က်သား ဟာ … သူငယ်ချင်း မင်းတစ်ယောက်တည်းလား စားသာစားပါ၊ အားမနာနဲ့ ဘာလီ စပတ်ကလင်၊ ခံတွင်းချဉ်သလေ အာသာပြေအောင်၊ ဘူးလိုက်ဆောင်ထား လက်ကြားဇယ်ဆက်၊ ညှပ်လျက်ကြွားကြွား ဒူးယားစီးကရက်၊ လဆန်းရက်။ မင်းလူ