Tuesday, February 5, 2013

စိတ်ချင်းအဖော် ========

စိတ်ချင်းအဖော်
========

အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ....?

ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…

ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…

ကိုယ့်ကို နားလည်တဲ့သူ…

(နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊

အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။)

ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ ၊

အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊

အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။

နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။

သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲတော်လှပါပြီ ၊

အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။

စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။

အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။

အဲဒီလို....

မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊

ပိုင်ဆိုင်မှုတွေ အကြောင်း မပြောဘူး ။

ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့

ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။

တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။

အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။

တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။

တစ်ယောက်ရဲ့ လွတ်လပ်မှုကို တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။

သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့် သူ မလွတ်လပ်တာ
မဖြစ်စေရဘူး ။

နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။

ဒါမှ ” Soul Mate ” ဖြစ်မယ် ။


ဦးဇောတိက (တွေးမိတိုင်း ပျော်တယ်) မှ ကောက်နှုတ်ချက်

No comments: