Friday, July 19, 2013

မာယာ



ဒီနေ့ မိုးက အနည်းငယ် အုံ့ဆိုင်းကာ လေပြေလေညှင်းကလည်း အသာအယာတိုက်ခက်နေသည်။ အပြင်က ရာသီဥတုက သာသာယာယာရှိသလို ကျွန်တော့ရင်တွင်းမှာလည်း အေးချမ်းသာယာလျှက်ရှိလေသည်။ ကျွန်တော် နေ့စဉ် မပြတ်တမ်းစောင့်ကြည့်နေသော သူမသည် ဒီနေ့ အင်မတန် လှပလွန်းနေသည်။ သူမသည် ဒီနေ့ ဂျင်းန်ဂါဝန် အပြာရောင် ဖျော့ဖျော့ ဒူးလောက်မရှိတရှိ ဂါဝန်ကို ၀တ်ဆင်ထားပြီး အဖြူရောင် ကျောပိုးအိတ်လေးကို ကျောမှာလွယ်ထားကာ ပုခုံးကျော်ကျော် ဆံပင်ပျော့ပျော့စင်းစင်းလေးတွေက ပုခုံးထက်မှာ ညင်သာစွာ ယိမ်းနွဲ့လှုပ်ရှားလျှက်။ ဖြူဖွေးလှပလွန်းသော ခြေကျင်းဝတ်များတွင် Foot chain နှစ်ခုက တစ်ဖက်တချက်စီ နေရာယူလျက် တစ်ယောက်တည်း ခပ်စိုက်စိုက်ဖြင့် လမ်းလျှောက်လာခိုက်။
“ယု”
“ ဟင် “
ကျွန်တော့ကို သူ အံ့သြနေတဲ့ မျက်လုံးအစုံနှင့် အလန့်တကြား လှည့်ကြည့်သည်။
“ဒီနေ့ တစ်ယောက်တည်းလား”
“ ဟုတ်.. ဒါနဲ့ ယုကို သိလို့လားဟင်”
ယုပြောလိုက်တဲ့ စကားပေါ်မှာ ကျွန်တော် ကျေနပ်စွာနဲ့ ပြုံးလိုက်ပြီး..
“ကျွန်တော် ယုကို သိနေတာကြာပါပြီ ကျွန်တော်နာ့မည် ခန့်နိုင်ပါ.. ယု နဲ့ ခင်ချင်လို့ပါ.. ခင်ခွင့်ပြုမယ်မလား”
‘အင်း ယူက ဘယ်သူမှန်းလည်း မသိဘူးနော်..”
“ကျွန်တော်က ယုတက်နေတဲ့ သင်တန်းကပါ”
“ ဟင် .. ဟုတ်လား၊ ဒါဆို ယူလည်း Level III တက်နေတာပေါ့.. တစ် Section ထဲတောင်မှ ယု သတိမထားမိဘူး..”
“ လူများတာကိုး ယုရဲ့.. လူက ငါးဆယ်ကျော်ရှိတယ်ဆိုတော့ ကျွန်တော်လည်း အားလုံးကို မသိသေးပါဘူး.. ယုကတော့ ဆရာစာမေးလိုက်တိုင်း ကျွန်တော်ဖြေဖို့ ပြင်တုန်း ကြားထဲကနေ ၀င်ဝင်ဖြေသွားလို့ သတိထား မိတာ”
“ အယ် .. ဟုတ်လား.. အဲ့လိုဖြစ်သွားလား.. ဆရာကလည်း သူမေးတာကို ဖြေမယ့်သူမရှိရင် ဆက်သင်ရတာ အားမရှိမှာ စိုးလို့လေ.. ယုလည်း သိပ်သိလို့တော့မဟုတ်ဘူး.. ဒါကြောင့် တခါတလေ အဆူခံရတာ”
“ ယုက တော်ပါတယ်.. မိန်းကလေးပေမယ့် ဖြတ်ထိုးဥာဏ်ကောင်းတယ်.. “
“ တကယ်လား.. ဒါဆို ယုက မုန့်လိုက်ကျွေးရတော့မှာပေါ့”
ဟုပြောပြီး သူမ ရယ်မောနေလေသည်။
“ သြော် ဒါနဲ့ ဒီနေ့သူငယ်ချင်းတွေ မပါဘဲ တစ်ယောက်တည်းပါလား၊ အရင် သူငယ်ချင်းတွေနဲ့ အမြဲတွေ့နေရတာ”
“ ဟုတ်တယ် …အရင် သူငယ်ချင်းနှစ်ယောက်နဲ့ တူတူသွားနေကြလေ ဒီနေ့ တစ်ယောက်က သိပ်နေမကောင်းချင်လို့တဲ့ .. တစ်ယောက်ကတော့ ဒီနေ့ တခြားသူနဲ့ ချိန်းထားတာရှိလို့တဲ့.. ဆရာ့ကို ခွင့်တိုင်ခိုင်းလိုက်တယ်..ဒါနဲ့ တစ်ယောက်တည်း ဖြစ်သွားတယ် ..”
“သြော်…. ဒါနဲ့ ယု ဘာစားပြီးပြီလည်း”
“ ဟင့်အင်း မစားရသေးဘူး ဒါနဲ့ နာမည်က ဘယ်သူ.. “
“ ခန့်နိုင်ပါ”
“ ဟုတ် ကိုခန့်နိုင်..”
“ု ဆရာ အိမ်စာတွေပေးလိုက်တာ တွက်လို့အဆင်ပြေလား”
“ Statistics လား၊ ABC လား”
“ Statistics လေ”
“ ပြေတယ် ကိုခန့်နိုင်.. ယုတွက်ပြီးသွားပြီ.. အခုချိန်ထိတော့ Statistics ကတော့ လွယ်နေသေးတယ်”
“ ဟုတ်တယ် ယု.. Accounting တော့ ခက်တယ်တဲ့ နည်းနည်းသတိထားရမယ်”
“ ဟုတ်တယ် ဆရာကလည်း Accounting ကို နောက်မှ သင်မယ်ထင်တယ်နော်.. ဒီနှစ်ဘာသာကို အရင်ဖြတ်နေတာဖြစ်မယ်”
“အင်း ဟုတ်လောက်မယ်..”
သူမ မျက်နှာကို ငေးကြည့်လျှက်မှ …
“ယုကို နှုတ်ဆက်ဖို့ စဉ်းစားပေမယ့် သူငယ်ချင်းတွေနဲ့ အမြဲအတူသွားလာနေတော့ လာနှုတ်ဆက်ရင် ငကြောင်ဆိုပြီး အဟားခံရမှာစိုးလို့ အခွင့်မသာခဲ့လို့ အခုမှပဲ မိတ်ဆက်ဖြစ်တာ”
“ သြော်.. သူငယ်ချင်းတွေက သဘောကောင်းပါတယ်.. သူတို့လည်း ခင်တတ်ပါတယ်..“
“ ဒါဆို ယု ကျွန်တော်တို့ သူငယ်ချင်း ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ တခုခု လိုက်ကျွေးပါရစေ..”
“ဟုတ်.. သွားကြတာပေါ့ ကိုခန့်နိုင်.. ဘယ်ဆိုင်သွားမလဲ”
“ကျွန်တော်တို့ သင်တန်းနားက ဆိုင်တစ်ဆိုင်မှာပဲ သွားစားကြရင် ကောင်းမလား”
“ ကောင်းသားပဲလေ.. ယုလည်း မနက်စာ မစားရသေးတော့ တခုခု သောက်မလား စဉ်းစားနေတာ”
စကားတပြောပြောနှင့် လျှောက်သွားရင်းမှ ယုနှင့် ကျွန်တော် သင်တန်းနားက လက်ဖက်ရည်ဆိုင်သို့ ရောက်မှန်းမသိ ရောက် လာကြပြီး နေရာရှင်းသည့် စားပွဲတွင် ၀င်ထိုင်လိုက်ကြသည်။

“ယု ဘာစားမလဲ”
“ အင်း.. နက်စ် နဲ့ ပဲပလာတာစားမယ်”
စားပွဲထိုးတစ်ဦး အနီးရောက်လာခိုက်-
“ညီလေးရေ နက်စ် တစ်ခွက်။ ကျစိမ့်တစ်ခွက်နဲ့ ပဲပလာတာတစ်ပွဲ”
“ ယု .. အသက်က ဘယ်လောက်ရှိပြီလဲ.. “ ဟု ကျွန်တော် မေးလိုက်တော့ သူမက ဆိုင်ကကောင်လေး လာချသွားသော နက်စ်ကော်ဖီထုတ်ကို ရေနွေးထဲထည့်ကာ ဇွန်းဖြင့် မွှေနေရင်းမှ တချက်ပြုံး လိုက်သည်။ ပြုံးလိုက်လျှင် ပေါ်လာသော သွားတက်လေးကို ကျွန်တော် အမှတ်မထင် ငေးမော ကြည့်နေ ခိုက်…
“ ကိုခန့်နိုင်က ဘယ်လောက်ရှိပြီလဲလို့ ထင်လဲ”
ကျွန်တော့်ဖက်ကို ပြန်မြှားဦးလှည့်လာသည်။ ကျွန်တော် ဘယ်လိုဖြေလိုက်ရင် ကောင်းမလဲ၊ မိန်းကလေးများက အသက်ကို ရှိသည်ထက် ပိုငယ်ကြောင်းခန့်မှန်းပေးလျှင် သဘောကျကြသည်ဆိုတာကို ကျွန်တော် ၀တ္တုတွေ ထဲမှာ ဖတ်ဖူးသည်ဆိုတော့….
“ အင်း အလွန်ဆုံးရှိ နှစ်ဆယ်ပေါ့..”
ကျွန်တော့်ဖြေသံလည်း ကြားရော သူမ ဟက်ခနဲရယ်ပြီး…
“ အမယ် ခန့်မှန်းတာ တော်လှချည်လား ကိုခန့်နိုင်ရယ်.. ဟုတ်ပါတယ် ယုအသက်က အခုလာမယ့် မေလ (၁၂) ရက်ဆို (၂၀) ပြည့်တော့မှာ… “
“ဟုတ်လား.. ကျွန်တော် မှန်းရင်လွဲနေကျလေ ဒီတခါတော့ မှန်သွားပြီ… “
“ ဟုတ်လား.. ကိုခန့်နိုင်ကကော ဘယ်နှနှစ်ရှိပြီလဲ.. ယုထက် ကြီးလား၊ ငယ်လား”
“ ကျွန်တော်က (၂၁) ထဲမှာပါ”
“သြော် .. ဒါဆို အစ်ကိုကြီးပေါ့..”
ဟု ပြောပြီး နှစ်ယောက်သား သဘောကျစွာ ရယ်မိကြသည်။

*****************************************************************************
၂-

ယုသည် ရုတ်တရက်ကြည့်လျှင်တော့ လှသည်ထက် ချစ်စရာကောင်းသော ပုံသဏ္ဏန်ရှိသည်။ အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် အချိုးအစားပြေပြေပြစ်ပြစ်နှင့် ကျွန်တော်တွေ့ဖူးသမျှ မိန်းကလေးများထဲတွင် ပွင့်လင်းမှုရှိပြီး ပြောလို့ ဆိုလို့ကောင်းသည်။ ယုသည် မျက်နှာကျ သိပ်မလှ၊ တရုပ်မတွေလို မျက်လုံးပိတ်ပိတ် နှင့် အဖြူရောင်ဖက်သန်းသော မျက်ခုံးအရောင်ရှိသည်။ သေချာကြည့်ရင် သိပ်မလှပေမယ့် ကျွန်တော့မျက်လုံးထဲ မှာတော့ သူမဟာ နတ်သမီးတစ်ပါးပါပဲ။

သူ့ကို စသိခဲ့သည်မှာ ကျွန်တော် သင်တန်း စတက်ပြီး လေးရက်မြောက်ဖြစ်ပါသည်။ သင်တန်းရှေ့
လက်ဖက်ရည်ဆိုင်တွင် ကျော်မင်းကို ထိုင်စောင့်နေသည့်အချိန်၊ ဆိုင်ရှေ့ သူငယ်ချင်းနှစ်ယောက် နှင့် လမ်းလျှောက်သွားသော မိန်းကလေးများ အဖွဲ့မှ တခုခုကို သဘောကျပြီး အဖွဲ့လိုက် ရယ်လိုက်သော ရယ်သံကြောင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော ပုရိသများ၏ မျက်လုံးသည် ထိုအဖွဲ့သို့ ရောက် သွားကြသည်။ ထိုအချိန်မှာ သူငယ်ချင်းများပြောသည်ကို သဘောကျစွာ ရယ်မောနေသော သူမကို စတင်တွေ့ခဲ့သည်။ သဘောကျစွာ ပြုံးလိုက်သည့်အခါ ပေါ်လာသော ချစ်စဖွယ် သွားတက်လေးကို ကြည့်ပြီး ကျွန်တော် မှင်တက် ငေးမောနေခဲ့ရသည်း
သူနှင့် သူငယ်ချင်းဖြစ်ပြီး နောက်တစ်ရက် ထုံးစံအတိုင်း ကျွန်တော် မနက်စောစောထ သင်တန်းသွားရန် ပြင်ဆင်ပြီး လက္ဘက်ရည်ဆိုင်တွင် သူငယ်ချင်းတွေနှင့် ထိုင်စောင့်နေခိုက် ခပ်ဝေးဝေးမှ သူ၏ အရိပ်ဟု ထင်မှတ်သော အရိပ်တခု တဖြည်းဖြည်း နီးကပ်လာသည်။ နီးကပ်လာလေ သူဆိုတာ ပိုသေချာလာလေ။ ဟုတ်ပါတယ်။ ကျွန်တော် တိတ်တခိုးနှင့် နာမည်ပေးထားသော ကျွန်တော့ရဲ့ သွားတက်လေး။ ကျွန်တော်စိတ်တွေကို သူ့အပြုံးတွေနှင့် ဖမ်းယူ သိမ်းပိုက်ထားသည့် သူမသည် ဒီနေ့ အဖြူခံပေါ်မှာ ခဲရောင် ပန်းပွင့်အဆုပ်အဆုပ်တွေပါသော ချည်သားဂါဝန်လေးနှင့် တမျိုးဆန်းသစ် လှပနေ ပြန်သည်။
နာရီကြည့်လိုက်တော့ (၈း၃၅)မိနစ်၊ သင်တန်းက (၉း၀၀) စမှာ၊ သူ ဒီနေ့တစ်ယောက်တည်းပါလား ဟု စိတ်က တွေးလိုက်ပြီး နှုတ်ကလည်း ကံဇာတာက ခန့်နိုင်ဘက် ရပ်တည်နေတာ သေချာပြီဟု ခပ်တိုးတိုးရေရွက်ရင် ပြုံးလိုက်သည်။ သူ ကျွန်တော်ထိုင်နေသော လက်ဖက်ရည်ဆိုင်နား ရောက်ခါနီးတွင် ဆိုင်ထဲမှ ထကာ ရှေ့ထွက်၍ ရပ်စောင့်နေလိုက်သည်။
ကျွန်တော့်ကိုလည်း မြင်ရော သွားတက်လေးတွေပေါ်အောင် ထပ်ရယ်ပြပြန်သည်။ သူမ အပြုံးတွေက ကျွန်တော့ရင်တွေကို အေးစေတာတော့ စတွေ့တည်းက သတိထားမိသည်။ ကျွန်တော့်စိတ်ထဲမှ ခဏခဏ မပြုံးပြပါနဲ့လား… ယုရယ် ဟု တိတ်တဆိတ် ရေရွက်မိလိုက်ပြီး… သူမအနီးနားရောက်ခိုက်…
“ ယု “
“ ရှင့်”
“ ဒီနေ့လည် တစ်ယောက်တည်းပဲပေါ့..”
“ ဟုတ်တယ် ကိုခန့်နိုင် သူဇာ မေမေ မသက်သာသေးလို့ မနက်ဖြန်မှ တက်မယ်ပြောတယ်.. ရည်မွန်ကလည်း သူ့ကျူရှင်ကနေ တဆက်တည်း သွားမယ်ဆိုလို့လေ”
“သြော် .. ဒါဆို ယု ဘာစားခဲ့ပြီးပြီလဲ.. မစားရသေးရင် တခုခုဝင်စားရအောင်လေ..“
“ ဟုတ်.. ဒီနေ့တော့ ကော်ဖီနဲ့ အီကြာကွေးနဲ့ စားခဲ့တယ်.. ကိုခန့်နိုင်ရော စားပြီးပြီလား….”
“ ဟုတ်.. ကျွန်တော် အခုပဲ လက်ဖက်ရည်သောက်ထားတာ”
“ သြော် .. ဒါဆိုလည်း သင်တန်း တန်းသွားကြတာပေါ့”
သူမနှင့်အတူ ယှဉ်တွဲကာ သင်တန်းသို့ စကားတပြောပြောနှင့် လမ်းလျှောက်လာခိုက်..
“ကိုခန့်နိုင် စာမေးပွဲကို ဘယ် Series ဖြေမယ်စိတ်ကူးထားလဲ”
“ ကျွန်တော်တော့ နိုဝင်ဘာ ဖြေမယ်.. ယုရော ဘယ် စီးရီး ဖြေဖြစ်မလဲ”
“ အင်း.. နိုဝင်ဘာပဲ ဖြေတော့မယ်.. မြန်မြန်ဖြေပြီးတော့လည်း ပြီးတာပဲပေါ့.. “
“ ဟုတ်တယ် ယု..သင်တန်းပြီးတော့လည်း အလုပ်ဝင်မလားလို့လေ..”
“ဟုတ်တယ်.. တူတူပဲ ယုလည်း အလုပ်လုပ်ချင်နေပြီ”
စကားပြောရင်းနှင့် သင်တန်းတံခါးဝနားရောက်လာခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီး
ကိုယ့်နေရာ ကိုယ်ဝင်ထိုင်လိုက်ကြလေသည်။

သူနှင့် ကျွန်တော် သင်တန်းဖြေဆိုအောင်မြင်ပြီး လအနည်းငယ်အကြာမှာတော့ သူက ရန်ကုန်ရှိ သွင်းကုန် ထုတ်ကုန်ကုမ္ပဏီတခုတွင် စာရင်းကိုင် အလုပ်ရခဲ့လေသည်။ သူက နယ်ကဆိုတော့ သူမသည် ရန်ကုန်ကအဆောင်တစ်ဆောင်မှာ နေရင်း အလုပ်လုပ်လျှက်။ ကျွန်တော်ကတော့ သူမနှင့် မရှေးမနှောင်းကာလမှာပင် မန္တလေးမြို့ရှိ နိုင်ငံခြား ဘိလပ်မြေဖြန့်ဖြူးသည့် ကုမ္ပဏီတခု၌ သူဌေးရဲ့ Personal Assistant အလုပ်တခုရ ခဲ့ လေသည်။


အချိန်တွေကြာလာတာနှင့်အမျှ ကျွန်တော်နဲ့ သူရဲ့ သံယောဇဉ်ကလည်း တဖြည်းဖြည်းကြီးမားလာသည်။ ဒီလိုနဲ့ သူနဲ့ကျွန်တော် သူငယ်ချင်း မက သမီးရည်းစားမကျ အခြေအနေတွေဖြစ်လာခဲ့ကြတယ်။ သူမကို ကြိုက်နှစ်သက်သူများပေမယ့် သူမရွေးချယ်သည့်သူ မရှိသေးတာကြောင့် ကျွန်တော် သူမကို ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်းများတဲ့သူ့ကို စိတ်မချတာတွေလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စိတ်ထဲမှာတော့ သူက ကျွန်တော်ရဲ့ ဘယ်ဘက်နံရိုးလေး တစ်ချောင်းပါပဲ။

တစ်ရက် ညနေစောင်း အချိန် ကိုခန့်နိုင်နှင့် ယုတို့နှစ်ယောက် ကော်ဖီသောက်ဖို့ Mr. Guiter ကို ရောက်လာတဲ့ အချိန်။ ဆိုင်ထဲ ၀င်ဝင်ချင်း-
“ကိုကြီး”
“ဟေ”
ကိုခန့်နိုင် စားပွဲတစ်လုံးတွင် တစ်ယောက်တည်း ကော်ဖီသောက်နေသော လူတစ်ယောက်ထံ လျှောက်သွားပြီး နှုတ်ဆက်လိုက်သဖြင့် ယုလည်း မယောင်မလည်နဲ့ ကိုခန့်နိုင်နှုတ်ဆက်သော သူ၏ စားပွဲနားသို့ ရောက်သွား ရာ-
“တစ်ယောက်တည်းလား”
“ ဟုတ်တယ်.. ညီလေးရော ကော်ဖီလာသောက်တာလား”
ဟု ပြောပြီး ကိုခန့်နိုင်ဘေးတွင် ရပ်နေသော ယုဆီမျက်လုံးရောက်လာခိုက်..
“ဟုတ်တယ်၊ ဒါ ကျွန်တော် ပြောပြောနေတဲ့ ကျွန်တော့်ကောင်မလေးလေ.. နာမည်က ယုသဉ္ဖာခိုင်တဲ့ ဘယ်လိုလဲ..လှတယ်မလား”
ဟု ယု လက်ကိုဆွဲပြီး နှုတ်ဆက်ပေးလိုက်သည်။
“ အင်း အချောလေးပါပဲ.. ငါ့ညီလေးက ရွေးတတ်သားကွ”
“ ယု.. ဒါ ကို့ အစ်ကို ၀မ်းကွဲ ကိုဇေယျာတဲ့၊ ရေတပ်က ဗိုလ်ကြီးတစ်ယောက်ပဲ”
“ တွေ့ရတာ ၀မ်းသာပါတယ် ကိုဇေယျာ”
“ ဟုတ်ကဲ့ခင်ဗျ၊ ညီလေးခေါ်သလို ကိုကြီးလို့ခေါ်လည်းရပါတယ်”
“ဟုတ်ကဲ့ပါ၊ ကိုကြီး”
ကျွန်မရဲ့ မ၀ံ့မရဲနဲ့ ထွက်ကျလာတဲ့ ကိုကြီးဆိုတဲ့ ခေါ်သံမှာ အသံတွေ တုန်ယင်လို့၊ ရင်ကလည်း တဒိန်းဒိန်းခုန်ကာ ဒူးတွေတောင် ညွက်ကျသွားမလိုလို။ “စိတ်ထိမ်းစမ်း ယု၊ ယောကျာ်းတစ်ယောက်ကြောင့် ဒီလောက် အိနြေ္ဒပျက်စရာမလိုဘူး” ဟု ကိုယ့်ကိုယ်ကို သတိပေးရသည်။
“ ဒါနဲ့ ယုက ဒီကပဲလား”
အသံတွေ မတုန်အောင် မနည်းထိမ်းပြီး…
“ဟုတ်ကဲ့.. ကိုကြီး”
“ ဟုတ်တယ် ကိုကြီး၊ ယုက ပြည်က အခု ရန်ကုန်မှာ အလုပ်လုပ်နေတာဆိုတော့ လှည်းတန်းက မိန်းကလေးအဆောင် တစ်ဆောင်မှာနေတယ်၊ ကျွန်တော်အလုပ်က မန္တလေးမှာဆိုတော့လည်း အမြဲတမ်းလာမတွေ့နိုင်ဘူးပေါ့၊၊ ရန်ကုန်ကို သူဌေးက အလုပ်ကိစ္စရှိလို့ ဆင်းလာမှပဲ အချိန်လုပြီး လာတွေ့နိုင်တာ.. ကိုကြီးက ရန်ကုန်မှာဆိုတော့ ယုကို အမြင်မတော်တာတွေရှိရင်လည်း ဆုံးမပေးပါဦး၊ အပ်ပါတယ်”
“ ကိုခန့်နိုင်ကလည်း.. ယုက ကလေးမှမဟုတ်တာ.. ကိုကြီးအလုပ်ရှုပ်အောင်”
“ရပါတယ် ယု။ ကိုယ့်ညီလေးရဲ့ ကောင်မလေးဆိုတော့ ကိုယ့်ညီမလေးပဲပေါ့ အိုကေ ညီလေး.. ဘာမှမပူနဲ့.. ဒါနဲ့ ဒီမှာပဲ ထိုင်လိုက်ကြလေ.. တစ်ဝိုင်းထဲပဲ”
“ဟုတ်ကဲ့ ကိုကြီး.. “

ကိုခန့်နိုင်က ယုနှင့် ကိုဇေယျာနှင့် မိတ်ဆက်ပေးသည့် အချိန်မှ စ၍ ယုဘ၀တွင် တခါမှ မခံစားဖူးသော ရင်ခုန်မှုကို စတင် ခံစားခဲ့ရသည်။ ကိုဇေယျာသည် ကိုခန့်နိုင်ထက် နှစ်နှစ်ကျော် ကြီးပြီး ရေတပ်က သုံးပွင့် ဗိုလ်ကြီးတစ်ယောက်။
ဝတ်ထားတဲ့ လည်ကတုံး အကျီ အဖြူလက်ရှည်နှင့် နက်ပြာရောင်ပုဆိုးအကွက်စိပ်စိပ်ကြောင့်လား မသိပေမယ့် ကိုကြီးပုံစံက တည်ငြိမ်အေးဆေးသည့် လူကြီးလူကောင်းပုံပေါ်နေသည်။ ကော်ဖီခွက်ကို ကိုင်ထားတဲ့ သူလက်ချောင်းသွယ်သွယ်တွေက ဖြူဖွေးသန့်စင်လို့။ ကိုကြီးက စကားပြောရာတွင် ညင်သာ သိမ်မွေ့သလို အနေအထိုင်လည်း ငြိမ်သက်လှသည်။ ယုရဲ့စိတ်တွေကလည်း ကိုခန့်နိုင်နှင့် ကိုကြီးတို့ ပြောနေသည့် အကြောင်းအရာတွေပေါ်မှာ ရောက်လိုက် တခြားတစ်နေရာကို ရောက်သွားလိုက်နှင့် ယောက်ယက်ခက်လို့။ တဒိန်းဒိန်းနှင့် ခုန်နေသော ရင်ခုန်သံတွေကိုလည်း ငြိမ်သက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ယုကိုယ်တိုင်တောင် မစဉ်းစားတတ်တော့။ လက်ဖျားတွေ အေးစက်နေတာ ကိုခန့်နိုင်များ ရိပ်မိသွားမလားဟူသော အတွေးဖြင့် စိုးရိမ်စိတ်ဖြင့် ဗျာများလျှက်။
*****************************************************************************


၃ -

“ ဘာဖြစ်လို့ ငိုနေရတာလဲ.. ကိုခန့်နိုင်.. ယောက်ျားလေး မျက်ရည်ကျတာကို ယုသိပ်မုန်းတယ်လို့ ပြောထားတာ ကိုခန့်နိုင် မသိတာလား၊ ယုက ကိုခန့်နိုင်ကို အရမ်းနှိပ်စက်ရာများ ကျနေလို့လားဟင်”
“ ငိုတာမဟုတ်ပါဘူး ယုရယ်.. ရင်ထဲမှာ ပူလောင်လွန်းလို့ သူ့အလိုလို စီးကျလာတာပါ”

ယုသည် ဘာစကားမှထပ်မပြောပဲ တိတ်ဆိတ်ကာ ကောင်းကင်၌ သာနေသော လ၀န်း ၀ါဝါကို အမှတ်မထင် ငေးမောကြည့်နေသည်။ သူ၏ လက်ဖျံလေးတွေက လရောင်ကြောင့် ပိုမို ၀င်းဝါနေသလိုလို။ သူ့မျက်နာကတော့ ဒေါသ အရှိန်ကြောင့် အနည်းငယ် ခက်ထန်နီမြန်းလျှက်။
“ အလုပ်ကို အကြောင်းပြပြီး ကိုယ့်ချစ်သူကို ဂရုမစိုက်ပဲ ပစ်ထားတာက ကိုခန့်နိုင်ပါ.. ကိုခန့်နိုင် ဂရုမစိုက်လို့ ဂရုစိုက်မယ့်သူကို ရှာတာ ယု အပြစ်လား.. ယု အပြစ်လား ပြောစမ်းပါ”
“ ယုမှာ အပြစ်မရှိပါဘူး.. ဟုတ်ပါတယ် ကိုယ့်အပြစ်တွေပါပဲ.. ဒါပေမယ့် ယုရယ်.. ကိုယ့်ကောင်မလေး အကြောင်း သူများတွေဆီက ပြန်ပြန်ကြားနေရတာ ရင်နာလွန်းလို့ပါ..ကို ဂရုမစိုက်လို့ စိုက်မယ့်သူရှာတယ်ဆိုလည်း နောက်ထပ် တစ်ယောက်လောက်ဆို တော်ရောပေါ့၊ အခု ယု လုပ်နေတာတွေက ။ ယု အခုတွဲနေတဲ့ သူက ဘယ်လို အကျင့်စရိုက်ရှိတယ်ဆိုတာလည်း ယုလည်း အသိ.. မိဘချမ်းသာတာကို ဗန်းပြပြီး မိန်းကလေးတွေ ထည်လဲတွဲပြီး ကျောရရုံကြံနေတဲ့သူဆိုတာ ယု့ကို ပြောပြထားပြီးသားလေ.. ဒါနဲ့များကွာ”
“ ယုကောင်းမယ်ထင်လို့ ယုလုပ်တာ.. ဖြစ်သမျှ ကောင်းတာ ဆိုးတာကို ယု ခါးစီးခံလိုက်မယ်.. ကိုခန့်နိုင် စိတ်မပူနဲ့.. သေချာတာတော့ သူက ကိုခန့်နိုင်လိုမျိုး ယု ကို လျစ်လျူရှုမထားတာပဲ”
“ ခက်တယ် ယု.. လျစ်လှူရှုတယ်ဆိုရင် ယုလိုချင်တာတွေ ယုဖြစ်ချင်တာတွေကို ကို ဘယ် ဖြည့်ဆည်းပေးနေပါ့မလဲ။ ဟိုကောင်က လိုချင်တာရှိလို့ ယုကို ဂရုစိုက်ချင်ယောင်ဆောင်ပြီး အနားကပ်လေကွာ၊ ယုဆီကသာ သူလိုချင်တာရရင် ယု ရင်ဝကို စုံကန်ပြီးထွက်သွားမယ့် လူစားမျိုး ယုရဲ့၊ နောက်ပြီး ယုလည်း ကို့အလုပ်အကြောင်း သိသင့်သလောက် သိနေပြီပဲလေ.. ကို့အလုပ်က ကိုယ်ပိုင်အလုပ်မဟုတ်ဖူးလေ..သူဌေး PA လုပ်ရတာ၊ သူဌေးသွားသမျှ နေရာတွေကို တကောက်ကောက်လိုက်ရတာလေ။ အလုပ်များလို့ အချိန်မပေးနိုင်တာ ကို့အပြစ်လား.. အခု ကိုက တခြားမိန်းမတယောက်နဲ့ ပွေနေ ရှုပ်နေလို့ ယု့ကို အချိန်မပေးနိုင်တာမို့လား ယုရ၊ ကို အလုပ်လုပ်နေတာ ယုအတွက် လုပ်နေတာဆိုတာ ယုသိရဲ့သားနဲ့ကွာ”
“ ကိုခန့်နိုင်ရယ်.. လူတိုင်းကတော့ အလုပ်လုပ်နေကြတာပဲလေ.. ယု့ကို စလိုက်တဲ့ အချိန်က ကိုခန့်နိုင်က အလုပ်လက်မဲ့ အခြေအနေနဲ့ လိုက်ခဲ့တာလား၊ အဲ့အချိန်တည်းက အလုပ်လုပ်နေတာပဲလေ၊ အဲ့ချိန်တွေတုန်းကတော့ အချိန်ပေးနိုင်ပေမယ့် အခုသုံးနှစ်လောက် ကြာလာတဲ့အချိန်ကျမှ့ အချိန်မပေးနိုင်တာ သတိရလို့ ဖုန်းဆက်ရင်တောင် နှစ်မိနစ်ထက် ပိုပြောနိုင်တာ မဟုတ်ဘူးလေ၊ ယုက ကိုခန့်နိုင်အတွက် ဘာလဲ၊ ချစ်သူ သမီးရည်းစားဆိုတာ ပေးသင့်တဲ့ အချိန်ပေးမှု၊ ဂရုစိုက်မှုဆိုတာတော့ ရှိသင့်တာပဲလေ၊ ကြာလာလေ အလေးအနက်မထားတော့တာ အရမ်းသိသာတာပဲ.. ရပါတယ် အဆင်ပြေသလိုနေပါ.. နောက်ပြီး ဒီလို ငြီးငွေ့ဖို့ ကောင်းတဲ့ဇာတ်လမ်းကိုလည်း ယု အဆုံးသတ်ချင်နေပြီ၊ ယုလည်း ယု ပျော်ရွှင်မယ်လို့ ထင်တာတွေ ယုလုပ်မယ်.. ဘယ်ဟာ မကောင်းဘူး ကောင်းတယ်ဆိုတာ ယု့ကို လမ်းပြပေးနေရအောင် ယုက သူငယ်နှပ်စားလည်းမဟုတ်ဘူး၊ ယု့ဦးနှောက်နဲ့ ယု ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်တာ မှန်သမျှ ဘယ်တော့မှ နောင်တရမှာမဟုတ်ဖူး။ ရှေ့လျှောက် ကိုယ့်လမ်း ကိုယ်ဆက်လျှောက်ကြတာပေါ့..”
တခုခုတော့ သေချာစဉ်းစားဖို့လိုပြီ။ ဖြစ်နေတဲ့ အကြောင်းအရာတွေအပေါ်မှာ သေချာသုံးသပ်ကြည့်လျှင် ကျွန်တော်ဖက်ကနေ ကျူးလွန်ခဲ့တာ ဘာမှမရှိ။ သူမကြိုက်ဖူးထင်တဲ့ အရာတွေတော်တော်များများကို စွန့်လွှတ်ခဲ့တာ သူမနှင့် ရည်းစားဖြစ်စတည်းက။ သူမမှာတော့ ဒီလိုမဟုတ်။ သူမလုပ်သမျှတွေ ကျွန်တော် သိနေပေမယ့် သူငယ်ချင်းတွေကြားထဲ မင်းတော့ ခံလိုက်ရပြီ။ မင်းကောင်မလေး ဘယ်သူနဲ့ ဘယ်နေရာမှာ တွေ့ခဲ့ပြန်ပြီ။ ဘယ်သူနဲ့ ဘယ်ကို ခရီးထွက်သွားပြန်ပြီ။ ဘယ်သူလက်ဆောင်တွေ ပေးတာကို ယူပြန်ပြီ စတဲ့ စကားတွေလည်း နားလျှံနေအောင် ကြားခဲ့ရတာ နှစ်တွေကြာပြီ။ သူငယ်ချင်းတွေ ကျွန်တော့်ကို ကွယ်ရာမှာ တိရိစ္ဆာန်နှင့် နှိုင်းပြီးပြောနေတာတွေကိုလည်း မသိချင်ယောင်ဆောင်နေခဲ့ရတာ တော်တော်ကြာပြီး သူငယ်ချင်း(ကောင်မလေး)တွေကြားထဲလည်း သူစွပ်စွဲလွန်းလို့ ခင်မင်ရတဲ့အခြေအနေကနေ မျက်နှာပျက်ရသည့် အကြိမ်အရေအတွက် မနည်းတော့။ ဒါပေမယ့် ယု ငါ့ဖက်မှာ ရှိနေမှာပါပဲလေဆိုတဲ့ စိတ်နဲ့ အရာရာကို ခွင့်လွှတ်ခဲ့တယ်။
ကျွန်တော်မှာ သူ မက်မောလောက်တဲ့ ရာထူး၊ ရာခံ မရှိလို့ ရှိတဲ့ ကျွန်တော့် ထက်သာတဲ့သူနဲ့တွဲလည်း ကျွန်တော် မျက်စိမှိတ်ပြီး မသိချင်ယောင်ဆောင်ခဲ့ပေးတာ။ အခုချိန်မှာ သူစိတ်ချမ်းသာသလို နေပါစေ အချိန်တန်လို့ ကျွန်တော်ရင်ခွင်ကို သူပြန်လာရင် ပြီးတာပဲလေဆိုတဲ့ စိတ်နဲ့ သည်းခံနေရတာတွေက နောက်ဆုံး ကျွန်တော့ အပြစ်တွေ ဖြစ်နေတာပဲလား။ သူနှင့် စကြိုက်ပြီဆိုကတည်းက အလှအပ မက်မောလွန်းတဲ့သူ၊ ပစ္စည်းကောင်းတွေမှ ရွေးကြိုက်တတ်တဲ့သူ၊ တစ်လ တစ်လ သူရတဲ့ လစာရဲ့ လေးငါးဆလောက် သုံးချင်ဖြုန်းချင်တဲ့ သူ့ကို သူ့ မိသားစုက လောက်လောက်လားလား မထောက်ပံ့နိုင်တော့ ကျွန်တော်ချစ်တဲ့သူ မျက်နှာမငယ်စေချင်တဲ့စိတ်နဲ့ တတ်နိုင်သလောက် ထောက်ပံ့ခဲ့တာတွေကကော။ သူထပ် တက်ချင်တဲ့ ACCA ဆက်တက်ဖို့အတွက် ကျွန်တော် တတ်နိုင်သလောက် ချွေတာစုဆောင်းပြီး ထောက်ပံ့ခဲ့တာတွေက နောက်ဆုံးရလဒ်က ဘာဖြစ်လာခဲ့သလဲ။
“နေဦးယု၊ တခုခုတော့ လွဲနေပြီ၊ အခု ကိစ္စမှာ ဘယ်သူမှားပြီး၊ ဘယ်သူမှန်တာလဲ၊ ကို့ကွယ်ရာမှာ တခြားသူနဲ့ ပေါ်တင်တွဲနေတာ ဘယ်သူလဲ၊ ပြီးခဲ့တဲ့ ယုမွေးနေ့မှာ ယုဘယ်သူနဲ့တူတူ တနေ့လုံးရှိနေခဲ့တာလဲ၊ တခြား ယောကျာ်းတစ်ယောက်နဲ့ ချောင်းသာကို ညအိပ်ခရီးထွက်သွားတာက ဘယ်သူလဲ ယု၊ ပြော ယု၊ ချစ်သူများနေ့မှာ ကို့ဆီက အပြင် တခြားသူတွေက ပေးတဲ့ လက်ဆောင်ကို ကြည်ကြည်ဖြူဖြူလက်ခံပြီး ကိုနဲ့ဖုန်းပြောဖို့ အချိန်မရအောင် ကြူနေတာက ဘယ်သူလဲ၊ ယု မကြိုက်တာ ကိုဘာတွေလုပ်ခဲ့လည်း၊ တခြားမိန်းမတွေနဲ့ ပွေတာ ရှုပ်တာ အခုချိန်ထိ ယုဘာကြားခဲ့ရလဲ၊ တခုခုလုပ်မယ်ဆို ယုမျက်နှာကို အရင် ပြေးမြင်ပြီး စောင့်ထိမ်းခဲ့တာကွ၊ လူတိုင်း မဟုတ်တဲ့နေရာမှာ ပျော်မွေ့ကြတာက ယုတစ်ယောက်တည်း တင်မဟုတ်ဖူး၊ လူတိုင်းလုပ်တတ်တယ်၊ ဆင်ြခင်တုံတရားနဲ့ ထိမ်းသိမ်းပြီး ကိုယ့်ကိုယ်ကို Control လုပ်နေတာ၊ နောက်ပြီး ယုဆိုတာ မိဘနဲ့ခွဲခွာပြီး ရန်ကုန်မှာ တစ်ယောက်တည်းလာပြီး အဆောင်နေနေတဲ့သူတစ်ယောက်၊ ရန်ကုန်မှာနေတဲ့ အဆောင်သူ တော်တော်များများ ဘယ်လိုပုံစံမျိုး ယောကျာ်းတွေ သတ်မှတ်တယ်ဆိုတာ လည်း ယုကိုယ်တိုင် အသိ၊ ဒါကြောင့် ၀တ်တာစားတာ နေတာထိုင်တာက အစ ဂရုစိုက်ပါ၊ လျှပ်ပေါ်လော်လီ ၀တ်တာစားမယ်ဆိုရင် အများကို သတ်မှတ်ထားတဲ့ ပုံစံထဲ ၀င်သွားမယ် ၊ တန်ဖိုးဆိုတာ ကိုယ်နေထိုင်ပြုမူတဲ့အပေါ်လိုက်ပြီး ပြောင်းလဲတယ်ဆိုတာတွေလည်း ပြောခဲ့တာ များပြီ၊ ဒီလို အတန်တန် သတိပေးတဲ့ကြားက ယုဝတ်ချင်သလို ၀တ်။ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုဆိုတာ အတိုဝတ်ပြမှ ဖော်ပြမှ ဟိုက်ပြမှ ဆွဲဆောင်နိုင်တာမဟုတ်ဖူး၊ လှတာမဟုတ်ဘူးကွ။ ဒီလူတွေက ဒီလိုအကျင့်ရှိပါတယ်လို့ ချပြထားတာတောင်မှ တမင် အပေါင်းအသင်း ရွေးလုပ်။ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲပြီး နေချင်သလိုနေနေတာ ဘယ်သူလဲ ယု။ ဒီကိစ္စမှာကော ဘယ်သူလွန်တာလဲ ယု ”
“ ဒီမယ် ကိုခန့်နိုင်”
ယု အသံသည် ဒေါသကြောင့် လိုအပ်သည်ထက် ပို၍ ကျယ်လောင်နေသည်။
“ ယု လုပ်တာ မှန်သမျှ ကိုခန့်နိုင်သိနေတယ်ဆိုရင် ယုလိုမိန်းမကို လက်မခံနဲ့လေ၊ ယုကြောင့် စိတ်ပင်ပန်းနေတယ် မလား၊ လက်လွှတ်လိုက်လေ.. ရတယ် .. ယုပုံစံက ကိုခန့်နိုင် ကြိုက်တဲ့ ပုံစံမဟုတ်ဘူးဆိုရင် ကိုခန့်နိုင် ကြိုက်တဲ့ ရိုးသားအေးဆေးပြီး ခြောက်ပစ်ကင်း သဲလဲစင်တဲ့ မိန်းကလေးမျို၊ ကိုခန့်နိုင်ကို ဂရုစိုက် အနွံတာခံတဲ့မိန်းကလေးမျိုးကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်လေ။ ကိုခန့်နိုင် ကြိုက်တဲ့လမ်းကို ကြိုက်သလို ရွှေးချယ်သွားနိုင်တယ်”
“ မဟုတ်ဖူးလေ ယု..”
ကျွန်တော် ရုတ်တရက် စကားလုံးရှာမရပဲ ဘာဆက်ပြောရမှန် မသိဖြစ်နေတယ်၊ တစ်စုံတစ်ခု ထပ်ပြောဖို့ ဦးနှောက်ကို အလုပ်ပေးသော်လည်း မည်သည့်စကားလုံးမှ ထွက်မလာ၊ သူ စိတ်ကြီးလာရင် ကြောက်ဖို့ကောင်းသည်။ ကျွန်တော်နှင့်ပတ်သက်လျှင် ဘယ်တုန်းကမှ အလျှော့ပေးဖို့ မစဉ်းစားတဲ့ သူ့အတွက် နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်တော်ကပဲ လေသံပျော့လေးဖြင့်။
“ ယုကို ကိုက လုံးလုံးလျားလျား ပစ်ထားတာလည်းမဟုတ်ဘူးလေ အလုပ်ကနေ အချိန်ရရင် ရသလို လာတွေ့နေတာပဲမဟုတ်လား..၊ ကိုတို့ ရှေ့ရေးအတွက် ကိုကြိုးစားပြီး အလုပ်လုပ်နေတာ၊ ယုကို တင့်တောင်း တင့်တယ်ထားနိုင်ဖို့အတွက် အလုပ်လုပ်နေတာ ယုနားလည်ဖို့ ကောင်းတယ်၊ ယု အရင် ကို့ပေါ် အနိုင်ယူတာတွေ ဆိုးတာတွေ အရင်ဖြစ်ခဲ့သမျှ ကိုခွင့်လွှတ်တယ်၊ အချိန်မပေးနိုင်တဲ့ ကို့ကြောင့်ဖြစ်ခဲ့ရတာဖြစ်တဲ့အတွက် ယုမှာ အပြစ်မရှိဘူး၊ ယုကို ဘယ်လောက်ထိ သည်းခံခွင့်လွှတ်ခဲ့သလဲ ကိုဘယ်လောက်သည်းခံလည်းဆိုတာ ယုအသိဆုံးပါ၊ ယု တခြားသူတစ်ယောက်နဲ့ ချိန်းတွေ့နေတာကို ပက်ပင်းတွေ့ခဲ့တာတောင် ကို ဘာတခွန်း အပြစ်ပြောခဲ့ဖူးသလဲ။ လမ်းခွဲမယ်ဆိုတဲ့စကား တခွန်း ကို စပြောခဲ့ဖူးလား၊ အခလည်း ဒီလိုပြောနေတာတွေက ယုနဲ့လမ်းခွဲချင်လို့ အပြစ်တွေ ရှာပြောနေတာမဟုတ်ဘူး၊ အရင်လုပ်ထားတာတွေ ခွင့်လွှတ်တယ်၊ နောက်ထပ် ထပ်ပြီး အဲ့လိုမျိုးတွေ ထပ်မလုပ်ပါနဲ့လို့ ကိုပြောချင်တာ ယုရဲ့.. ယုလည်း အသက်ငယ်တော့တဲ့ အရွယ်မဟုတ်တော့ပါဘူးကွာ”
ပြောရင်း ကျွန်တော့်အသံတွေ ငိုသံပါလာရင်း တိမ်ဝင်ကာ ပြောချင်တဲ့စကားတွေ ထွက်မလာပဲ ရင်ထဲ စို့နင့်နေခဲ့သည်။
“ ကိုခန့်နိုင်မှာ မာန မရှိဘူးလား၊ ယု့အကြောင်းတွေ နားနဲ့မဆံ့အောင် ကြားနေတာတောင်မှပဲ ယုကို ခွင့်လွှတ်နိုင်တယ်၊ ထပ်ပြီး ယုံကြည်ဦးမယ်တဲ့လား”
“ ဟုတ်တယ် ယု ယုံတယ်၊ ကို့ဆီမှာ ယုလိုချင်တဲ့ အရည်းအချင်းတွေ မရှိလို့ ယု တခြားသူတွေဆီကို ရောက်သွားတာ ကို ယောကျာ်းဖြစ်ပြီး ပျော့ညံ့လို့ဖြစ်တယ်ပဲ မှတ်ယူလိုက်မယ်၊ ယု အရင်က စွပ်စွဲသလို ကိုကကောက်ကျစ်လို့၊ ကို့အပြောအဆို အပြုအမူတွေက ယုလိုချင်တဲ့ လူကြီးလူကောင်းပုံစံ မပေါက်လို့ဆိုရင် ယုအနေနဲ့ တခြားသူတစ်ယောက်ကို စိတ်ကြိုက် ရွေးချယ်သွားလို့ ရပါတယ်၊ ယုအနေနဲ့ ဘယ်အရာကိုမဆို လွပ်လပ်စွာ ရွေးချယ်ခွင့်ရှိတဲ့ မိန်းမတစ်ယောက်ပဲလေ၊ ဒါပေမယ့် ယု အိမ်ထောင်မပြုမချင်းတော့ ကို ယု့ကို မျှော်လင့်နေမယ်၊ မျှော်လင့်နေခွင့်တော့ ပေးပါ၊ ကို မဟုတ်တဲ့ တခြားသူတွေနဲ့ အဆင်မပြေတဲ့အခါ ယု ခိုဝင်နိုင်ဖို့အတွက် ကို အမြဲရင်ဖွင့်ထားပါတယ် .. ယု အဆင်မပြေတဲ့အခါ၊ ပင်ပမ်းတဲ့အခါ ပြန်လာခဲ့ပါ.. အရင်လိုပုံစံနဲ့ အရင်တိုင်းပဲ စောင့်မျှော်နေမယ်”
ကျွန်တော် နင့်နင့်နဲနဲ ပြောလိုက်တဲ့ စကားသံတွေအဆုံး သူမ စိတ်ပင်ပန်းစွာဖြင့်..
“ ယု အတွက်နဲ့ ကိုခန့်နိုင် ဒီလိုဖြစ်နေရတာ မထိုက်တန်ပါဘူး ကိုခန့်နိုင်ရယ်”
ဟု စိတ်ရှု့ပ်ထွေးစွာဖြင့် ရေရွက်နေမိလေသည်။ သူသည် တခါတရံ ကလေးအလွန်ဆန်လွန်းသည်။ သူကို ကောင်းစေချင်လို့ ပြောတာတွေကို ချုပ်ချယ်လွန်းသည်ဟု သူ ထင်နေသည်။ သူများတွေ ပါးစပ်ဖျားမှာ ယု့ဟာ တန်းဖိုးရှိပြီး အေးဆေးတည်ငြိမ်တဲ့ မိန်းမပျိုလေးတစ်ယောက်ပါဆိုတဲ့ အမြင်နဲ့ မြင်စေချင်တာ ကျွန်တော်သူအပေါ်ထားတဲ့ စေတနာ။ ကျွန်တော် သူကို ညီမလေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ချစ်သူတစ်ယောက်လို အမျိုးမျိုး စောင့်ရှောက်ခဲ့ပေမယ့် ကျွန်တော် မကြိုက်ပါဘူးဟု ယူဆရသော အရာတွေကို သူမက လုပ်ဖြစ်အောင်လုပ်သည်။ ကျွန်တော့်ကို အရွဲ့တိုက်ခြင်း၊ ဆန္ဒပြခြင်းတွေက သူမဘ၀ရဲ့ ပျော်ရွှင်မှုပုံစံဖြစ်နေမယ်ဆိုတာ အချိန်ကြာညောင်းလာလေ ပိုသိလာလေ။



၎-

ယုရင်ထဲက ခံစားချက်တွေကို ခန့်နိုင်တစ်ယောက် သိနိုင်ဖို့လည်း အင်မတန် ခဲယဉ်းပေလိမ့်မည်။
ခန့်နိုင်ကို သူငယ်ချင်းတစ်ယောက်လိုသာ ချစ်ခင်ခဲ့ပြီး သူ့ထက်သာတဲ့သူကို ရွေးချယ်ဖို့ ဆုံးဖြတ်ကာ ကိုကြီးကို အလေးပေး ဆက်ဆံခဲ့တာတွေကြောင့် ယုဆိုတဲ့ မိန်းမကို ဂုဏ်ပကာသန မက်မောတယ်လိုပဲဆိုဆို။
ကိုကြီးနဲ့ နီးစပ်မှုများလေ ပိုတွယ်တာလေဖြစ်ပြီး ကိုခန့်နိုင်နှင့် လမ်းခွဲဖို့ စဉ်းစားခဲ့တာကြောင့် ယုကို တစ်ယောက်ဆို တစ်ယောက် သစ္စာရှိရှိ မချစ်ပဲ မျက်နှာများပြီး ပွေချင်၊ ရှုပ်ချင်သူလို့ပဲဆိုဆို ယု ကျေနပ်ပါတယ်။ သူပွေတယ် ရှုပ်တယ်ပြောသော သူများကိုလည်း ယုအနေနှင့် တမင် တွဲပြ၊တာဟာလည်း ယုအပေါ် မုန်းတီးသွားစေချင်နဲ့ ဆန္ဒသပ်သပ်နဲ့ပါ၊ သူ့ကိုလည်း ယု ကိုယ်တိုင်ပြောဖူးပြီးသား။ ကိုကြီးနှင့် တွေ့ပြီးသည့် နောက်ပိုင်းမှာ
“ကိုခန့်နိုင်ကို သူငယ်ချင်းတစ်ယောက်လိုပဲ ယုခင်ခဲ့တာ၊ ယုဘ၀မှာ ကိုကြီးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှ အချစ်ဆိုတာကို တကယ်ခံစားတတ်ခဲ့တယ်။ ကိုခန့်နိုင်ကို လှည့်စားသလိုဖြစ်ခဲ့ရင်လည်း ယုတောင်းပန်ပါတယ်၊ အခုအချိန် ယုရင်ထဲမှာ ကိုကြီးအတွက် နေရာပဲရှိတယ်၊ တကယ်လို့ ယုကိုရမှ ကျေနပ်မယ်ဆိုရင် ယုကိုတော့ရမယ် ယုရဲ့စိတ်တွေ၊ နှလုံးသားတွေကတော့ ကိုကြီးဆီမှာ ရောက်နေမှာပဲ၊ အဲ့ချိန်ကျမှ ကိုခန့်နိုင်ရော ယုရော နောက်ဆုတ်လို့မရတဲ့ အခြေအနေတခုမှာ နှစ်ယောက်လုံး ပင်ပမ်းနေရင် ပိုစိတ်ဆင်းရဲရမယ်၊ စဉ်းစားပါ ကိုခန့်နိုင်ရယ်၊ ယုကို စောင့်စားနေတဲ့ ကိုကြီးကိုလည်း ယုသနားလှပြီ၊ ယုတို့ နှစ်ယောက်ကို လက်ထပ်ခွင့်ပြုပါ ကိုခန့်နိုင်ရယ်..”
ဟု ယုပြောခဲ့တုန်းက မချိတင်ကဲလေသံနှင့်အတူ..
“ ရက်စက်လိုက်တာ ယုရယ်”
ဆိုပြီး သူဟာ ကလေးတစ်ယောက်လို ၀မ်းနည်းစွာ ငိုကြွေးခဲ့သည်။ သူ့ကို သူငယ်ချင်းလို၊ အစ်ကိုတစ်ယောက်လို တွယ်တာမိပေမယ့် ချစ်သူလို တကယ်ချစ်လို့မရတာကြောင့် သူဘယ်လိုနာကျင်နေပစေ ယု တလျှောက်လုံး အေးစက်မာကျောစွာနှင့် နိုင်လိုမင်းထက် ဆက်ဆံခဲ့သည်။ သူ့ကို သနားပေမယ့်
ယု့ဘက်ကလည်း ဘာမှမတတ်နိုင်ခဲ့တာမို့ သူ့ကို ယုကမ္ဘာထဲက ထွက်ခွာသွားဖို့ပဲ အချိန်ရှိတိုင်း တွန်းအားပေးနေခဲ့တာ အမှန်။
“ ကိုကြီးကို သနားတယ်ဆိုတော့.. သုံးနှစ်ကျော် အနစ်နာခံပြီး ပေးဆပ်ခဲ့တဲ့ ကိုကရော.. ကိုက ယုအပေါ်မှာ ဒီသုံးနှစ်လုံးလုံး စောင့်စားခဲ့တာကရော ဘာကြောင့်လဲ ယုရဲ့.. ကို အချိန်တွေ ပိုနေလို့ ယု့ဆီမှာ အချိန်ကုန်ခံနေတယ်လို့ ယု ထင်နေတာလား.. ကို ယုကို ချစ်လွန်းလို့ အရာအားလုံးကို မျက်စိမှိတ်ထားခဲ့တာပါ…ယုက ကို တွေ့ဖူးသမျှထဲမှာ တစ်ကိုယ်ကောင် အဆန်ဆုံး မိန်းမ၊ `အတ္တကြီးတဲ့ မိန်းမ၊ ကိုယ်ဖက်ကို ကိုယ်အကြည့်ဆုံး မိန်းမတစ်ယောက်ပဲ၊ တခြားသူရဲ့ ခံစားချက်ကို နားလည်ပေးဖို့ နည်းနည်းမှ မကြိုးစားခဲ့ဘူး၊ ဝဋ်ရှိတယ်ဆိုရင်လည်း ဒီဘ၀မှာပဲ အကုန်အကျေဆပ်သွားပါရစေ” ဟု စွပ်စွဲပြောဆိုခဲ့တာတွေလည်း ယု ကျေနပ်ပါတယ်။
ယုကို သူနာကျည်းအောင်၊ မုန်းသွားအောင် ပစ်ပစ်ခါခါတွေ ပြောခဲ့တာတောင်မှ သူ့ဘက်က နောက်မဆုတ်ခဲ့။ သူ မကြိုက်သော အနေအထိုင် အပြုအမူများကို ဆက်တိုက် အရွဲ့တိုက်ပြီး သူပြောသမျွှ အကုန်ဆန့်ကျင်ခဲ့သော ယုက ..
“ နောက်ဘ၀မှာသာ ကိုခန့်နိုင်နဲ့ ယု ဆုံဆည်းခွင့်ရမယ်ဆိုရင် ယု ပြန်လည် ပေးဆပ်သင့်တာတွေ အားလုံး ယု ပြန်ပေးဆပ်ပါရစေလို့” ပြောခဲ့တုန်းက …

“ နောက်ဘ၀ ပေးဆပ်ဖို့မလိုပါဘူး.. ဒီဘ၀မှာပဲ ယုက ကို့အတွက် ဖြစ်ရင် ရပြီ”
ဆိုပြီး ခေါင်းမာမာနှင့် ပြောခဲ့တဲ့သူ၊ ယု ဘာလုပ်လုပ် အပြစ်မမြင်၊ အပြစ်မတင်တဲ့ သူ့ကို ဆုံလိုက်တဲ့အချိန်တိုင်း ဒေါသတွေဖြင့်သာ သူစိတ်ရှုပ်အောင် တမင် ဖန်တီးဖြစ်ခဲ့သည်။ နောက်ဆုံး သည်းမခံနိုင်သည့် အချိန်ရောက်ပြီး စွန့်ခွာသွားမည့် အချိန်တွင် ကိုကြီးနဲ့ ပြန်ပေါင်းထုပ်ရန်က ယုရဲ့ အဓိက ရည်ရွယ်ချက်။ သို့ပေမယ့် ယု ဘယ်လိုပင်ကြိုးစား ကြိုးစား သူ့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးပြီး သူ့ကို တစ်သက်လုံးပေးဆပ်ဖို့ ကြံရွယ်ထားတဲ့ ခန့်နိုင်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ဖြတ်စီးဖို့ နည်းပေါင်းစုံဖြင့် ကြိုးစားလည်းပဲ ယုနှင့် ပတ်သက်လျှင် နောင်တ မရတတ်သော သူ့ကို သနားအားနာမိသည်။ သူ့ဘ၀ကို ချနင်းပြီး ကိုယ့်ဘ၀ကိုယ် ပျော်ရွှင်အောင် ဖန်တီးခြင်း မဟုတ်ပေမယ့် ယုမချစ်တဲ့သူနှင့်တော့ တစ်ဘ၀လုံး အတူတကွ ပေါင်းသင်းသွားဖို့ ဆန္ဒ အလျဉ်းမရှိ။ သူ့ရဲ့ ရိုးသားတဲ့စိတ်၊ အားနာလွန်းတဲ့စိတ်၊ ယုအပေါ် နားလည်လွန်းတဲ့စိတ်၊ ယု့အပေါ်မှာ ထားခဲ့တဲ့ ဖြူစင်တဲ့မေတ္တာတွေ၊ ကျေးဇူးတွေကိုတော့ တကယ်အားတုံ့အားနာဖြစ်ခဲ့ပေမယ့် ယု ဘ၀တခုလုံး ယု့မချစ်တဲ့သူနဲ့ ပုံမဖော်ချင်တာ လူတိုင်း ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဓမ္မတာ တခုပါ။ ဝဋ်ဆိုတာ လည်တတ်တယ်ဆိုတာ သိပေမယ့် ကိုယ်ချစ်တဲ့သူအတွက်နဲ့ ကိုယ်မချစ်တဲ့သူကို မလဲနိုင်တာကြောင့် ယုကို ခွင့်လွတ်ပေးပါလို့ တောင်းဆိုရုံမှတပါး ယု ထပ်ပြောစရာမရှိခဲ့တော့။


၅-
ကျွန်တော် ယု့အကြောင်းတွေးလိုက်တိုင်း စိတ်မချမှုတွေနှင့်အတူ ရင်တွေပူလောင်ရတာ လေးနှစ်ကျော်၍ ငါးနှစ်နီးပါး ရောက်လာလေပြီ။ ယုံကြည်မှုတွေကို အလွဲသုံးစား အလုပ်ခံရတာ တော်တော် မခံချိ မခံသာဖြစ်တယ်ဆိုတာလည်း နားလည်ခဲ့လေပြီ၊ ကိုယ့်ဖက်က ပိုချစ်ရလေ ပို စိတ်မချရလေ၊ ပူလောင်ရလေဆိုတာ ကြာလာလေ ကျွန်တော် သဘောပေါက်လာလေ။ သူကို ကျွန်တော် တုန်နေအောင် ချစ်တာလည်း သူ အသိပင်ဖြစ်သည်။ သူကလည်း ကိုကြီးကို တုန်နေအောင် ချစ်တာ ကျွန်တော်သိသည်။ တကယ်လို့များဆိုတဲ့ မျှော်လင့်ချက်သည် ကျွန်တော့်အတွက် မဖြစ်နိုင်တာ ကျွန်တော် အခုတော့ ကောင်းကောင်းသိခဲ့ပြီ။

ကျွန်တော်နှင့်ပတ်သက်လျှင် အင်မတန် အေးစက်စက်နိုင်သော နှလုံးသားနှင့် အကွက်များစွာ ရွေ့နေသော ထိုမိန်းကလေးအတွက် ကျွန်တော် ပေးဆပ်ရတာ ဤမျှနှင့် လုံလောက်ပြီဟုလည်း ကျွန်တော်ထင်သည်။ ဒါကြောင့် ဒီဇာတ်လမ်းကို အဆုံးသက်တော့မည်။ အချစ်ဆိုတာ ပေးဆပ်ခြင်းနှင့် ရယူခြင်းနှစ်မျိုးပဲရှိတာဆိုတော့ ကျွန်တော်ချစ်တဲ့ သူတို့အတွက် ပေးဆပ်လိုက်တော့မယ်။ သူနှင့်ကိုကြီး တိုင်ပင်ပြီး ကျွန်တော် နောက်ဆုတ်မည့် နည်းလမ်းမျိုးစုံကို လက်ဝါးချင်း ရိုက်နေခဲ့တာလည်း ကျွန်တော်သိသိကြီးနဲ့ မသိဟန်ဆောင်နေခဲ့တာ။ ကိုကြီးနှင့် ယု ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းကြောင့် စိုးရိမ်ပူပန်ရတာလည်း ကျွန်တော့ရင်တွေ ကွဲအက်တော့မယ်။ မရနိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ မျှော်လင့်နေမယ့်အစား သူနှင့်ကိုကြီး ပျော်ရွှင်ကြည်နူးနေတာကိုပဲ အဝေးကကြည့်နေပြီး ကျွန်တော် ကျေနပ်နှစ်သိမ့်နေလိုက်တော့မည်။ ဒီထက်ပိုပြီး အချစ်အတွက် ဘာမှ ထပ်ပြီးလောဘမကြီးတော့ဘူးဟုလည်း ကိုယ့်စိတ်ကိုကိုယ် ဆုံးမပေးတာလည်း အကြိမ်အခါမနည်းတော့။ အချိန်တွေကို အလုပ်ထဲမှာပဲ စိတ်နှစ်ပြီး အရာအားလုံးမေ့နိုင်အောင် ကြိုးစားတော့မည်။ ပျော်ရွှင်ခြင်းကို ရှာဖွေဖို့ အချိန်တွေဖြုန်းလာလိုက်တာ နာကျင်ခြင်းတွေကပဲ ကျွန်တော့်ကို ၀ါးမျိုးလိုက်တာ ငါးနှစ်နားပင် ရှိတော့မည်။ နောက်ဆုံးတော့ ကျွန်တော် ပင်ပမ်းကြီးစွာ တည်ဆောက်ခဲ့သော မျှော်လင့်ချက်များမှာ ပျက်သုဉ်းခဲ့ရပြီ။
ဒီနေရာလေး ဒီထိုင်ခုံလေးမှာ ကျွန်တော်တို့ အကြိမ်ကြိမ်ရောက်ဖူး ထိုင်ဖူး ကြင်နာခဲဖူးကြပေမယ့် ဒီတစ်ခါတော့ ကျွန်တော်တစ်ယောက်တည်း ယောင်လည်လည်နဲ့။ နောက်ထပ်လည်း ဒီနေရာကို ကျွန်တော်လာဖြစ်တော့မှာ မဟုတ်တော့တဲ့အတွက် နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ လာမိတယ်။ ထိုင်ခုံလေးမှာ ထိုင်ရင်း အဝေးတစ်နေရာကို လှမ်းကြည့်ကာ သစ်ပင် တစ်ပင်ပေါ်မှာ ငှက်ကလေးတွေ ပျော်မြူးနေကြတာ ကြည်နူးစရာ။ ဒါပေမယ့် ဒါတွေက ကျွန်တော်ခံစားဖို့ မဟုတ်တော့ပါဘူးလေ၊ ကျွန်တော့်အတွက် မျှော်လင့်ချင်းတွေ အရာရာပျက်သုဉ်ခဲ့လေ ပြီ။ အားလုံးကို တသက်တာအတွက် ပြည်ဖုံးကားချလိုက်ပါတော့မယ်။
မနက်ဖန်ဆိုရင် ကျွန်တော့်သူဌေးက သြစတေးလျကို Project တခုစဖို့အတွက် ဒီကအလုပ်ကို စိတ်ချရတဲ့သူနဲ့ထားခဲ့ပြီး အပြီးပြန်ရတော့မယ်။ သူဌေးသွားပြီး တစ်လအတွင်းပဲ ကျွန်တော့်ကို လိုက်ခဲ့ဖို့ ညွှန်ကြားထားတာကြောင့် သိပ်မကြာခင်ရက်အတွင်း ကျွန်တော်လိုက်သွားဖို့ ပြင်ဆင်ရတော့မယ်။ နှုတ်ဆက်ခဲ့ပါတယ် ယုသဉ္ခာခိုင်။ မင်းနဲ့ ကိုယ်ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းမဟုတ်ပေမယ့် အနီးဆုံးရပ်ရင်း ကျောခိုင်းခဲ့ရသူပါ..
စိတ်ထဲမှာတော့ ဘယ်တော့မှ ဖြစ်မလာတော့တဲ့ ဘယ်ဘက်နံရိုးလေးတစ်ချောင်းကို ပုံဖော်ထုဆစ်နေချင်မိလည်း ယောင်ယမ်းကာမက်ခဲ့ရတဲ့ အိပ်မက်တွေကနေ နိုးထဖို့ အချိန်ကျရောက်ခဲ့လေပြီ။
ပင်ပန်းကြီးစွာ ဆုတ်ကိုင်ထားမိတဲ့ လက်တွေကို ဖြေချဖို့ အချိန်ကျရောက်ခဲ့လေပြီ။ အေးစက်နေတဲ့ ခံစားချက်တွေနဲ့ အတူ သူနဲ့အတူတူ ထိုင်ခဲ့ဖူးတဲ့ ခုံလေးမှာ ဆက်ထိုင်ဖို့ ခံနိုင်ရည်မရှိတော့တာနဲ့ ထိုင်ခုံလေးမှ ကျောခိုင်းဖို့ တစ်လှမ်းချင်း လျှောက်လှမ်းရင်း မျက်ဝန်းတွေကလည်း ပူနွေး စိုစွတ်လျက်။
ကျွန်တော် ဘာလုပ်ရတော့မလဲ။ သူ့အတွက် ဘ၀တခုလုံး အေးချမ်းစေချင်တဲ့ ဆန္ဒနဲ့ တတ်စွမ်းသလောက် ကြိုးစားပြီး အရိပ်တခုလို အုပ်မိုးလာပေးခဲ့ပေမယ့် ကျွန်တော့ထက် ပိုအေးမြမယ်ထင်တဲ့ လုံခြုံမယ်ထင်တဲ့ အရိပ်ကောင်းကောင်းတခုကို သူမ ခေါင်းသုံးကာ ရွေးချယ်သွားခဲ့လေပြီ။ သူက အရိပ်ပေါင်းများစွာကို စမ်းသပ်ခိုနားပြီးတဲ့အချိန် သူ့ဘ၀အတွက် လုံခြုံမှု အပေးနိုင်ဆုံးလို့ ထင်တဲ့ အရိပ်တခုကို ရွေးချယ်နိုင်တဲ့အတွက်လည်း ချီးကျူးမိပါတယ် ယုရယ်၊ တကယ် တော်ပါတယ် လူတွေရဲ့ ခံစားချက်တွေ၊ ပေးဆပ် အနစ်နာခံမှုတွေကို ကို လှည့်ကွက်တခုလို အသုံးချပြီး အကောင်းဆုံးလို့ထင်တဲ့လမ်းကို ရွေးချယ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ တဖက်သားရဲ့ မျက်ရည်နဲ့ခင်းထားတဲ့ လှေကားထစ်တွေပေါ် တထစ်ချင်း နင်းတက်ရင်း ပျော်ရွှင် သာယာနိုင်ကြပါစေ၊
အခုတော့လည်း အနစ်နာခံပြီး ဘာတွေ ဘယ်လိုပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့ နောက်ဆုံးတော့လည်း…. ဒါပေမယ့် ကျေနပ်ပါတယ်လေ။ တကယ်ကျေနပ်ခဲ့ပါတယ်။ ကျွန်တော်ကြောင့် သူတို့အနာဂတ်တွေ သာယာလှပ ပျော်ရွှင်ကြမှာကို တွေးတောရင်းနဲ့။ ဘယ်လိုမှ ပေါင်းစပ်ဖို့ မရတဲ့ ကံကြမ္မာတွေကို စိတ်နာစွာနဲ့ ကျောခိုင်းရင်း မဆုံနိုင်တော့တဲ့ လမ်းတဖက်ချက်ဆီမှာ ကျွန်တော်တို့ ဘ၀တွေက တဖြည်းဖြည်း ဝေးရင်း … ဝေးရင်း…. ဝေးရင်း………..

Su Lay Nge
4:30 AM
6th July 2013
မြန်မာဆိုက်ဘာမီဒီယာ အမှတ် (၆)

No comments: