Tuesday, March 27, 2012

အိမ်



အိမ်ဆိုတဲ့စကားလုံးက လူတိုင်းလူတိုင်းနဲ့ရင်းနှီးတဲ့၊ သက်ဆိုင်တဲ့ စကားလုံးလေးပါ။ အိမ်ဆိုတဲ့ အဓိပ္ပာယ်က တော်တော်လေး လေးနက်သလို အနှစ်သာရတွေလည်း အများကြီးပါပါတယ်။ ဒီအိမ်ဆိုတဲ့ စကားလုံးလေးထဲမှာ နွေးထွေးမှု၊ ရင်းနှီးချစ်ခင်မှု၊ စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အနစ်နာခံမှု၊ အပြန်အလှန် နားလည်မှုတွေ၊ ဒုက္ခ၊ သုခမျိုးစုံ ပတ်သက်ဆက်နွယ်နေပါတယ်။ လူရယ်လို့ ဖြစ်လာကြရင် ကိုယ်သိတတ်နားလည်တဲ့ အချိန်ကစပြီး အိမ်ဆိုတာကို ရင်းနှီးကျွမ်းဝင်ခဲ့တာပါပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘယ်လိုအသိုင်းအ၀ိုင်းကပဲ ဆင်းသက်လာသူပဲဖြစ်ဖြစ် အိမ်ဆိုတာက လူတိုင်းနီးပါး ပိုင်ဆိုင်ကြတဲ့အရာလေး တစ်ခုပါပဲ။ အဲဒီအိမ်လေးထဲမှာ မိဘ၊ဆွေမျိုး၊ မောင်နှမတွေနဲ့ပျော်ရွှင်မှုတွေ၊ ရင်းနှီးမှုတွေ၊ ကြည်နူးမှုတွေ၊ နားလည်မှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှုတွေ ခံစားမှုမျိုးစုံကို လူတိုင်းခံစားတတ်ခဲ့ ကြရတာကလည်း ဒီအိမ်ပါပဲ။ အိမ်ဆိုတဲ့ စကားလုံးလေးရဲ့အောက်မှာ စုပေါင်းပါဝင်နေထိုင်ကြတဲ့ မိသားစုတွေဟာ တစ်သွေးတည်း တစ်သားတည်း စည်းစည်းလုံးလုံး ရှိနေသင့်ပြီး ဒုက္ခတွေ့လျှင် အတူတကွမျှဝေခံစားမယ်၊ သုခတွေ့လျှင်လည်း အတူတကွပျော်ရွှင်နိုင်မှပဲ အိမ်ရဲ့အဓိပ္ပာယ်ဟာပိုပြီးပြည့်စုံမယ် ထင်ပါတယ်။

ကျွန်မတို့ရဲ့အိမ်ပုံစံက ခြေတံရှည်ပျဉ်ထောင်အိမ်ပုံစံကို အောက်မှာ အုတ်ဖိနပ် ခံထားပါတယ်။ အိမ်ရှေ့မှာက သုံးပေ ဆယ့်နှစ်ပေခန့်ရှည်တဲ့ တံတားလေးတစ်ခုနဲ့ အိမ်နဲ့ လူသွားလမ်းကို ဆက်သွယ်ထားတယ်။ တံတားလေးကလည်း ကျွန်မစိတ်ထဲတော့ တော်တော်လေး ချစ်ဖို့ကောင်းတယ်လို့ထင်တယ်။ တံတားပုံစံလေးက ခုံးခုံးလေးနဲ့ ဘေးနှစ်ဖက်မှာ လက်ရန်း နှစ်ဖက် လဲပါတယ်။ အိမ်ရဲ့အတွင်းပိုင်းမှာတော့ ဘုရားခန်းနဲ့ ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းသုံးခန်း၊ မီးဖိုချောင်တစ်ခန်း၊ ရေချိုးခန်းကတော့ အောက်မှာ သပ်သပ်လုပ်ပေးထားပါတယ်။ အိမ်ရဲ့ဒီဇိုင်းကတော့ ကျွန်မတို့ရဲ့ အဖေက သူ့ရဲ့စိတ်ကူးလေးနဲ့ အိမ်ဆောက်ပေးတဲ့သူရဲ့စိတ်ကူး ပေါင်းပြီး ဆောက်ထားတာ။ အိမ်ပုံစံလေးက အရမ်းအလှကြီးထဲမှာ မပါပေမယ့် ကျွန်မကတော့ ကျွန်မတို့ရဲ့အိမ်ပုံစံလေးကို အရမ်း နှစ်သက်ပါတယ်။ ပြီးတော့ကျွန်မတို့နေတဲ့ ရပ်ကွက်ထဲမှာ အိမ်ခြေပေါင်း သုံးဆယ် ကျော်လောက်ရှိတယ်။ များသောအားဖြင့် အိမ်အများစုက ၀န်ထမ်းအိမ်တွေများပါတယ်။ ကျွန်မတို့နေတဲ့ရပ်ကွက်ကို ၀န်ထမ်းရပ်ကွက်လို့လဲပြောလို့ရတယ်။ ၀န်ထမ်းတွေဆိုတော့ အရမ်းချမ်းသာသူတွေမရှိပေမယ့် ကိုယ့်အိမ်လေးတွေမှာကိုယ် အေးအေးချမ်းချမ်းလေး နေထိုင်ကြရင်း ရုံးသွားချိန်တန်သွား၊ ပြန်ချိန်တန်ပြန်လာ စသဖြင့် လုပ်ကိုင်စားသောက်နေကြတော့ ဆိတ်ငြိမ်ရပ်ကွက်ပုံစံမျိုးလေး တစ်ခုပါပဲ။ ကျွန်မတို့အိမ်မှာဆိုရင် အမေရယ်၊ အဖေရယ်၊မောင်နှမ သုံးယောက်ရယ် မိသားစုငါးယောက်ပဲ ရှိပါတယ်။ အဘိုးတွေအဖွားတွေကလည်း ကျွန်မတို့ အရွယ်မရောက်ခင်ကတည်းက ကွယ်လွန်ကုန်ကြတာလေ။ ကျွန်မနဲ့ ကျွန်မရဲ့ မောင်လေးဆိုရင် ဟိုဘက်ဒီဘက် အဘိုးအဘွားတွေကို သိပ်တောင်မမှတ်မိဘူး။ ကျွန်မရဲ့ အစ်မကတော့ ကောင်းကောင်း မှတ်မိတယ်။

အိမ်မှာတော့ ကျွန်မအဖေက အစိုးရလခစား ၀န်ထမ်းတစ်ယောက်ပေါ့၊ အမေကတော့အိမ်က ဝေယျာဝစ္စတွေနဲ့ ကလေးသုံးယောက်တာဝန်ကို အစစအရာရာ မလစ်လပ်အောင် တာဝန်ယူပေးရတဲ့ အိမ်ရှင်မကောင်း တစ်ယောက်ပေါ့။ ကျွန်မသိတတ်တဲ့အရွယ်ကတည်းက ကျွန်မတို့အမေက သားသမီးသုံးယောက်နဲ့ ကျွန်မတို့အဖေအတွက် အထွေထွေ ဝေယျာဝစ္စတွေကို လုပ်ပေးရတာ အလုပ်နဲ့လက်နဲ့ ပြတ်တဲ့အချိန်က တော်တော်ကိုနည်းတယ်။ အိမ်မှာအိပ်ယာ အစော ဆုံးထပြီး အလုပ်တွေကို အစောဆုံးသိမ်းကြုံးလုပ်ရတဲ့အမေက ဘယ်တော့မှပင်ပန်းတယ်ဆိုပြီး ငြီးငြူသံ သိပ်မကြား ရပါဘူး။ မိုးမလင်းခင်ကတည်းက တစ်အိမ်လုံးအတွက် အစောကြီးထပြီး ပြင်ဆင်ချက်ပြုတ်ပေးနေရတာ။ အကုန်လုံး ချက်ပြုတ်လို့ ပြီးပြီဆိုရင် သားသမီးတွေကို အိပ်ယာကနှိုးပြီး ကျောင်းသွားဖို့အတွက် ပြင်ဆင်ပေးပါတယ်။ အဖေကတော့ သူ့ဘာသာသူ အိပ်ယာကထပြီးပြီဆိုရင် ရေမိုးချိုးစားသောက်ပြီး အလုပ်သွားတာလေ။ အမေကတော့ သားသမီး သုံးယောက်လုံးကို ရေမိုးချိုး၊ သနပ်ခါးလိမ်းပေး စားစာရာကျွေးပြီးရင် ကျောင်းပို့မယ်။ ကျောင်းပို့ပြီးရင်လည်း ဈေးဝင်ပြီး ဟင်းချက်စရာတွေဝယ်ခြမ်း၊ အိမ်ပြန်ရောက်တော့လည်း နောက်နေ့အတွက် ချက်ပြုတ်စရာရှိတာ ချက်ပြုတ်၊ လျှော်ဖွပ်စရာရှိရင် လျှော်ဖွပ်နဲ့ အလုပ်နဲ့ လက် မပြတ်အောင် လုပ်နေရပြန်ရော။ အိမ်တစ်အိမ်မှာ အိမ်ရှင်မ ပီသဖို့အတွက် ကြိုးစားရတာ ကျွန်မအထင်တော့ တော်တော်ပင်ပန်းပါတယ်။ အိမ်မှာက သိပ်ပြီး ဆူသံပူသံ တွေမရှိပါဘူး။ တစ်ခါတလေ ကျွန်မက မောင်လေးနဲ့ရန်ဖြစ်ရင် အမေဆူတာလောက်ကလွဲပြီး အမေက ဆူလေ့ ဆူထ သိပ်မရှိဘူး။ တစ်ခါကတော့ ကျွန်မတို့မောင်နှမသုံးယောက်ကို ဘုရားရှိခိုးခိုင်းတာ သုံးယောက်စလုံး စိတ်မပါလက်မပါနဲ့ရှိခိုးတော့ မညီလို့ဆိုပြီး ကျွန်မတို့အဖေက တစ်ခါရိုက်ဖူးပါတယ်။ ပါးစပ်ကလည်း “နောက်တစ်ခါ အဲဒီလိုလုပ်ဦးမလား၊ လုပ်ဦးမလား” ဆိုပြီး ကြက်မွေးနဲ့မေးမေးပြီး ရိုက်တာပါ။ အဲဒီတစ်ခါမှတ်မှတ်ရရပဲ တော်တော်ကိုနာတယ်။ ငိုလိုက်တာလဲ သုံးယောက်စလုံး အပြိုင်အဆိုင်ပါပဲ။ အဆိုးဆုံးကတော့ ကျွန်မပေါ့။ ကျွန်မရဲ့အစ်မကတော့ လူကြီးဆန်တယ်။ စကားလဲ သိပ်မပြောဘူး၊ လိုအပ်မှပြောတာပါ။ ကျွန်မကတော့ ကျွန်မအစ်မလိုမဟုတ်ဘူး။ အိမ်မှာ စကားအရမ်းများပါတယ်။ အိမ်မှာ နည်းနည်း လည်းစွာတယ်။ ဆတ်ဆတ်ထိမခံဘူး။ ပြီးတော့ ဂရုစိုက်လည်း အရမ်းခံချင်တာ။ စိတ်ကလည်း ကောက်တတ်သေးတယ်။ ခေါင်းလဲနည်းနည်းမာတယ်။ အမေက ကျွန်မကိုကျော်ပြီး ကျွန်မမောင်လေးကို ဂရုစိုက်ရင်လည်း မကြိုက်ဘူး။ ခဏခဏ ပြဿနာရှာတာ။ အိမ်မှာ ကျွန်မကို အဖေက ကျန်တဲ့ နှစ်ယောက်ထက် ပိုလည်းချစ်တော့ ကျွန်မက အဖေအားကိုးနဲ့ မိုက်တယ်ဆိုလည်း မမှားဘူးပေါ့။ ဒါပေမယ့် စကားကို အေးအေးဆေးဆေးနဲ့ နားဝင်အောင်ပြောရင် ကျွန်မက လူကြီးတွေရဲ့ စကားကို နားထောင်ပါတယ်။ အိမ်မှာအမေက ကျွန်မအကြောင်းကို ကောင်းကောင်းသိတယ်။ ကျွန်မက အချော့ကလည်း ကြိုက်တယ်လေ။ဒီတော့အမေက သူလိုချင်တဲ့ပုံစံကိုရအောင်စကားကို အေးအေးဆေးဆေးလေးပြောပြီး ခေါင်းထဲ ရိုက်သွင်းတာလေ။ မိန်းကလေးဆိုတာ ဘယ်လို နေရတယ်၊ ဘယ်လိုထိုင်ရတယ်၊ စကားပြောရင်လည်း ဘယ်လိုပြောရ တယ်၊ ဘယ်လိုအချိန်မှာ ဘယ်လိုစကားပြောရတယ် စသဖြင့် အမေက တော်တော်လေးကို သင်ပေးပါတယ်။ ကျွန်မရဲ့ အစ်မကိုကျတော့ သိပ်ပြီးတော့ သင်ပေးစရာမလိုဘူး။ သူက နေတတ်၊ ထိုင်တတ်တယ်။

ကျွန်မအိမ်မှာ အရင်က တစ်လျှောက်လုံး ဆိုးနေပေမယ့် အိမ်ရဲ့တန်ဖိုးကို သိပ်နားမလည်ခဲ့ပါဘူး။ အိမ်ရဲ့တန်ဖိုးကို အိမ်နဲ့ဝေးနေမှပဲ ဘယ်လောက်တောင် တန်ဖိုးရှိတယ်ဆိုတာကို နားလည် သဘောပေါက်လာတယ်။ ကျွန်မ နောက်ဆုံးနှစ် ကျောင်းစတက်ရတဲ့ အချိန်မှာ ကျွန်မရဲ့အဖေက ရုတ်တရက် အပြောင်းအရွေ့အမိန့်ကျလာတယ်။ တခြားမြို့တစ်မြို့ကို ပြောင်းရတော့မယ်တဲ့။ ကျွန်မအနေနဲ့ကလဲ ကျောင်းတက်ဖို့ တန်းလန်းကြီး ဖြစ်နေတာ့ အဖေပြောင်းတဲ့မြို့ကို မလိုက် နိုင်သေးဘူးလေ။ ဒါကြောင့် အိမ်အဟောင်းမှာ နေခဲ့ရပါတယ်။ ကျွန်မရဲ့အစ်မကတော့ အဲဒီအချိန်မှာ ကျောင်းပြီး သွားပါပြီ။ ဒါပေမယ့် အလုပ်မရသေးတဲ့အတွက် အမေက သူတို့နဲ့အတူ အဖေပြောင်းရမယ့်မြို့ကို ခေါ်သွားပါတယ်။ မောင်လေး ကလည်း ကိုးတန်းပဲရှိသေးတော့ သူ့ကိုလည်း ခေါ်သွားတယ်။ အိမ်မှာ ကျွန်မအဖော် ရအောင်ဆိုပြီး အမေ့ရဲ့ညီမ အဒေါ် အပျိုကြီးတစ်ယောက်ကို ကျွန်မနဲ့အတူထားခဲ့ပါတယ်။ အမေတို့လည်း အိမ်ကနေ ပြောင်းသွားရော ကိုယ့်ကိုယ်ကို ခေါင်းမာ လှပြီလို့ထင်တဲ့ ကျွန်မလေ မိသားစုဆိုတာကို နားလည်လာခဲ့ပါတယ်။ တစ်ယောက်တည်း နေခဲ့ရတာတွေ၊ တစ်ခုခု လိုအင်ဆန္ဒနဲ့ မကိုက်ညီလို့ ဒုက္ခနဲ့ ကြုံလာတဲ့အချိန်တွေ၊ အားငယ်နေတဲ့ အချိန်တွေမှာ အရင်မိသားစု စုံစုံ လင်လင်နဲ့နေတုန်းက အခြေအနေကိုတွေးတွေးပြီး ငိုလိုက်ရတာ ၀မ်းနည်းလို့ကို မဆုံးပါဘူးရှင်။ ကျွန်မရဲ့အဒေါ်က တော်တော်လေး ဂရုစိုက်ပေမယ့် ကျွန်မရဲ့ နေခဲ့တဲ့အိမ်က လုံးဝကို အဓိပ္ပာယ်မရှိတော့ သလို ခံစားရပါတယ်။ ကျောင်းသွား ပြီး အိမ်ပြန်လာပြီဆိုရင် အရင်တွေ့နေကျ အဖေ၊ အမေ ကျွန်မရဲ့အစ်မ၊ ကျွန်မရဲ့ မောင်လေး ကို မတွေ့ရရင် စိတ်ထဲမှာ ဟာတာတာကြီးနဲ့ အရမ်းကို အထီးကျန်ဆန်တာပါပဲရှင်။ ကျွန်မရဲ့အဒေါ်ကလည်း အပျိုကြီး၊ အေးအေး ဆေးဆေးတရား သမားလေ။ လုပ်စရာရှိတာ လုပ်ပေးပြီးရင် သူ့ဘာသာ တစ်ယောက်တည်း နေတာ များပါတယ်။ သူ့ဘာသာ ပုတီးစိပ်ချင်စိပ်၊ မစိပ်ရင်လဲ တရားစာအုပ်ဖတ်နေတာ များပါတယ်။ ထမင်းစားရင်တောင် သူ့ဘာ သာသူ ဆာတဲ့အချိန်မှ စားတာလေ။ ဒီတော့ ကျွန်မ ထမင်းစားရင်လည်း တစ်ယောက် တည်းပါပဲ။ တစ်ယောက်တည်း ထမင်းစားရတာ အရမ်းဆိုးတာပါပဲရှင်။ အရင်က ကျွန်မတို့ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ခဲ့တဲ့အချိန်တွေကို ပြန်ပြန်မြင်ပြီး ထမင်းစားရင်းနဲ့လည်း ငိုတတ်လာပါတယ်။ ညဘက် တီဗွီကြည့်ရင်လည်း တော်ရုံတန်ရုံ ၀မ်းနည်းစရာ တောင် မျက်ရည်သိပ်မကျတတ်တဲ့ ကျွန်မက အရင်အတူနေခဲ့တဲ့၊ အတူပျော်ရွှင်ခဲ့တဲ့ မိသားစု တွေ အစုံအလင်နဲ့ နေခဲ့တဲ့ အချိန်တွေကို တွေးပြီး ငိုတတ်လာတယ်။ အရင်က အဖေ၊ အမေနဲ့ မောင်နှမတွေရှိတုန်းက ဘာမှ သိပ်မကြောက်တတ်တဲ့ ကျွန်မက နည်းနည်းလည်း အားငယ်စိတ်တွေဝင်ပြီး ကြောက်တတ်လာပါတယ်။ အဖေနဲ့အမေ အိမ်မှာမရှိတော့ အိမ်က လုံခြုံနွေးထွေးမှု မရှိတော့သလိုလဲ ခံစားရတယ်။ အိမ်ရဲ့ တန်ဖိုးအစစ်အမှန်က မိသားစု မစုံလင်ရင်လည်း ဘာမှအဓိပ္ပယ် မရှိဘူးဆိုတာ ကျွန်မနားလည် သဘောပေါက်ခဲ့ပါတယ်။ ဒီအိမ်လေးက ပေးနိုင်တဲ့ ခံစားမှုတွေက ဘာနဲ့မှမတူပါဘူး။ အရင်မိသားစု စုံလင်တဲ့အချိန်က အိမ်ပြန်ရောက်သွားပြီဆိုရင်ကို ဘာနဲ့မှ မတူတဲ့ လုံခြုံမှု၊နွေးထွေးမှု၊ ရင်းနှီးချစ်ခင်မှု၊ ဘာနဲ့မှ လဲလို့မရတဲ့ အဖေ အမေတို့ရဲ့ မေတ္တာတရားကို တဖြည်းဖြည်းနဲ့ နားလည်ခံစားတတ်လာပါတယ်။ ကျွန်မအတွက် တော့ အိမ်ဆိုတဲ့ ပရိဝုဏ်လေးဆိုတာဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ခံစားမှုတွေက ကျွန်မရဲ့ နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း ခံစားလို့ရတဲ့ သံယောဇဉ်တွေကို ပျိုးထောင်ပေးတဲ့ အသိုက်အမြုံလေးဆိုတာကိုလည်း တဖြည်းဖြည်းနဲ့ခံစားတတ် လာ ပါတယ်။

အခုဆိုရင် ကျွန်မတို့ မောင်နှမသုံးယောက်က အရွယ်တွေရောက်ခဲ့ပြီ။ ကျောင်းတွေလဲပြီးလို့ လုပ်ငန်းခွင်ကို ကိုယ်စီဝင်ရောက်ကြရမယ့် အချိန်တွေ ရောက်လာတဲ့ အချိန်မှာကျတော့ ကျွန်မတို့နှစ်သက်ခဲ့တဲ့ အိမ်လေးနဲ့အတူ ကျွန်မတို့ရဲ့ မိဘနှစ်ပါးရှိတဲ့အရပ်ကနေ မစွန့်ခွာချင် စွန့်ခွာချင်နဲ့ စွန့်ခွာခဲ့ရပါတယ်။ ကိုယ်နဲ့သင့်တော်မယ်ထင်တဲ့အရပ်၊ သင့်တော်မယ့်အလုပ်တွေမှာ မောင်နှမ သုံးယောက်လုံး ကိုယ်စီဝင်နေကြရတဲ့အချိန်မှာကျတော့ ကျွန်မတို့ရဲ့အိမ်လေးကို အဝေးကနေ သတိရနေပေမယ့်လည်း ကျွန်မတို့ရဲ့မိဘနှစ်ပါးရှိတဲ့အိမ်လေးကို တစ်နှစ်နှစ်ခေါက်လောက်ရောက်ဖို့တောင် တော်တော်လေးကို ကြိုးစားရပါတယ်။ အရင်တုန်းကတော့ မိသားစုတွေအစုံအလင်နဲ့ ပျော်ရွှင်စွာ နေထိုင်စားသောက်ခဲ့တဲ့ ဒီအိမ်လေးက အခုချိန်မှာသားသမီးတွေ ပညာတွေစုံပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ အခြေအနေရောက်တော့ အရင်တုန်းက ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်လေးက တိတ်ဆိတ် ငြိမ်သက်လို့ နေပါတယ်။ အဖေနဲ့အမေလည်း သားသမီးတွေ ဘယ်အချိန်မှာများ ပြန်လာမလဲဆိုတာ မသေချာမရေရာတဲ့ နေ့ရက်တွေကို ရေတွက်စောင့်မျှော်ရင်းနဲ့ အသက်တွေ တဖြည်းဖြည်း ကြီးလာ၊ အရွယ်တွေ တဖြည်းဖြည်းကျလာပါပြီ။ သြော်… နောက်ဆုံးတော့လည်း အိမ်ဆိုတာက မရေရာ မသေချာတဲ့ မျှော်လင့်ချက်လေးတွေနဲ့၊ တိတ်တိတ် ဆိတ်ဆိတ်နဲ့သားသမီးတွေ ပြန်လာ မယ့် အချိန်ကို လည်တဆန့်ဆန့်နဲ့ စောင့်မျှော်နေရတဲ့ မိခင်၊ ဖခင်တို့ရဲ့ နားခိုရာ နေရာလေးတစ်ခုပါပဲလား။ ကျွန်မအနေနဲ့တော့ ဟိုး…အရင်တုန်းက မိသားစုအစုံအလင်နဲ့ ပျော်ရွှင်စွာ ဆော့ကစား၊ အစားအသောက်တွေကို လုယက်စားသောက်၊ အမေ့ရင်ခွင်ထဲကို အလုအယက်တိုးဝင်ပြီး အိပ်ခဲ့တာတွေ၊ မောင်နှမတွေ ရန်ဖြစ်ပြီး ငိုယိုသံတွေနဲ့ တိုင်တောသံတွေ၊ အပြစ်တင်သံတွေ၊ ဆူသံတွေနဲ့ အိမ်လေးကိုပဲ အဝေးကနေ တမ်းတနေမိပါတော့တယ်။ လောကကြီးမှာ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို စွန့်လွှတ်ရတယ်ဆိုတာ အခုမှပဲ နားလည်သဘောပေါက်လာတော့တယ်။ မိမိတို့အတွက် ပညာတို့ ဥစ္စာတို့ လိုချင်တော့လည်း နွေးထွေးမှုအပေးနိုင်ဆုံးနဲ့ ဘာနဲ့မှ လဲလို့မရအောင် တန်ဖိုးရှိတဲ့ အိမ်လေးကို စွန့်လွှတ် လိုက်ရတာကတော့ စိတ်ထဲမှာ တကယ်ကို ထိခိုက်မိပါတယ်။ ကျောင်းပြီးလို့ အလုပ်လုပ်ချင်တော့ သိပ်မကြာခင် မှာ ကိုယ်နဲ့သင့်တော်မယ် ထင်တဲ့ အလုပ်တစ်ခုရတာ၊ ကိုယ်မျှော်လင့်ထားတဲ့ အလုပ်တစ်ခုကို ပိုင်ဆိုင် ရတာက ပျော်ရွှင်မှု တစ်မျိုးပါပဲ။ အလားတူပဲ ဒီပျော်ရွှင်မှုနဲ့ထပ်တူ ဆုံးရှုံးသွားခဲ့ရတဲ့ ခံစားမှုကတော့ အိမ်ဆိုတဲ့အေးချမ်းတဲ့ အရိပ်အာဝါသလေး ကို အပြီးမဟုတ်တောင် အချိန်တော်တော်ကြာကြာ စွန့်လွှတ်လိုက်ရတာကို တစ်ခါတလေ ပြန်တွေး ကြည့်ရင် ငါပေးဆပ် လိုက်ရတာက တော်တော်လေး တန်ဖိုးကြီးပါလားလို့တွေးမိလာတယ်။ အိမ်မဟုတ်တဲ့ အခြားတစ်နေရာကို ရောက်မှပဲ တခြားသူတွေနဲ့ အလုပ်လုပ်ရ ပေါင်းသင်း ဆက်ဆံရမှပဲ အိမ်ရဲ့တန်ဖိုးနဲ့ အေးချမ်းမှု၊ နွေးထွေးမှုတွေကို နားလည်မိပါ တော့တယ်။ ကျွန်မရဲ့စိတ်ထဲမှာတော့ ကျွန်မတို့မိသားစုအိမ်လေးက အရမ်းမချမ်းသာပေမယ့် နွေးထွေးတဲ့အိမ်တစ်လုံးလို့ တော့စိတ်ထဲမှာ ထင်တယ်ရှင့်။ ကျွန်မတို့အိမ်လေးက အိမ်တစ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့ နားလည်မှုတွေ ၊သာယာမှု တွေနဲ့ စည်းလုံးမှုတွေ ရှိတယ်လို့လည်း ကျွန်မထင်တယ်။

နောင်တချိန်မှာ ကျွန်မရဲ့စိတ်ကူးထဲက ကိုယ်ပိုင်အိမ်လေးတခု ဖန်တီးမယ်ဆိုရင် အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးမှာ အိမ်လေးကိုဆောက်မယ်။ အိမ်ပုံစံကို အကြီးကြီးလည်း မဆောက်ဘူး။ တစ်ထပ်တိုက်ပုံလေးပဲဆောက်မယ်။ တိုက်လေးရဲ့အရောင်ကလည်း အပြာနုရောင်လေးဖြစ်ရမယ်။ အခန်းတွေလည်း အများကြီးမထားဘူး။ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း ၊ဘုရားခန်း တစ်ခန်း၊ ရေချိုးခန်း တခန်း၊ မီဖိုခန်းလေးတစ်ခန်းလောက်ဆို ရပြီ။ ပြတင်းပေါက်လေး တွေ ကို မှန်ကြည်ကြည်လေးတွေ တပ်ထားမယ်။ လိုက်ကာတို့ ခန်းစီးတို့ကိုလည်း အပြာနုရောင်လေးတွေပဲ တပ်ထားတယ်။ ကျွန်မရဲ့အိမ်လေးကိုကြည့်လိုက်ရင် အပြာနုရောင်လေးနဲ့မြင်တဲ့သူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေချင်စရာ ကောင်းမယ့်ပုံလေးဖြစ်အောင် ဖန်တီးယူမယ်။ အိမ်ရှေ့မှာ ဒါန်းအပြာရောင်လေး တခုလဲပါရမယ်။ ကျွန်မရဲ့အိမ်လေးရဲ့ ပတ်လည်မှာ သီးပင်စားပင်တွေ အစုံစိုက်ပျိုးထားမယ် ပန်းပင်လေး တွေကိုလည်း စုံလင်အောင် စိုက်ထားမယ်။ အိမ်မှာ ခွေးလှလှလေး တစ်ကောင်နဲ့ ကြောင်လေးနှစ်ကောင်လောက်လဲ မွေးထားမယ်။ ကျွန်မရဲ့အိမ်လေးမှာ ကျွန်မ ချစ်တဲ့ မိသားစုလေးရယ်၊ ခွေးလေးရယ် ၊ကြောင်လေးတွေရယ်၊ ပန်းပင်လှလှလေးတွေရယ် ဒါန်းလေးရယ် ပါဝင် ရမယ်။ ကျွန်မရဲ့အိမ်လေးက ပျော်ရွှင်ခြင်းတွေနဲ့ လည်း ပြည့်စုံ ရမယ်၊ ငြိမ်းချမ်းတဲ့အငွေ့အသက်လေးတွေလည်း ရှိရမယ်။ ကျွန်မရဲ့ အိမ်လေးက ချစ်စရာကောင်းတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်အောင် ဖန်တီးမယ်လို့လည်း ကျွန်မစိတ်ကူး ထားတယ်။

အခုတော့ အကြင်နာတရားတွေ၊ နွေးထွေးတဲ့မေတ္တာတရားတွေနဲ့ပြည့်နေတဲ့ ကျွန်မတို့ငယ်ငယ်က နေဖူးတဲ့ ကျွန်မ တို့ရဲ့ အိမ်လေးကို အချိန်အခါအခွင့်သင့်ရင် ပြန်ဖို့အတွက် မျှော်လင့်ချက်လေး ထားရင်း အေးချမ်းတဲ့အမေ့ရဲ့ မေတ္တာရိပ်တွေ လွှမ်းခြုံထားတဲ့ ကျွန်မတို့ရဲ့အိမ်လေးကို အဝေးတနေရာက လွမ်းနေမိပါတော့တယ်။

စုလေးငယ်
မြန်မာဆိုက်ဘာပြိုင်ပွဲဝင် ဒသမဆုရစာမူ

No comments: