Friday, March 16, 2012

ရင်သား နာကျင်ခြင်း ဖြစ်ရသည့် အကြောင်းရင်းများ


ရင်သားနာကျင်ခြင်းဖြစ်ရသည့်အကြောင်းရင်းများ
အမျိုးသမီးတစ်ဝက်ကျော်ဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ရင်သားနာကျင်မှု ခံစားရတတ်ပါတယ်။ ရင်သားနာကျင်မှုအများစုကလည်း အန္တရာယ်မရှိသလို သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ ဒါပေမဲ့ရင်သားနာပြီဆိုရင် အမျိုးသမီးအတော်များများက ရင်သားကင်ဆာဖြစ်လေမလားလို့ စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ ဒါကြောင့်ရင်သားနာကျင်မှုဖြစ်တတ်တဲ့အကြောင်းတွေကို ဖော်ပြလိုက်ပါတယ်။
ရာသီအကြိုဝေဒနာ---
လစဉ်ရာသီစက်ဝန်းကာလအတွင်း အမျိုးသမီးတစ်ဦးရဲ့ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်၊ ဒီလိုပြောင်းလဲမှုတွေကြောင့် ရာသီမလာခင် ရက်အနည်းငယ်အတွင်းမှာ အမျိုးသမီးအများစုက ရင်သားနာကျင်တတ်ကြပါတယ်။ ဒါပေမဲ့ရာသီလာတဲ့ကာလ ပြီးဆုံးသွားပြီဆိုတာနဲ့ ရင်သားနာတာက အလိုလိုသက်သာသွားတတ်ပါတယ်။ ရာသီမလာခင် ရင်သားနာတာ၊ တင်းတာ စတဲ့ဝေဒနာတွေကို ရာသီအကြိုဝေဒနာလို့ခေါ်ပါတယ်။ တချိုအမျိုးသမီးတွေက လစဉ်လတိုင်း ရင်သားနာတာကို ခံစားနေရပေမဲ့ တချို့အမျိုးသမီးတွေကတော့ လုံးဝမဖြစ်တတ်ပါဘူး။

အပျိုဖော်ဝင်ခြင်း---
အပျိုဖော်ဝင်ချိန်အတွင်း ရင်သားတစ်သျှူးတွေက ဖွံဖြိုးနေပြီး ခန္ဓာကိုယ်အတွင်းက ဟော်မုန်းတွေကလည်း အတက်အကျဖြစ်နှုန်း များနေတတ်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ရင်သားနာကျင်နေတတ်ပြီးရင်သား တစ်သျှူးတွေ လုံးဝဖွံဖြိုးပြီးတဲ့အထိ
နာနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း---
ရင်သားနာတာနဲ့ ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့ အဓိကကြောင်းရင်းတွေအနက် တစ်ချက်က ကိုယ်ဝန်ဆောင်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားအနည်းငယ်နာတာနဲ့အတူ သွေး စ,ဆင်းတာ၊ ဗိုက်အနည်းငယ်အောင့်တာတွေတောင် ဖြစ်တတ်ပါတယ်။ အမျိုးသမီး၂၀-၃၀%ခန့်က ကိုယ်ဝန်ဆောင်ရချိန်မှာ ဒီလိုလက္ခဏတွေ စပြတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာက ကိုယ်ဝန်ပထမသုံးလပတ်အတွင်းမှာဘဲ သက်သာသွားတတ်ပါတယ်။ ရင်းသားတင်းတာနဲ့ တခြားအပြောင်းအလဲတွေ ဖြစ်တာက ခန္ဓာကိုယ်က မိခင်နို့ချိုတိုက်ကျွေးဖို့ ပြင်ဆင်နေတာကြောင့်
ဖြစ်တတ်ပါတယ်။

ရင်သားအကြိတ်---
ရင်သားအကြိတ်က အမျိုးသမီး၅၀%လောက်မှာ ဖြစ်တတ်ပြီး ကင်ဆာမဟုတ်တဲ့ အဖုအကြိတ်ဖြစ်ပါတယ်။
ရင်သားတစ်သျှူးတွေထဲမှာဖြစ်တဲ့ အရည်ကြည်အိတ်ဖြစ်ပြီး တောင့်တင်းနာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ဦးက သွေးဆုံးချိန်ရောက်တဲ့အခါ ရင်သားအကြိတ်ဖြစ်တာက သက်သာသွားလေ့ရှိပါတယ်။

စိတ်ဖိစီးမှုနဲ့ပူပင်သောကများခြင်း---
ရင်သားနာကျင်ရတာရဲ့ နောက်အကြောင်းရင်းတစ်ခုက စိတ်ဖိစီးမှုများတာနဲ့ စိတ်ဓာတ်ကျတာကြောင့်ပါ။
အမျိုးသမီးတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားနေရရင် ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ကာ ရင်သားနာတာ ရင်သားတင်းတာစတဲ့ မသက်မသာဖြစ်မှုတွေ ခံစားရတတ်ပါတယ်။

ရင်ညွန့်ရိုးများရောင်ရမ်းခြင်း---
ဒီအခြေအနေဖြစ်ရင် ရင်သားနာနေတတ်ပြီး ကျိန်းစပ်သလိုခံစားချက်မျိုး၊ ရင်သားမသက်မသာဖြစ်သလိုမျိုး တွဲပြီးခံစားရတတ်ပါတယ်။ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အနေအထား မမှန်တာကြောင့် ဖြစ်တတ်သလို၊ သဘာဝ အိုမင်းတဲ့ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့လည်း ဖြစ်တတ်ပါတယ်။ နာကျင်မှုက ရင်သားနေရာမှာပေါ်တတ်ပေမဲ့ ရင်ညွန့်ရိုးနဲ့ကျောရိုးတွေ ထိခိုက်မှုကြောင့်ဖြစ်ရတာပါ။

သွေးဆုံးအကြိုကာလ---
အမျိုးသမီးတစ်ယောက်ဟာ သွေးဆုံးတဲ့အရွယ်နဲ့ နီးကပ်လာချိန်မှာ သူ့ခန္ဓာကိုယ်ထဲက အီစထရိုဂျင် ဟော်မုန်းအဆင့်ဟာ အပြောင်းအလဲဖြစ်လာတတ်ပါတယ်။ ဒီလိုဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် ရင်သားနာကျင်တဲ့ဝေဒနာနဲ့အတူ တစ်ကိုယ်လုံးပူနွေးတာ၊ ညဘက်ချွေးထွက်တာ၊ မိန်းမကိုယ် ခြောက်သွေ့တာ၊ ကိုယ်အလေးချိန်မြင့်တက်တာ၊ ဆံပင်ကျွတ်တာတွေလည်း ဖြစ်တတ်ပါတယ်။

သန္ဓေတားသောက်ဆေးများ---
အမျိုးသမီးတစ်ဦးဟာ သန္ဓေတားသောက်ဆေး မှီဝဲနေရင် သူ့ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းအဆင့်
မြင့်တက်နေနိုင်ပြီး ရင်သားနာတာ၊ ရင်သားတင်းတာ စတဲ့ မအီမလည်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သန္ဓေတားသောက်ဆေးသောက်တဲ့ အမျိုးသမီးတိုင်းမှာ မဖြစ်တတ်ပေမဲ့ တချို့အမျိုးသမီးတွေမှာတော့
ဖြစ်တတ်ပါတယ်။

ကဖင်းဓာတ်---
လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်နဲ့ တခြားကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို စားသောက်တာ
ကြောင့် တချို့အမျိုးသမီးတွေမှာ ရင်သားနာကျင်မှု ဖြစ်ရတတ်ပါတယ်။ ကဖင်းဓာတ်က သွေးကြောတွေကို ကျယ်စေတဲ့အရာဖြစ်တာကြောင့် ရင်သားတစ်သျှူးတွေရဲ့ ရင်သားတည်ဆောက်ပုံကို ဆွဲဆန့်သလိုဖြစ်ကာ ရင်သားနာတာ၊ ရင်သားတင်းမာတာနဲ့ ရင်သားရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။


အချို့သောဆေးဝါးများ---
အကိုက်အခဲပျောက်ဆေး၊ ရောင်ရမ်းမှုပျောက်ဆေး၊ စိတ်ကျသက်သာဆေး၊ ကိုလက်စထရောကျဆေးနဲ့ နှလုံးရောဂါကုသတဲ့ဆေးတွေလို ဆေးဝါးတချို့ကို သောက်သုံးတာကြောင့် အမျိုးသမီးတချို့မှာ ရင်သားနာတာ၊ ရင်သားတင်းတာနဲ့ ရင်သားကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

ရင်သားရောင်ရမ်းခြင်း---
ရင်သားရောင်ရမ်းတာက အမျိုးသမီးအများစုမှာ ဖြစ်တတ်တဲ့ ဝေဒနာဖြစ်ပြီး ရင်သားအကြိတ်၊ မျှင်ထူတစ်သျှူးရောင်ရမ်းတာနဲ့ အဖုတွေဖြစ်ကာ ရင်သားရောင်ရမ်းတာ၊ ထိလိုက်ရင် နာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။

အဆင်မပြေသောဘရာစီယာ---
အမျိုးသမီးတွေမှာ ကိုယ်နဲ့အဆင်မပြေတဲ့ ဘရာစီယာကို ၀တ်တာကြောင့် ရင်သားတင်းတာ၊ နာကျင်တာ
တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့အဆင်ပြေကာ သက်သောင့်သက်သာရှိတဲ့ ဘရာစီယာကို ၀တ်ပါ။
Tip! ရင်သားနာကျင်နေချိန်မှာ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပေးပါ။ ခန္ဓာကိုယ်ကိုအ နေအထားမှန်မှန်ထားပြီး ရေနွေးအိတ် ကပ်ပေးတာက ရင်သားနာကျင်တာကို သက်သာစေပါတယ်။ ဒီနည်းတွေကို လိုက်နာပေမယ့် ရင်သားနာကျင်မှုက မသက်သာရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဇွန်နိုင်ဦး(ဆေးဝါးတက္ကသိုလ်
Credit to painap

No comments: