Thursday, April 19, 2012

ဟိုးရှေးတုန်းက အင်မတန်စိတ်တို ၊ စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ တနေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ "မင်းတစ်ခါ စိတ်တိုတိုင်း ၊ တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးဝင်းထရံမှာ သွားသွားရိုက်ချေကွာ " တဲ့။

အဖေက အဲသလိုပြောပြီး သံထုပ်ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ - ချောင်းတိတိကို ရိုက်သွင်းဖြစ်သွားခဲ့ပါတယ်။ အဲလိုနဲ့ သူစိတ်တိုတိုင်း ၊ ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို ၀င်းထရံတိုင်မှာ ရိုက်ရင်းရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်ကို သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့ ကျဲကျဲလာတာပေါ့လေ။

ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးပြေးရိုက်ရတာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းသိမ်းရတာ ပိုပြီးလွယ်ကူနေမှန်း တဖြည်းဖြည်းသဘောပေါက်လာခဲ့ ပါတော့တယ်။

အဆုံးမှာတော့ ကောင်လေးဟာ လုံးလုံးကို စိတ်မတို ဒေါသမထွက်ပဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။သည်မှာတင် ကောင်လေးလည်း ပြေးပြီး သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။ "အဖေရေ ၊ သားတော့ သားစိတ်ကို ထိန်းနိုင်သွားပြီဗျ " ပေါ့။

အဲလိုလဲပြောလိုက်ရော ဖအေလုပ်တဲ့သူက နောက်တစ်မျိုးခိုင်းပြန်ပါတယ်။ "မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲဒီ့ မင်းရိုက်ထားတဲ့ သံတစ်ချောင်းကို ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီးကျ တစ်ချောင်းနှုန်းနဲ့ ပြန်နှုတ်နော်" လို့ မှာလိုက်ပါသတဲ့။

အဲလိုနဲ့ ရက်တွေ ကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို သွားပြောနိုင်သွားတယ်။ "အဖေရေ ၊ သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီးသွားပြီဗျ။ တစ်ချောင်းမှ မကျန်တော့ဘူး" ပေါ့။

သည်အခါ ဖအေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီခေါ်သွားတယ်။ "တော်တယ် ငါ့သား" လို့လည်းဆိုတယ်။ " ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ သည်ဝင်းထရံတိုင်ဟာ အရင်တုန်းကလို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ်မဟုတ်လား။ အေး...သားက စိတ်တိုတို ၊ ဒေါသဖြစ်ဖြစ်နဲ့ ပါးစပ်တစ်လုံးနဲ့ ပြောချလိုက်တဲ့ အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်တတ်တယ်သားရေ။ အဲလိုပဲ လူတစ်ယောက်ကို သားက ဓားနဲ့ထိုးလိုက်တယ်၊ ပြီးရင် ဓားပြန်နှုတ်ပြီး ရှိခိုးဦးတင် တောင်းပန်တယ်ဆိုပါစို့ကွယ်။ သား ဘယ်နှစ်ခါပဲ ရှိခိုးဦးတင်ပြန်တောင်းပန်တောင်းပန် ဒဏ်ရာ နဲ့ အမာရွတ်ကတော့ မလွဲမသွေ ကျန်ကို ကျန်နေတော့မှာ ပေါ့ကွယ့်။

"အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓားနဲ့ထိုးသလိုပဲ အနာတရဖြစ်တတ်တယ် ၊ အမာရွတ်ကျန်နေစမြဲပဲငါ့သား " တဲ့။

~~~~~
တစ်ကယ်တော့ မိတ်ဆွေ သူငယ်ချင်းဆိုတာတွေဟာ အဖိုးအနဂ္ဂထိုက်တဲ့ ရတနာတွေပါပဲ။ မိတ်ဆွေသူငယ်ချင်းတွေဟာ ကျွန်ုပ်တို့တွေကို ပြုံးရွှင်ရယ်မောစေနိုင်တယ်၊ ကျွန်ုပ်တို့ဘ၀မှာ အောင်မြင်ခရီးရောက်အောင် အားပေးကူညီနိုင်တယ်၊ ကျွန်ုပ်တို့တွေမှာ ရင်ဖွင့်စရာလေးတွေ ရှိလာရင်လည်း နားစိုက်ပေးတတ်တယ်၊ ချီးကျူးစကား၊ ကဲ့ရဲ့စကား အလုံးစုံကိုလည်း မျှဝေခံစားစေနိုင်ပါတယ်။ မိတ်ဆွေသူငယ်ချင်းဆိုတာဟာ ကျွန်ုပ်တို့ အတွက် သူတို့နှလုံးသားတွေကို အမြဲလှစ်ဟ ကြိုဆိုနေတတ်သူများပါ။

ကဲအခုဒါတွေကို အခု သင်အတိအကျသိရှိသွားပါပြီ။ သင့်မိတ်ဆွေတွေကို သင်က သူတို့အပေါ်ဘယ်လောက် ဂရုစိုက်တဲ့အကြောင်း ပြလိုက်ကြပါ။ ဒါတင်မကသေးဘူး ၊ "ကိုယ့်သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း" လို့ ကိုယ်တိုင်က မှတ်ယူထားတဲ့သူဆီ သည်စာလေးကို ပွားပြီး ပို့ပေးပါ။ ယုတ်စွ အဆုံး သည်စာလေးပို့လိုက်တဲ့သူဆီကို သည်အတိုင်းပြန်ပို့လိုက်နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ကောင်းဆွေကောင်းတွေရှိတယ်ဆိုတာကို အလိုလိုခံစားနိုင်ပါလိမ့်မယ်။

"မင်္ဂလာရှိတဲ့ ခင်မင်ရင်းနှီးမှုအချိန်အခါဖြစ်ပါစေ။

သင်ဟာ ကျွန်ုပ်ရဲ့ သူငယ်ချင်းပါပဲ။ သင့်ကို သူငယ်ချင်းတော်ခွင့်ရတဲ့အတွက် ကျွန်ုပ် အင်မတန်မှ ဂုဏ်ယူပါတယ်။ "

ကိုင်း...အခုချက်ချင်းပဲ သည်စာလေးကိုကူးပြီး သင့်မှာ ရှိရှိသမျှ မိတ်ဆွေတွေဆီပို့လိုက်ပါ။ ကိုယ့်သားချင်းတွေဆီကိုလည်း ပို့လိုက်ပါဦး။
သည်စာလေးကို ကျွန်ုပ်မိတ်ဆွေ တစ်ယောက်က ကျွန်ုပ်ဆီပို့လိုက်တာပါ။ အခုတော့ အဲသည်စာကိုပဲ သင့်ဆီပြန်ပို့လိုက်ပါတယ်။

ပြီးတော့ တဆက်တည်းပဲပြောပါရစေ...

သင့်ရဲ့ခြံစည်းရိုးမှာ ကျွန်ုပ်ကြောင့်များ သံနှုတ်ရာတွေ ကျန်ရစ်ခဲ့တယ်ဆိုရင် ကျွန်ုပ် ကို ခွင့်လွှတ်ဖို့လည်း အနူးအညွတ်တောင်းပန်ချင်ပါတယ်။ ခွင့်လွှတ်ပါ။

No comments: