Monday, April 30, 2012

ဆန်းသစ်ယဉ်ယဉ် လှစေချင်

ဆန်းသစ်ယဉ်ယဉ် လှစေချင်

သမီးလေးတို့ရေ . . . . . . .

လူတစ်ယောက်အ၀တ်အစားဝတ်ရတဲ့ အခြေခံအကြောင်းရင်းနှစ်ချက်ကို ဖေဖေပြောပြမယ်နော်။ပထမ အချက်က အရှက်ကိုလုံခြုံဖို့ နဲ့ ဒုတိယအချက်က ရာသီဥတုဒဏ်ခံနိုင်ဖို့ပဲ ၊ဟုတ်တယ်မဟုတ်လား။ သမီးလေး တို့ကတော့`လှလှပပဖြစ်ဖို့ဆိုတဲ့အချက် ကျန်သေးတယ်လေဖေဖေရဲ့´လို့ ပြောဦးမယ်မဟုတ်လား။ ဒါကိုလည်း ဖေဖေလက်ခံပါတယ်။ မိန်းကလေးသဘာဝမို့ အလှအပအပဆိုတာကလည်း အရေးကြီးတာကိုး။
ဖေဖေတို့ ဘိုးဘွားဘီဘင်တွေကတော့ `လူမှာအ၀တ် တောင်းမှာအကွပ်´ဆိုတဲ့ စကားကိုဆိုထားခဲ့ကြ တယ်နော်။ လူတစ်ယောက်ရဲ့အလှအပဆိုတာ သူဝတ်တဲ့အ၀တ်အစားပေါ်မှာပဲ မူတည်တယ်ဆိုတဲ့သဘော။ လူကတော့လှချင်ပါရဲ့ ၀တ်ထားတဲ့အ၀တ်အစားက အဆင်မပြေဘူးဆိုရင် ပင်ကိုရုပ်ကိုတောင်မှ အကျည်းတန် သွားစေတယ်။လူက သိပ်ပြီးမလှပပေမယ့် သန့်သန့်ပြန့်ပြန့် စတိုင်ကျကျဝတ်တတ်မယ်ဆိုရင်လည်း အလိုလို ကြည့်ကောင်းသွားပြန်ရော။ဒါက အ၀တ်အစားရဲ့ အရေးပါပုံကိုပြောတာ။
နောက်တစ်ခုက လူတစ်ယောက်ဝတ်တဲ့ အ၀တ်အစားကိုကြည့်ပြီး အဲဒီလူရဲ့စိတ်နေစိတ်ထားနဲ့ အကျင့် စရိုက်ကို ခန့်မှန်းလို့ရတယ်သမီးတို့။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း လူတွေကတော့ ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုးနဲ့ ၀တ်ဆင်လာခဲ့ကြတာပဲ။
ပထမတော့ ကမ္ဘာ့အရှေ့ခြမ်းကလူတွေက သူ့မူသူ့ဟန်အတိုင်း အရှေ့တိုင်းပုံစံဝတ်တယ်။ကမ္ဘာ့ အနောက်ခြမ်းကလူတွေကလည်း သူ့မူသူ့ဟန်အတိုင်းအနောက်တိုင်းပုံစံဝတ်တယ်။အင်္ဂလန်ကလည်း အင်္ဂလန် ပုံစံအတိုင်းဝတ်သလို မြန်မာကလည်းမြန်မာပုံစံအတိုင်းဝတ်ကြတာပေါ့။ကိုယ်ပိုင်အတွေး၊ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင် စရိုက်၊ ကိုယ်ပိုင်လက္ခဏာတွေနဲ့ပေါ့။ဒါက ဟိုရှေးရှေးတုန်းကပေါ့။
တဖြေးဖြေးနဲ့ ကမ္ဘာကြီးမှာ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ၊ အရှေ့အနောက် ကူးလူး ဆက်ဆံမှုတွေများပျားလာတယ်။ အရှေ့ကစရိုက်တွေ အနောက်ကိုကူးလာတယ်။ အနောက်ကစရိုက်တွေ အရှေ့ကိုကူးလာတယ်။ လူတွေရဲ့ စား၊၀တ်၊နေရေးတွေပါ ရောယှက်လာတယ်။ ယဉ်ကျေးမှုတွေပါ စိမ့်ဝင်လာ တယ်။
အထူးသဖြင့် ၀တ်စားဆင်ယင်မှုအပိုင်းမှာသိသိသာသာကြီးကို ပျံ့နှံ့ထိုးဖောက်လာတာကိုတွေ့ရတယ်။ ဒါကလည်း တံခါးတွေဖွင့်ထားလို့ ၀င်လာကြတာပဲဆိုတာ ဖေဖေကောင်းကောင်ကြီးနားလည်ပါတယ်။ လက် လည်းခံပါတယ်။တံခါးဆိုတာကလည်း အမြဲတမ်းပိတ်ထားလို့မှမရတာ။
အဓိက ဖေဖေပြောချင်တာက ဖွင့်ထားတဲ့တံခါးတွေကနေ အကောင်းတွေဝင်လာသည်ဖြစ်စေ၊ အဆိုး တွေဝင်လာသည်ဖြစ်စေ လက်ခံတဲ့သူအပိုင်းသာလျှင် အဓိကကျတယ်ဆိုတဲ့အချက်ပဲ။ ကိုယ်လက်ခံချင်မှ ဖြစ် တာကိုး
ဖေဖေ့အနေနဲ့ မြန်မာမိန်းကလေးမှန်ရင် အချိတ်ထမီ၊ ရင်ဖုံးအင်္ကျီနဲ့မှ၊ ခြေတစ်လှမ်းကုဋေတစ်သန်း ပုံစံ မျိုးနဲ့မှ ယဉ်ကျေးတယ်လို့ ယူဆတာမဟုတ်ပါဘူး။
တီရှပ်အင်္ကျီလေးတွေဝတ်ထားတဲ့ ဘောင်းဘီရှည်ကောင်မလေးတွေရဲ့ တက်ကြွလန်းဆန်းစွာ လုပ်ငန်း ခွင် ၀င်လာတဲ့ပုံစံလေးတွေကလည်း ဖေ့ဖေ့မျက်လုံးမှာ ချစ်စရာကောင်းနေတာပါပဲ။
ဆံပင်နီဆိုးထားတဲ့ကောင်မလေးတွေလည်း ကြည့်လို့ကောင်းပါတယ်။မျက်တောင်ကော့ဆေးနဲ့ အိုင်းရှဲ ဒိုး သုံးထားတဲ့ကောင်မလေးတွေလည်း လှပါတယ်။ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ကောင်မလေးတွေလည်း မဆိုး ပါဘူး။လက်သည်းခြေသည်းတွေမှာ ရောင်စုံအလှခြယ်ထားတဲ့ ကောင်မလေးတွေကိုလည်း လက်ခံလို့ရပါတယ်။
ကိုယ့်အလှကို ကိုယ်ကိုယ်တိုင် ခေတ်နဲ့အညီပြုပြင်ချယ်သကြတာမို့ ဖေဖေတို့ ဘာအပြစ်ပြောလို့ရမှာ လဲ။ ဆပ်ကော့ လပ်ကော့နိုင်လွန်းတယ်၊အိနြေ္ဒမဲ့လွန်းတယ်လို့လဲ ဖေဖေမယူဆပါဘူး။ ဒါပေမယ့်သမီးရယ် . . . ၊
ကိုယ့်အလှကိုယ် လိုတာထက်ပိုပြီး ဖော်ပြနေကြတဲ့ မိန်းကလေးတစ်ချို့ရှိနေတာကိုတော့ ဖေဖေ သိပ်အစာမကျေချင်ဘူးသမီး။ဖေဖေတကယ်ပြောတာပါ။
မိန်းကလေးဆိုတာ ခေတ်မှီလို့ရပါတယ်။ ခေတ်ဆန်လို့လည်းရပါတယ်။ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး လှအောင် ကြိုးစားလို့လည်းရပါတယ်။ဒါပေမယ့် တစ်ကမ္ဘာလုံးကလုပ်သမျှတွေကို တစ်ခုမကျန် ပုံတူကူးချနေလို့ တော့ မဖြစ်နိုင်ဘူးသမီးတို့။တစ်ကမ္ဘာလုံးက ဖော်သမျှချွတ်သမျှ ကိုယ်ကလိုက်ပြီး ဖော်ချွတ်ပြနေလို့ မဖြစ်နိုင် ဘူး သမီးတို့။
ဖေဖေ တခြားလူကြီးတွေပြောသလို သမီးတို့နားကလောစေမယ့် အမျိုးဂုဏ်ကိုစောင့်ထိမ်းဖို့တို့၊ မျိုးချစ် စိတ်ရှိဖို့တို့ဆိုတဲ့ စကားလုံးအကြီးကြီးတွေ မပြောချင်ပါဘူး။
ဒါပေမယ့် သမီးတို့သိထားရမှာက ကိုယ်ရဲ့ဝတ်စားဆင်ယင်မှုကို ကိုယ့်ရဲ့မိဘမောင်ဘွားတွေ ရဲရဲ ကြည့် ရဲဖို့လိုတယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေ လက်ခံနိုင်ဖို့လိုတယ်။ ကိုယ့်ရဲ့ လူမှုအသိုင်အ၀ိုင်းက အမြင်တင့်ဖို့ လိုတယ်။ကိုယ့်ရဲ့ရေခံမြေခံနဲ့ သင်တင့်လျောက်ပတ်ဖြစ်ဖို့လိုတယ်။အဲဒီလိုမဟုတ်ပဲ သူများယောင်တိုင်း လိုက် ယောင်နေကြတယ်ဆိုရင်တော့ ကိုယ်ပိုင်တွေးခေါ်ချိန်ဆနိုင်စွမ်းမရှိကြောင်း ၀န်ခံနေသလို ဖြစ်နေမှာပေါ့။ အခုဆိုရင် ဖေဖေတို့ပတ်ဝန်းကျင်မှာ မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်လောက်အောင် ရင်ဟိုက်
လွန်းတဲ့အင်္ကျီတွေကို တမင်သက်သက်ရွေးချယ်ဝတ်ဆင်ထားတဲ့ ကောင်မလေးတွေ၊ ပေါင်ရင်းအထိတိုနေတဲ့ စကတ်တွေကို မက်မက်မောမောဝတ်ထားတဲ့ကောင်မလေးတွေ တနေ့တခြား များလာတာကို ဖေဖေတွေ့နေရ တယ်။အဲဒီလို တွေ့ရမြင်ရတိုင်း ဖေဖေ တစ်စက်ကလေးမှ စိတ်မချမ်းသာဘူး။
ပြီးတော့ ဖေဖေ ကိုယ်တိုင်လည်းစဉ်းစားတယ်။သူတို့ကိုလည်းမေးခွန်းတစ်ခု မေးချင်တယ်။
``ဘာပြုလို့ အဲဒီလောက်ဖော်ပြီး ၀တ်နေကြရတာလဲ´´
ဖေဖေ ဥာဏ်မှီသမျှစဉ်းစားကြည့်မယ်။သမီးတို့လည်း ကူပြီးစဉ်းစားကြည့်ပေါ့။
အ၀တ်အစားတစ်ခုဝတ်ကြပြီဆိုပါစို့။ အဲဒီအ၀တ်က ဘယ်လောက်လုံခြုံပြီး ဘယ်လောက်ပေါ်နေသလဲ ဆိုတာ ကာယကံရှင်မိန်းကလေးကိုယ်တိုင်သိတယ်။ မသိဘူးလို့ပြောရင် ဒါလိမ်တာပဲ။ ဟုတ်ပြီ။ ကိုယ်ဝတ်တဲ့ အ၀တ်က ကိုယ့်ရဲ့မမြင်အပ်တဲ့အရာတွေကို ပေါ်နေမှန်းသိပါလျက်နဲ့ ဆက်ပြီးဝတ်နေတယ်ဆိုရင်တော့ အဲဒီ မိန်းကလေးမှာ အကြောင်းနှစ်ချက်ရှိရမယ်။
ပထမအချက်က ကိုယ်ကိုယ်တိုင်အရှက်မရှိတာ။ဒုတိယအချက်က သူတစ်ပါးကို တမင်သက်သက် ပြချင်တာ။ နှစ်ခုစလုံးရဲ့အနှစ်ချုပ်ကတော့ `အရှက်မဲ့လို့ပဲ ´ ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရှိတယ်။
ဆက်ပြောရရင် အဲဒီလို အရှက်မဲ့တဲ့အလုပ်ကို ဘာကြောင့်လုပ်ရသလဲ။သေချာပါတယ်။လူတွေ စိတ်ဝင် စားအောင်လို့ပေါ့။လူတွေစိတ်ဝင်စားတာကိုခံချင်လို့ပေါ့။
မိန်းကလေးတစ်ယောက်က လူတွေစိတ်ဝင်စားအောင် အဲဒီလိုလုပ်ပြတယ်ဆိုတော့ အဲဒီလုပ်ဆောင် ချက်ကို ရိုးသားပါတယ်လို့ပြောနိုင်ပါ့မလား။မပြောပါနဲ့၊ လုံးဝမရိုးသားပါဘူး။
တကယ်တော့ မိန်းကလေးတစ်ယောက်အနေနဲ့ လူတွေစိတ်ဝင်စားအောင်ဘာမှလုပ်ပြနေစရာမလိုဘူး။
ကိုယ့်မှာ ကိုယ်ပိုင်အရည်အချင်းရှိတယ်၊ သွက်လက်တယ်၊ထက်မြက်တယ်၊ ရိုးသားတယ်၊ အိနြေ္ဒရှိတယ်၊ လူကို လူလိုမြင်တဲ့စိတ်ရှိတယ်ဆိုရင် လူတွေက အလိုလိုစိတ်ဝင်စားပြီးသားပါ။
မရိုးမသားနဲ့ပြတတ်တဲ့မိန်းကလေးကိုတော့ လူတွေက ကြည့်ကောင်းလို့ကြည့်ကြမှာပဲသမီး။ ရိုးရိုးသား သားပြောရရင် ဖေဖေလည်းကြည့်မိမှာပဲသမီးတို့။ဒါပေမယ့် အဲဒီအကြည့်တွေက ပူလောင်တဲ့အကြည့်၊ညစ်ညမ်း တဲ့အကြည့်၊ လိုချင်တတ်မက်တဲ့အကြည့်တွေပဲ ဖြစ်နေလိမ့်မယ်။
အားမနာတမ်းပြောရရင် အဲဒီလိုမိန်းကလေးမျိုးကို ကြည့်ကောင်းကောင်းနဲ့ကြည်နေရုံကလွဲလို့ ဘယ် ယောက်ျားမှ အထင်မကြီးဘူး။ ကိုယ်အထင်မကြီးတဲ့ မိန်ကလေးတစ်ယောက်ကိုလည်း ဘယ်ယောက်ျားလေး ကမှ ဘ၀လက်တွဲဖော်အဖြစ် သတ်မှတ်မှာမဟုတ်ဘူး။
အဲဒါကိုတော့ မြဲမြဲမှတ်ထားကြပါသမီးတို့။
ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးသုမောင်က မန္တလေး အက်ဖ်အမ်မှာ ပြောသွားခဲ့တဲ့စကားလေးတစ်ခွန်း ဖေဖေပြောပြမယ်သမီး။
``တကယ်တော့ အရှေ့ကလူတွေက အနောက်ကို အထင်ကြီးကြတယ်။အနောက်ကလူတွေကလည်း အရှေ့ကို အထင်ကြီးကြတယ်။အဲဒါကြောင့် ကမ္ဘာကျော်ဖို့ဆိုရင် သူများကိုလိုက်တုပြီး ဘာမှကြီးကြီးကျယ်ကျယ် တွေလုပ်နေစရာမလိုဘူး၊ ကိုယ့်ရဲ့ဓလေ့စရိုက်တွေကိုသာ ပီပီပြင်ပြင်ဖော်ထုတ်ထိမ်းသိမ်းကြ၊ အဲဒါဆိုရင်အလို လို ကမ္ဘာကျော်သွားလိမ့်မယ်´´တဲ့။
၏၊ သည် မလွဲမဟုတ်ပေမယ့် ဆရာသုမောင်က အဲဒီလိုအဓိပ္ပါယ်ပါတဲ့ စကားမျိုးကိုပြောသွားခဲ့တာ။
အဲဒီတော့ သမီးတို့ရယ် . . . . . ၊
ကို်ယ့်ပိုက်ဆံနဲ့ကိုယ် အကုန်အကျခံပြီးဝယ်ဝတ်ထားတဲ့ ၀တ်စုံတစ်ခုအတွက်နဲ့တော့ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံ မဖြစ်ပါစေနဲ့။ သူတပါး အထင်သေးခံရတဲ့ ဘ၀ကိုမရောက်ပါစေနဲ့။အရှက်မဲ့သူတစ်ယောက် အဖြစ် မခံပါနဲ့။တခြားယောက်ျားတွေကိုလည်း ပူလောင်မှုတွေ မပေးပါနဲ့။မိဘမောင်ဘွားတွေကိုလည်း အရှက်မရပါစေ နဲ့။ကိုယ်ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်မဖြစ်ပါစေနဲ့။ကိုယ်နိုင်ငံ ကိုယ့်လူမျိုးကိုလည်း အထင်အမြင် မသေးပါစေနဲ့။
ကိုယ်ဝတ်တဲ့ဝတ်စုံတစ်ခုက ကိုယ့်အရှက်ကို လုံခြုံပါစေ။ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါစေ။ အမြင်တင့်တယ်အောင် လှပနိုင်ပါစေ။
မိန်းမကောင်းတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထပ်ဆင့်အရောင်တင်ပေးနိုင်တဲ့ ခေတ်မှီမှီအ၀တ်အစား တွေကို အကောင်းဆုံးရွေးချယ်ဝတ်ဆင်နိုင်ကြပါစေလို့ ဖေဖေ ဆန္ဒပြုလိုက်ပါတယ်ကွယ်။

Credit to မောင်အေးကို (ပေါင်းတလည်)

No comments: