Friday, August 3, 2012

ကုသိုလ် အကုသိုလ် ?

ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာသွားပြီဆိုတာ ဆိုဒ်ကို မှန်မှန်ဝင်ဖတ်တဲ့ မိတ်ဆွေတွေ သတိထားမိကြမှာပါ။ အကြောင်းပြချက်တွေကတော့ အများကြီးပေါ့ဗျာ။ ထုံးစံအတိုင်း “ကျန်းမာရေး သိပ်မကောင်းလို့” ၊ “စားဝတ်နေရေးအတွက် လုံးပန်းနေရလို့” ၊ “အင်တာနက်ကွန်နက်ရှင်တွေ မကောင်းလို့” စသည်ဖြင့်ပေါ့ဗျာ။ ဆင်ခြေဆင်လက်တွေ ပေးမယ်ဆိုရင် ပေးလို့ရပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဆင်ခြေတွေပါ။

အမှန်ကတော့ အချက်(၂)ခုကြောင့်ပါ။ နံပါတ်(၁) အချက်က စာရေးရတာ“ပျင်း” နေလို့ပါ။ စာရေးရတာ နဲနဲ ပျင်း သွားပြီ။ ဘလော့ဂ် စ, လုပ်ခါစကတော့ တက်တက်ကြွကြွပေါ့ဗျာ။ ဆောင်းပါး တစ်ပုဒ် တင်ပြီး နောက်ထပ် ဘာအကြောင်း ရေးရမလဲ စဉ်းစားလိုက် ၊ ခေါင်းစဉ်လေးရလာရင် စိတ်ကူးထဲမှာ စာစီလိုက် ၊ ချရေးလိုက် ၊ အချောသတ်ပြီး ပို့စ်တင်လိုက် နဲ့ ပေါ့ဗျာ။ ဖတ်တဲ့ လူတွေကလည်း သိပ်ကောင်းတယ် ၊ သိပ်ကြိုက်တယ် ဆိုပြီး မြှောက်ပေးဆိုတော့ တစ်လကို အနည်းဆုံး ပို့စ် (၄) ခု (၅) ခုကတော့ အသာလေးပေါ့ဗျာ။ နောက်တော့ လူ့သဘာဝအတိုင်း အပျင်းက နဲနဲဖက်လာတယ်။ ငြီးငွေ့စပြုလာတယ်။ ဒါကြောင့် စာရေးကြဲလာတယ်။

နံပါတ်(၂) အချက်ကတော့ ကျွန်တော့ရဲ့ ဘလော့ဂ်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ လူတစ်ချို့ ကြောင့်လဲ စာသိပ်မရေးဖြစ်တော့တာပါ။ ကျွန်တော် ဒီလို ဘလော့ဂ်တွေကို စိတ်ပါလက်ပါ ရေးနေတဲ့ အချိန် လူအများစုက အားပေးအားမြှောက် လုပ်ပေးနေတဲ့ အချိန် ၊ ကိုယ့်နာမည်လေးလည်း ကြီးသင့်သလောက် ကြီးလာတဲ့ အချိန်မှာ ကျွန်တော့်ကို စိတ်ဒုက္ခ မရောက် ရောက်အောင် နည်းမျိုးစုံ နဲ့ ဒုက္ခပေး နေတဲ့ လူတွေလည်း ပေါ်လာတယ်။ နာမည်တွေ အမျိုးမျိုးမို့ (လူတွေလို့သာ ပြောရတာပါ ၊ အမှန်က (၂)ယောက်ထဲပါ ၊ နာမည် အတုတွေကတော့ အများကြီးပေါ့ဗျာ။ ဘယ်သူတွေဆိုတာ နာမည်ရင်းတွေနဲ့ တိတိကျကျ သိပါတယ်) ။ ဘယ်ရမလဲဗျာ။ ဗေဒင် နဲ့ ဂမ္ဘီရပညာကို လိုက်စားလာခဲ့တဲ့ နှစ်ပေါင်းက (၃၅)နှစ်တောင်မှ ရှိပြီဘဲ ။ ဘယ်သူက ကိုယ့်မိတ်ဆွေ ၊ ဘယ်သူက ကိုယ့်ရန်သူ ဆိုတာ မသိဘဲ နေမလား။

ဗေဒင်ပညာဆိုတာ ဖုန်းကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်တဲ့ ပညာမဟုတ်လားဗျာ။ တစ်သက်လုံး ဒါကိုဘဲ လိုက်စားလာတာ ဒီလောက်တော့ အပျော့ပေါ့။ နာမည်ဝှက်နဲ့ ဒုက္ခပေးတဲ့သူတွေ ဘယ်သူတွေဆိုတာ ဖော်ထုတ်ဖို့အတွက် နာမည်ဖေါ်တဲ့ (ဂမ္ဘီရပညာ) နည်းတွေ တတ်ထားပါတယ် ( “ရှိုး” တာ မဟုတ်ဘူးနော် ၊ တကယ်တတ်တာ)။ အဲဒီ လူမျိုးတွေကြောင့်လည်း စာရေးချင်စိတ် ကုန်လာတယ်။ မတတ်နိုင်ဘူးလေ။ ကိုယ့်ကံ ပေါ့။ “ပြုသူအသစ် ၊ ဖြစ်သူအဟောင်း” ဆိုတာလို ကိုယ်ကတော့ အတိတ်က သူများကို စိတ်ဒုက္ခပေးဘူးလို့ ခံနေရတာ ၊ သူတို့ကတော့ နောင်အနာဂါတ်မှာ စိတ်ဒုက္ခတွေ့ရအောင် ကိုယ့်ကံကြမ္မာ အသစ်ကို ဖန်တီးနေကြတာပေါ့ဗျာ။

ကိုယ် ၀ဋ်ရှိလို့ ကိုယ်ခံရတာ ပြန်ပြီး ဒုက္ခပေးဖို့ စိတ်မကူးပါဘူး။ ဒုက္ခပေးချင်ရင် လွယ်လွယ်လေးပါ။ ဆရာကြီး ဦးကြာမြင့် ပြောသလို “သစ်ရွက် (၂)ရွက် နဲ့ လူသတ်လို့ ရတယ်ကွ” ဆိုသလိုဘဲ။ “ဓာတ်ပညာ” နဲ့ လူတစ်ယောက်ကို ကောင်းကောင်း ဒုက္ခရောက်အောင် လုပ်လို့ရပါတယ်။ အောက်လမ်းပညာမဟုတ်ဘူး ။ စုန်းပညာမဟုတ်ဘူး။ “ဓာတ်ပညာ” ပါ ။ သစ်ရွက်နှစ်ရွက် (တိတိကျကျ ပြောရရင် သစ်ရွက်နှစ်မျိုး ဘဲ လိုပါတယ်)။ ဒီပညာကို မထင်မှတ်ဘဲ ကျွန်တော်ဘ၀တစ်ကွေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အညတြ ဆရာတစ်ယောက်ကနေ သင်ပေးလို့ တတ်မြောက်ဘူးပါတယ်။ သူ့နာမည်ကို ဘယ်တော့မှ မထုတ်ဖော်ပါနဲ့လို့ မှာကြားဘူးလို့ ကျွန်တော့် သင်ဆရာတွေထဲမှာ ထည့်ပေးမထားပါ။

ဒါပေမယ့် ဗုဒ္ဓရဲ့ တရားတော်တွေကို နက်နက်ရှိုင်းရှိုင်း လေ့လာဆည်းပူးထားပြီး ဘ၀သံသရာကြီးကို ငြီးငွေ့နေတဲ့ လူတစ်ယောက်အတွက် သံသရာ ရှည်မယ့် အလုပ်တွေ ဘယ်တော့မှ မလုပ်ပါဘူးဗျာ။ ကိုယ့်ဝဋ်ကြွေးကို ကုန်သွားအောင် အပြီးဆပ်လိုက်ပါတော့မယ်။ ကျွန်တော့်ကို တိုက်ခိုက်နေသူတွေ စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ပါတယ်။ စိတ်ကျေနပ်သည် အထိတိုက်ကြပါ။ ကျွန်တော် ခံနိုင်သလောက် ခံပါ့မယ်။ မခံနိုင်တဲ့ အဆုံး ဒီဝက်ဆိုဒ်တွေ ၊ ဖေ့စ်ဘုတ်တွေ ပိတ်ပစ်လိုက်ရုံဘဲ ရှိတာပေါ့။

ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက်မယ်။ “ကိုယ်ပြုသည့်ကံ ပဲ့တင်သံ” တဲ့။ ကိုယ့်အလှည့်ကျရင်တော့ မနွဲ့ကြနဲ့ပေါ့ဗျာ။ ဗုဒ္ဓဘာသာမှာ ထူးဆန်းတဲ့ ကမ္မနိယာမ ရှိတယ်။ ကုသိုလ်ဘဲဖြစ်ဖြစ် ၊ အကုသိုလ်ဘဲဖြစ်ဖြစ် ကိုယ်က လုပ်လိုက်တာက တစ်ခါ နှစ်ခါ ဘဲ ။ ဒါပေမယ့် ပြန်ခံရရင် အကြိမ်ပေါင်း များစွာ ၊ ဘ၀ပေါင်း များစွာ ပြန်ခံရပါတယ်။ စံစားစရာ ရှိရင်လည်း ဒီလိုဘဲ အကြိမ်ပေါင်း ဘ၀ပေါင်း များစွာ စံစားရပါတယ်။

နောက်တစ်ခု ကျွန်တော် ယုံကြည်တာ တစ်ခုရှိတယ်။ ယုံကြည်တာ ဆိုတာထက် လက်တွေ့ တွေ့မြင်နေရတာ တစ်ခု ရှိတယ်။ အဲဒါက “၀ဋ် ဆိုတာ နောင်ဘ၀ မကူးဘူး” ဆိုတဲ့ စကားပါဘဲ။

ဒီစကား တကယ် မှန်ပါတယ်။ ကိုယ့် မျက်စေ့အောက်မှာတင် လူတစ်ချို့ဟာ (သူတို့ အကုသိုလ်ကံ အကျိုးပေးချိန် မရောက်ခင်မှာတော့ ) လက်မထောင် ၊ အာဏာပြ ၊ သူတစ်ပါးကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင်လုပ် ၊ မတရားသဖြင့် စီးပွားရှာနဲ့ - ဟော သိပ်မကြာပါဘူးဗျာ။ တစ်ယောက်ပြီး တစ်ယောက် သေသူသေ ၊ ရောဂါ ရသူရ ၊ ရာထူးကျသူကျ ၊ စီးပွားပျက်သူပျက် ၊ အိမ်ထောင်ကွဲသူကွဲ ၊ မိသားစု သေကွဲ ရှင်ကွဲ နဲ့ ဖရိုဖရဲဖြစ်သူဖြစ် ၊ လူတွေရဲ့ အစွန့်အပယ်ခံဘ၀ ရောက်သူ ရောက်နဲ့ ၊ ဖြစ်လိုက်ကြတာ ဖြစ်လိုက်ကြတာ - ကိုယ့်အသက် (၅၀) ဆိုတဲ့ ကာလအပိုင်းအခြားအတွင်းမှာ မျက်မြင်ကိုယ်တွေ့ဘဲ ဗျို့ ။ နောင်ဘ၀တောင် မကူးလိုက်ဘူး။ ဘယ်သူတွေဆိုတာတော့ မပြောတော့ပါဘူး။ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဘဲ ပြောကြပါစို့။

ကျွန်တော်ဆီမှာ ဗေဒင်လာမေးဘူးတဲ့ လူတစ်ယောက်ဆိုရင် ၁၉၉၅ ခုနှစ်လောက်မှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ (၁၀)သန်းလောက်တောင် ရှိပါတယ်။ မတရားတဲ့ နည်းလမ်းမျိုးစုံနဲ့ စီးပွားရှာခဲ့သူပေါ့ဗျာ။ နောက်တော့ သူ ထောင်ကျသွားတယ်။ ထောင်ကလွတ်လာတော့ မိန်းမဆုံးတယ်။ သားတစ်ယောက်က ဆေးစွဲပြီး ရူးသွားတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ စီးပွားဆက်လုပ်တာ အကြီးအကျယ် လူလိမ်ခံလိုက်ရတယ်။ အဲဒီအချိန်လောက်မှာ ကျွန်တော်နဲ့ တွေ့ခဲ့ရတာဘဲ။ နောက်ဆုံး ဒေါ်လာ (၁၀)သန်း ချမ်းသာကြွယ်ဝခဲ့တဲ့သူဟာ အိမ်က အဲယားကွန်း ၊ ပန်ကာ စတဲ့ ပစ္စည်းတွေကို ဖြုတ်ရောင်းစားရတဲ့ ဘ၀ကို ရောက်သွားတယ်။ ကျွန်တော့် မျက်စေ့အောက်တွင်နော် ။ သံဝေဂ ရစရာ အလွန်ကောင်းပါတယ်။

လူတွေဟာ အကုသိုလ်ကို မကြောက်မရွံ့လုပ်နေကြတာဟာ အကုသိုလ်ရဲ့ အကျိုးပေးကို ကောင်းကောင်းနားမလည် လို့ ဖြစ်မယ်လို့ ကျွန်တော် ယူဆတယ်။ တကယ်နားလည်ရင် တကယ်ကြောက်ဖို့ကောင်းပါတယ်။ တစ်ချို့ကျတော့လည်း သူများသာ ဖြစ်တာ ငါမဖြစ်ဘူးလို့ အတ္တကြီးကြီးနဲ့ အကောင်းမြင်နေကြတာလဲ ဖြစ်မယ်။ အကုသိုလ်က ဘယ်သူ့ကိုမှ ချမ်းသာမပေးပါဘူး။ မြတ်စွာဘုရားကိုတောင်မှ ချမ်းသာမပေးဘဲ ၀ဋ်ကြွေးကို ဆပ်ရသေးတာ ကျန်တဲ့ သူတွေက ဘယ်လိုလူစားမျိုးမို့ “မကောင်းတာ လုပ်ပြီး အကုသိုလ်ကို မခံရမှာလဲ” ၊ ဖြေကြည့်စမ်းပါ။

အခုထိ မဖြစ်သေးရင် အချိန်မကျသေးလို့ဘဲ မှတ် ။ ကံမ္မနိယာမဟာ ရှုတ်ထွေးနက်နဲတာကြောင့် လူနှစ်ယောက်ဟာ အကုသိုလ်တစ်ခုကို အတူတူလုပ်ပေမယ့် အကျိုးပေးချိန်ခြင်း မတူတတ်ကြပါဘူး။ ဒါဟာ ဟိုးအတိတ်က လုပ်ထားခဲ့တဲ့ ကုသိုလ်တွေရဲ့ အရှိန်အ၀ါတွေ ကြောင့် အချိန်ကာလခြင်း ကွာခြားမှု ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ မေးလာဖို့ ရှိတာက “ကုသိုလ် ၊ အကုသိုလ်” ဆိုတာ ဘာလဲ။ လူတွေ သိသလိုလို နဲ့ ယောင်ဝါးဝါး ဖြစ်နေတဲ့ ကိစ္စနော်။ သီလစောင့်မှ ကုသိုလ်လား ၊ ဒါနပြုမှ ကုသိုလ်လား ၊ ဘာဝနာပွားမှ ကုသိုလ်လား ၊ ဘုရားမှန်မှန် ရှိခိုးမှ ကုသိုလ်လား ၊ ဘုရားကျောင်းမှန်မှန်တတ်မှ ကုသိုလ်လား ၊ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ အပြစ်ကို ၀န်ခံလိုက်တာနဲ့ ကုသိုလ်လား ၊ ဘုရားကို အစွမ်းကုန် ယုံကြည်ချက် ထားလိုက် ကြေက်ရွံ့ရိုသေလိုက်တာနဲ့ ကုသိုလ် ဖြစ်သလား ၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာ ကြီးပွားတိုးတက်ဖို့ဆိုပြီး အပြစ်မဲ့တဲ့ လူသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာကို ကုသိုလ်လို့ ခေါ်မလား ၊ ကျွန်တော်တို့ အသိဉာဏ်ကြီးကြီးနဲ့ စဉ်းစားဖို့ သင့်ပြီ။

ဘာသာတရားတိုင်းမှာ “ယုံကြည်မှု” ဆိုတာ လိုအပ်ပေမယ့် လွန်ကဲတဲ့ ယုံကြည်မှုဟာ အသိဉာဏ်(ဝေဖန်ပိုင်းခြားနိုင်မှု) ကို လုံးဝ ပိတ်ပင်တားဆီးထားတတ်တယ်။ တစ်ခါတစ်လေမှာ ယုံကြည်မှု ဆိုတာကို ဘေးခဏ ချထားပြီး ဖြစ်နိုင်မဖြစ်နိုင်ကို အသိဉာဏ်မြင့်မြင့် နဲ့ စဉ်းစားကြည့်ရင် တစ်ချို့ ကိစ္စတွေဟာ မဖြစ်နိုင်ဘူးဆိုတာ တွေ့လာရလိမ့်မယ်။

ကျွန်တော်ယုံကြည်တဲ့ လူမျိုးမရွေး ၊ ဘာသာမရွေး လူသား အားလုံးနဲ့ သက်ဆိုင်နေတဲ့ “ကုသိုလ် ၊ အကုသိုလ်” ဆိုတာကတော့ “ခင်ဗျားကြောင့် လူတစ်ယောက် (သို့) လူအများ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရင် ခင်ဗျားဟာ အကုသိုလ် ဖြစ်ပြီ” ။ ဒီလိုဘဲ “ခင်ဗျားကြောင့် လူတစ်ယောက် (သို့) လူအများ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေရင် ခင်ဗျားဟာ ကုသိုလ်တရားဖြစ်ပြီ” ။ အဲဒီ တစ်ကြိမ်တစ်ခါ ပြုလုပ်မိတဲ့ “ကုသိုလ် ၊ အကုသိုလ်” ဟာ ယခုဘ၀မှာဘဲ ပုံစံတူ (သို့) ပုံစံကွဲနဲ့ မုချ အကျိုးပေးမှာ ဖြစ်ပါတယ်။

တစ်ချို့က ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ် အကျိုးပေးနေတာကို အကျိုးပေးမှန်းမသိဘူး။ စီးပွားတွေက တစ်ရှိန်ရှိန်တက်နေ တုန်း ၊ တန်ခိုးသြဇာက ကြီးထွားနေတုန်းဆိုတော့ အကုသိုလ်က တခြားနည်းနဲ့ လှည့်ဝင်နေတာ သူမသိဘူး။ သူက စီးပွားကို ကျုံးရှာနေချိန်မှာ မိန်းမက လင်ငယ်နေ နေတာ သူမသိဘူး။ သားတွေ ဆေးစွဲနေတာ သူမသိဘူး။ သမီးတွေ ပျက်စီးနေတာ သူမသိဘူး။ သူ သိပ်နေမကောင်းလို့ ဆေးသွားစစ်တာ ဆီးချို အပြင်းစား ဖြစ်နေတယ် ဆိုတာကို အကုသိုလ်အကျိုးပေးတာလို့ သူမသိဘူး။ ဒီ ဆီးချိုရောဂါကြောင့် ဟိုဟာစားမရ ၊ ဒီဟာ စားမရ နဲ့ ချမ်းသာပါရက်နဲ့ “လူပြိတ္တာ” ဖြစ်နေရတာ အကုသိုလ်ပါလားလို့ သူမသိဘူး။ နောက်ဆုံး သူ့စီးပွားတွေ ပျက် ၊ ရာထူးတွေ ကျ ဘ၀မျိုးရောက်တာတောင်မှ ကိုယ့်ပြုခဲ့တဲ့ အကုသိုလ်ကံအကျိုးပေးချိန် ရောက်ပြီဆိုတာ သူမသိသေးဘူး။ ဒီနှစ် ကံဇာတာ မကောင်းလို့ပါ။ နောက်နှစ်ပြန်ကောင်းမှာပါဆိုတဲ့ မျှော်လင့်ချက်က ထားတုန်း။

ဒါကတော့ “ကုသိုလ် နဲ့ အကုသိုလ်” အပေါ် ကျွန်တော့်ရဲ့ ခံယူချက်ဘဲဗျ။ ရှင်းရှင်းလေးပါ။ သူများ စိတ်ဆင်းရဲအောင် လုပ်ရင် အကုသိုလ် ၊ သူများ စိတ်ချမ်းသာအောင်လုပ်ရင် ကုသိုလ်” ဒါဘဲဗျ။ စိတ်ဆင်းရဲပြီဆိုကတည်းက ကိုယ်လည်း ဆင်းရဲပြီ ပေါ့ဗျာ။

ပြီးခဲ့တဲ့ လ,က အနှစ် (၃၀)ကျော် ကွဲကွာနေတဲ့ “ကိုမိုးဆန်း” ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တယ်။ ဒါနဲ့ သူငယ်ချင်းတွေ (၁၀)ယောက် လောက် လိုက်စုပြီး (၈)မိုင် “ရွှေဘဲ” မှာ စားကြသောက်ကြတယ်။ အဲဒီ သူငယ်ချင်းက သူလည်း ဗေဒင်ပညာကို အတော်အသင့် တတ်မြောက်တယ်။ အဲဒီဝိုင်းမှာ ကျွန်တော်က ဘီယာတွေ တစ်ခွက်ပြီးတစ်ခွက်သောက်နေတော့ သူက အံ့သြနေတယ်။ သူက မသောက်တတ်ဘူးလေ။ မသောက်တတ်ဘူးဆိုတာထက် ဘုရားမကြိုက်လို့ တမင်ရှောင်ထားတာ။ သူက ကျွန်တော့်ကို မေးတယ်။ ဘာ “စရဏ” အလုပ်ကို လုပ်လဲတဲ့။ ကျွန်တော်က ဖြေလိုက်တယ်။ “ဘာမှ မလုပ်ဘူး” လို့။

တကယ်ဟုတ်ပါတယ်။ တစ်ချို့က ဗေဒင်ဆရာဆိုတော့ ဘုရားနဲ့ တရားနဲ့ ၊ စိတ်ပုတီးလေးနဲ့ ၊ ပိတ်ဖြူ (သို့) အညိုရောင် နဲ့ နေမယ်။ အဓိဌာန်ဝင်မယ်။ သာသနာပြုမယ်။ ဒီလိုထင်နေတယ်။ ကျွန်တော်ကတော့ ဘုရားလည်း မှန်မှန် မရှိခိုးဘူး။ ပုတီး မစိပ်ဘူး။ အဓိဌာန်ဆို တစ်ခါမှ မ၀င်ဘူးဘူး။ တစ်ခါတစ်လေ လူ့လောကကြီးကို ငြီးငွေ့လာရင် မိုးကုတ်ဆရာတော်ကြီး တရားကို နာတယ်။ တစ်ခါတစ်လေ စိတ်ရွှင်မြူးနေရင် ဘီယာသောက်တယ်။ ၀ိုင်သောက်တယ်။ အရက်ပြင်းကတော့ ခန္ဓာကိုယ်က လက်မခံလို့ သောက်လို့မရဘူး။

အိမ်မှာနေရင် ညအိပ် ဘောင်းဘီနဲ့ စွတ်ကျယ် နဲ့ဘဲ နေတယ်။ ကျွန်တော် တစ်ခါတစ်လေ ဘီယာသောက်လို့ ဘယ်သူမှ စိတ်မညစ်ရဘူး။ ဘီယာမူးလာရင် ကလေးတွေကို စ,တယ် ။ မိန်းမကို နောက်တယ်။ သူတို့ စိတ်ပျော်လာအောင် လုပ်တယ်။ စားစရာ အမြီးတွေ အများကြီးဝယ်ပြီး ကလေးတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စားကြတယ်။ ဘယ်သူ့ကိုမှ “မရစ်ဘူး” ကိုယ့်ကြောင့် စိတ်မညစ်စေရဘူး။

ကိုယ့်လုပ်ငန်းကို ဖြူဖြူစင်စင်ရိုးရိုးသားသားလုပ်တယ်။ မလိမ္ဘူး။ မေကာက္ဘူး။ လှည့်ဖျားပြီး ငွေမယူဘူး။ ပရိယာယ် ဆင်ပြီး ကန်တော့ချင်လာအောင် မလုပ်ဘူး။ နောက်ဆုံး ကျေးဇူးတင်လို့ ကန်တော့တာတောင်မှ အကြိမ်များလာရင် မယူတော့ဘူး။

(စင်္ကာပူမှာနေတဲ့ ဦးဝင်းမောင်ညို နဲ့ ဒေါ်သင်းသင်းညို တို့ မောင်နှမ ဆိုရင် ပိုက်ဆံတွေ လှမ်းလှမ်းပို့ပြီး ကန်တော့လွန်းလို့ ကျွန်တော် စိတ်ဆိုးတာကို ကိုယ်တွေ့ပါ ၊ စင်္ကာပူက ကျဉ်းကျဉ်းလေးပါ။ ဒီနာမည်မျိုးတွေ့ရင် ကျွန်တော့် အကြောင်းမေးကြည့်၊ ဟုတ်မဟုတ်ကို ၊ သို့မဟုတ် မြန်မာနိုင်ငံထဲက “ရွှေဥရာစုသစ်” ရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥ နဲ့ ခင်မင်ရင် မေးကြည့် ၊ ငွေနဲ့ ပတ်သက်ရင် ကျွန်တော် ဘယ်လိုလူစားလဲ ဆိုတာ။ တကယ်လို့ မရိုးသားတဲ့ ဗေဒင်ဆရာဆိုရင်တော့ သူတို့လို လူချမ်းသာမျိုးက ကိုးကွယ်ပြီဆိုရင် ရတနာသိုက်ပေါ့ဗျာ)

နောက်ပြီး ကိုယ်ရတဲ့ ၀င်ငွေကို ကုပ်ကပ် မစုဘဲ “အခမဲ့ ဆေးရုံတွေ” ကို အများဆုံး လှူတယ်။ နောက်ပြီး ဘိုးဘွားရိပ်သားတွေကိုလှူတယ်။ ရွှေပိန်းနေတဲ့ ဘုရားကို ရွှေချတာ ၊ သိက္ခာ အခါ (၂၀)လောက် ထပ်ပြီးသား ဘုန်းကြီး သိက္ခာထပ်တင်တဲ့ အလှူမျိုးတွေ ကျွန်တော် ၀ါသနာ မပါဘူး။ ပိုက်ဆံတစ်ပြားမှ မရှိလို့ ဆေးမကုနိုင်တဲ့ လူတန်းစားတွေရဲ့ နှလုံးသားကို အေးချမ်းပျော်ရွှင်သွား စေမယ့် အလှူမျိုးကို ကျွန်တော်ကြိုက်တယ်။ ဘ၀ရဲ့ နေ၀င်ချိန်ရောက်ခါမှ ကျွေးမွေးပြုစုသူ ကင်းမဲ့နေတဲ့ အဖိုးအဖွားတွေရဲ့ စိတ်အေးချမ်းမှုကို ပေးနိုင်မယ့် အလှူမျိုးကို ကြိုက်တယ်။ ဒီနေရာတွေကို လှူဖို့ လစဉ် သတ်သတ်ဖယ်ထားတဲ့ ရန်ပုံငွေ ရှိပြီး အခါအားလျှော်စွာ သွားရောက်လှူဒါန်းပါတယ်။

ဒါကြောင့် ခင်ဗျားအနေနဲ့ ခင်ဗျား ကိုးကွယ်တဲ့ ဘာသာတရားက ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာနေရုံနဲ့ ကုသိုလ် မဖြစ်ပါဘူး။ ဗုဒ္ဓဘာသာဆိုရင် (၅)ပါးသီလဟာ “ကိုယ်ခြင်းစာတရား” လောက် မမြတ်သေးပါဘူး။ (၅)ပါးသီလ မပျက်အောင် စောင့်ထိန်းနေတဲ့ လူတစ်ယောက်က လမ်းဘေးမှာ လူတစ်ယောက် ကားတိုက်ခံရပြီး သွေးအိုင်ထဲ လဲကျနေတာကို သွားမကူညီလို့ “သီလ” မပျက်ပါဘူး။ ဒါပေမယ့် “ကိုယ်ခြင်းစာတရား” ရှိသူကတော့ ဆေးရုံကို အမြန်ပို့ပေးမှာဖြစ်တယ်။ သူ့ရဲ့ ကိုယ်ခြင်းစာတရားက ဒါကို လျစ်လျူမရှုနိုင်ဘူး။

နောက်ဆုံး အဓိကကတော့ “မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ” ပြောသလို “စိတ်ကောင်း ရှိဖို့ ပထမ” ပါ။ ဘုရားကို မှန်မှန်ရှိခိုး ၊ ဘုရားကျောင်းမှန်မှန်တက် ၊ အလှူဒါနအကြီးအကျယ်တွေလုပ်နေပြီး တစ်ဖက်က ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ သူတစ်ပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖို့ ဖြစ်နေရင် “ကုသိုလ် တစ်ပဲ ၊ ငရဲ တစ်ပိသာ” ဖြစ်နေမှာပါဘဲ။ ယခု အင်တာနက် ဆက်သွယ်ရေးတွေ ပေါ်လာတော့ အကုသိုလ်တွေ ပိုပွားများလာတယ်။ အင်တာနက်ပေါ်မှာ တစ်နေ့တစ်နေ့ “သတင်း” ထက် စာရင် “အတင်း၊ အဖျင်း ၊ အပုပ်ချ ၊ မတရားစွပ်စွဲ ၊ သူများဒုက္ခရောက်တာကို Share လိုက်လုပ်ဖြန့်ဝေ” နဲ့ အကုသိုလ် တော်တော် များပါတယ်။

လူတစ်ယောက်ဟာ ဘ၀မှာ အဆင်မပြေတာ ၊ အခက်အခဲများတာ ၊ ဒုက္ခတွေ့တာတွေ (ပုံမှန်ထက်) များလွန်းနေရင် ၊ ဒုက္ခတွေ့တဲ့ နှစ်ကာလတွေကလည်း သိပ်ကြာလာရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မညှာမတာ ပြန်လည် စစ်ဆေးသင့်ပါတယ်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရပါမယ်။ (ရသေ့ကြီး ဦးဖျောက်ဆိပ်ပြောသလို ကိုယ့်ပေါင်ကိုကျရင် ခပ်ဖွဖွ တော့ မထောင်းကြနဲ့ပေါ့ဗျာ)။

ဒီလိုပါ။ ကျွန်တော် အတွေ့အကြုံအရ လူတစ်ယောက်ဟာ သူများကို စိတ်ဆင်းရဲစေတဲ့ အလုပ်ကို လုပ်လို့ဖြစ်စေ ၊ သူများကို မနာလို မရှုစိမ့်နိုင်တဲ့ စိတ် များလွန်းလာရင် ဖြစ်စေ ကိုယ့်ဘ၀ရဲ့ အောင်မြင်တိုးတက်မှုတွေ တဖြည်းဖြည်း ဆုတ်ယုတ် လာတတ်တယ်။ လူ့ဘ၀ဆိုတာ ဒုက္ခဘုံပါ။ သုခဘုံ မဟုတ်ပါဘူး။ လူတိုင်း ဒုက္ခဆိုတာ တစ်ချိန်ချိန်တော့ အနည်းနဲ့ အများ ဆိုသလို တွေ့ကြမှာပါဘဲ။ ဒါပေမယ့် ဒုက္ခတွေ့တာ ပုံမှန်လောက်မဟုတ်ဘဲ မကြာခဏ ဖြစ်လာရင် ၊ နှစ်တွေ သိပ်ကြာလာပြီ ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်နေ စိတ်ထားကို ပြန်စစ်ဆေးသင့်ပါပြီ။

ကျွန်တော်ကတော့ လွန်ခဲ့တဲ့ (၁၄)နှစ်က ဒီလို တက်လိုက် ကျလိုက် ၊ အောင်မြင်လိုက် ဆုံးရှုံးလိုက်နဲ့ ဖြစ်နေရတာဟာ အသက်မွေးမှု နဲ့ စိတ်ထား မစင်ကြယ်လို့ဘဲလို့ ကိုယ့်ကိုယ်ကို သုံးသပ်ပြီး ထမင်းစားရရင် တော်ပြီဆိုပြီး ကိုယ့်စိတ်ကိုယ် ပြင်နိုင်ခဲ့လို့ ယနေ့အချိန်အထိ (၁၄) နှစ်ရှိပါပြီ။ ငွေကြေး ဒုက္ခ အဆင်မပြေမှု နှင့် သောက ဆိုတာ လုံးဝ မရှိတော့ပါ။ ငွေကြေးအတွက် ဘယ်တော့မှ မပူပင်ခဲ့ရတော့ပါ။ ညံ့စရာ ရှိတဲ့နှစ်ဆိုလျှင် ကျန်းမာရေးသာ ဒုက္ခပေးသည်။ စီးပွားရေး လုံးဝ မထိခိုက်ပါ။ အမှန်အတိုင်းပြောရလျှင် ကျန်းမာရေးပင် ဒီလောက် အသက်ရှည်ခြင်းသည် (မိမိယုံကြည်သော) ကုသိုလ်တရားကြောင့်သာဖြစ်သည်။ မိမိမှာ အသက်ရှည်ရမည့်ကံ (ဇာတာအရ) မရှိပါ။ ဒီလောက် အသက်ရှည်နေခြင်း သည် ယခုဘ၀၏ ကုသိုလ်ကံ ဆက်နေခြင်းကြောင့်သာ ဖြစ်သည်။ ဇာတာအရဆိုလျှင် အသက် (၄၂) နှစ်ကပင် သက်တမ်း ပြတ်ခဲ့ပြီ။

ဒီနေ့ဟာ ၀ါဆိုလပြည့် ဓမ္မစင်္ကြာတရားဦးဟောတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဒီနေ့မှာ ကုသိုလ်တရား ပွားများနိုင်အောင် (မိမိ စာမရေးဖြစ်တဲ့ အကြောင်းလေးကို အခြေခံပြီး) “ကုသိုလ် ၊ အကုသိုလ်” အကြောင်းကို ကျွန်တော် ယုံကြည်ရာကို မျှဝေရေးသားခြင်းမျှသာဖြစ်ပါတယ်။ (လူတတ်ကြီးလုပ်ပြီး ရေးခြင်းတော့ မဟုတ်ပါ ၊ ကျွန်တော့်ရဲ့ စာရေးတဲ့ “ဟန်” က နဲနဲတော့ ဆတ်တောက်တောက်နိုင်ပါတယ်) လက်ခံနိုင်လျှင် ယူပါ။ လက်မခံနိုင် မယူကြပါနှင့်။ သင်လက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ကမ္မနိယာမ ယန္တယားကြီးကတော့ သူ့ဟာနဲ့သူ ဆက်လက် မောင်းနှင်ပြီး သူ့တရားသူ စီရင်သွားမည်သာ ဖြစ်ပါကြောင်း။
လူအများ၏ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သူ ဖြစ်ပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ ဗေဒသုခုမ)

No comments: